ပုသိမ်မြို့ ရွှေသောင်ယံကမ်းခြေအနီး ပင်လယ်ပြင်မှာ ရိုဟင်ဂျာ ၄၆ ဦး ဖမ်းဆီးခံရ

2022.07.26
ပုသိမ်မြို့ ရွှေသောင်ယံကမ်းခြေအနီး ပင်လယ်ပြင်မှာ ရိုဟင်ဂျာ ၄၆ ဦး ဖမ်းဆီးခံရ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံကမ်းခြေအနီး စက်လှေပေါ်မှာ ရိုဟင်ဂျာတွေကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့က တွေ့ရစဥ်
Photo: Citizen Journalist

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊ ရွှေသောင်ယံကမ်းခြေအနီးမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ က ရိုဟင်ဂျာ ၄၆ ဦးကို စစ်ကောင်စီရေတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြော ပါတယ်။

ဇူလိုင်လ ၂၃ ရက် ညပိုင်း ရွှေသောင်ယံကမ်းခြေအနီး ပင်လယ်ပြင်မှာ စက်လှေနဲ့လာတဲ့ ရိုဟင်ဂျာ ၄၆ ဦးကို ရေတပ်က ဖမ်းဆီးခဲ့ပြီး ရွှေသောင်ယံ ရဲစခန်းကို ပို့ဆောင်ခဲ့တာလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဖမ်းမိတဲ့အထဲမှာ ရိုဟင်ဂျာ အမျိုးသား ၂၂ ဦးနဲ့ အမျိုးသမီး ၂၄ ဦး ပါဝင်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ လက်ရှိ ရွှေသောင်ယံရဲစခန်းမှာ မရှိတော့ဘဲ စစ်ကားနဲ့ ခေါ်သွားတာ တွေ့ခဲ့ရတယ်လို့ RFA ကို ဒီကနေ့ပြောပါတယ်။

"ဟုတ်ပါတယ်။ စစ်ကားနဲ့ ခေါ်သွားပြီ။ အခု ရဲစခန်းမှာတော့ မဟုတ်တော့ဘူး"

ဘယ်နေရာကို ခေါ်ဆောင်သွားလဲဆိုတာတော့ အတိအကျ မသိရဘူးလို့လည်း ဒေသခံက ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေဟာ ဘယ်မြို့တွေကနေ ထွက်ပြေးလာသူတွေလဲ ဆိုတာတော့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇွန်လကလည်း ရခိုင်ပြည်နယ်က မြို့နယ်သုံးခုမှာ ရိုဟင်ဂျာ ၁၄ ဦးကို စစ်ကောင်စီ တပ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီပိုင် ရခိုင်နေ့စဉ်သတင်းမှာ ဖော်ပြထား ပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီလိုအထောက်အထားမဲ့ ဖမ်းဆီးရမိသူတွေဟာ ပွဲစားနဲ့တစ်ဆင့် မလေးရှားကိုသွားဖို့ လှေနဲ့ ထွက်လာသူတွေဖြစ်ပြီး သူတို့ကိုဖမ်းမိရင် နေရပ်ကို ပြန်ပို့လေ့ရှိတယ်လို့ RFA ကို ပြီးခဲ့တဲ့ မေလ ၂၃ ရက်က ဖြေဆိုခဲ့ပါတယ်။

သူတို့ဟာ မလေးရှားရောက်ရင် အနာဂတ်ပိုကောင်းသွားမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ပွဲစားတွေရဲ့ မက်လုံးပေးတဲ့ အလိမ်အညာတွေပေါ်မှာ လူတစ်ဦးကို ကျပ် သိန်း ၃၀ ကနေ သိန်း ၅၀ အထိ ပွဲစားခပေးပြီး ထပ်ခါထပ်ခါ အလိမ်ခံနေရတယ်လို့ ရိုဟင်ဂျာ လွတ်မြောက် ရေးညွန့်ပေါင်းအဖွဲ့ ပူးတွဲထူထောင်သူ ကိုနေဆန်းလွင်က RFA ကို ဖြေဆိုထားပါတယ်။

ရခိုင်ပြည်နယ်စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေနဲ့ ပြည်တွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်တွေကို အခြေခံပြီး RFA က ကောက်ယူထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ အခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံတစ်ဝန်း မွတ်စလင် ၆၀၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။