အာဏာသိမ်း ၂၃ လအတွင်း ကယားပြည်နယ်မှာ ဒေသခံ ၄၁၉ ဦး သေဆုံး
2023.01.03

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကယားပြည်နယ်မှာ ဒေသခံ ၄၁၉ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တာ၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက် ခံရမှုကြောင့် သေဆုံးခဲ့ရသူ ၂၉၃ ဦးရှိပြီး စစ်ဘေးရှောင်ရင်း ဆေးကုသဖို့ ဆေးဝါး မလုံလောက်တာ၊ စာနပ်ရိက္ခာပြတ်လပ်တာနဲ့ လက်နက်ကြီး ထိမှန်သေဆုံးတာ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရသူ ၁၂၆ ဦးပါဝင်တယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်း ၂၃ လတာအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မတော် (KNDF) နဲ့ မဟာမိတ်ပူးပေါင်း အဖွဲ့တွေကြား တိုက်ပွဲပေါင်း (၅၄၄) ကြိမ်ဖြစ်ခဲ့ပြီး လေကြောင်းကနေ တိုက်ခိုက်ခံရမှု (၁၈၄) ကြိမ်အထိရှိခဲ့တယ်လို့ PKPF ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တိုက်ပွဲတွေအတွင်း KA၊ KNDF နဲ့ PDF တွေဘက်က ၂၁၁ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီ တပ်ဘက်က ၁,၆၉၂ ဦး သေဆုံးခဲ့တယ်လို့လည်း PKPF က ဖော်ပြထားပါတယ်။
ဒီအချက်အလက်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။
ဒါ့အပြင် နှစ်ဖက်တိုက်ပွဲတွေအတွင်း ဘာသာရေးအဆောက်အအုံ ၂၇ လုံးနဲ့ နေအိမ် ၁,၃၀၉ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ လက်ရှိအချိန်အထိ တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံ နှစ်သိန်းဝန်းကျင်းဟာ ကျန်းမာရေးနဲ့ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကတော့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေးကိစ္စတွေကို ဆောင်ရွက်ပေး နေတယ်လို့ RFA ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် ဒီကနေ့မှာ ဖြေဆိုပါတယ်။
စစ်အာဏာသိမ်း ၂၃ လအတွင်း ကယားပြည်နယ်မှာ အဖမ်းခံထားရသူ စုစုပေါင်း ၂၈၀ ဦးရှိပြီး သေဒဏ်ချမှတ်ခံထားရသူ သုံးဦးနဲ့ ထောင်ဒဏ်တစ်သက် ချမှတ်ခံထားရသူ လေးဦး ရှိပါတယ်။