ကလေးမြို့မှာ လူငယ် ၄၀ ကျော် အဖမ်းခံရ

2022.07.29
ကလေးမြို့မှာ လူငယ် ၄၀ ကျော် အဖမ်းခံရ ကလေးမြို့ ဗိုလ်ချုပ်လမ်းမကြီးတွင် သွားလာနေသူများကို ၂၀၂၂ ခုနှစ် မတ်လ ၇ ရက်က တွေ့ရစဥ်
Photo: CJ

စစ်ကိုင်းတိုင်း ကလေးမြို့၊ ချမ်းမြေ့အောင်စည်နယ်မြေ (၁၂) ပင်လုံရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၀ အရွယ် ကိုချစ်မင်းခန့်နဲ့ မိခင်ဖြစ်သူတို့ ဇူလိုင်လ ၂၈ ရက် မနေ့မနက် ၁၀ နာရီလောက်မှာ ဖမ်းဆီးခံရပြီးနောက် သူနဲ့ဆက်စပ်တဲ့ မြို့ခံ လူငယ် ၄၀ ကျော် ထပ်မံ ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုချစ်မင်းခန့်နဲ့ မိခင်ဖြစ်သူတို့ဟာ နေအိမ်ကနေ ဖမ်းဆီးခံခဲ့ရပြီးနောက် သူ့ရဲ့ ထွက်ဆိုချက်ကြောင့် နောက်ထပ် လူငယ်တွေ ဖမ်းဆီးခံရတာလို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"မနေ့မနက်က ဖမ်းဆီးခဲ့တာဟုတ်တယ်။ အခုထိ ကျနော်သိတဲ့အရေအတွက်က အမျိုးသား၊ အမျိုးသမီး လူငယ်လေးဆယ်ကျော် ဖမ်းဆီးခံထားရတယ်။ စစ်ကောင်စီက ကလေးမြို့ပေါ်ထဲ ဝင်မွှေနေတာပေါ့။ ချစ်မင်းခန့်ကို ဆက်သွယ်ထားဖူးတဲ့ လူတွေ၊ စကားပြောထားဖူးတဲ့ လူတွေကို ပိုက်စိပ်တိုက် ရှာနေတာ"

ကိုချစ်မင်းခန့်နဲ့ သူ့မိခင်ဟာ တော်လှန်ရေးနဲ့ ဆက်နွှယ်ပြီး အဖမ်းခံရတာဖြစ်နိုင်ပေမယ့် သူဟာ တော်လှန်ရေးမှာ ထဲထဲဝင်ဝင် လုပ်ဆောင်နေသူ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

အခုဖမ်းဆီးခံထားရတဲ့ လူငယ်လေးဆယ်ကျော်ထဲမှာ အသက် ၂၀ ကျော်အရွယ်တွေ အများဆုံး ပါဝင်တယ်လို့လည်း သူက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

လက်ရှိမှာ အဲဒီလူငယ်တွေကို စစ်ကောင်စီက ကလေးမြို့ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) မှာ စစ်ဆေး မေးမြန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့နယ်ဟာ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး အဖွဲ့တွေအကြား တိုက်ခိုက်မှုတွေပြင်းထန်နေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။