ဖမ်းဆီးမှုတွေ ရပ်တန့်ရေး အမေရိကန်သမ္မတထံ စာရေးသားတိုက်တွန်း
2013.12.20

မြန်မာနိုင်ငံမှာ အစိုးရက လယ်သမားတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ တိုင်းရင်းသားတွေ ကို နိုင်ငံရေးအရ ဆက်လက်ဖမ်းဆီးနေတဲ့အပေါ် စိုးရိမ်ပူပန်ကြောင်း၊ ဖမ်းဆီးမှုတွေကို ရပ်တန့်ဖို့ လိုအပ်ကြောင်း တောင်းဆိုထားတဲ့ စာတစ်စောင်ကို လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်း ၄၀ က အမေရိကန်သမ္မတ အိုဘားမားထံ တိုက်တွန်း တဲ့ စာတစ်စောင် မနေ့က ရေးသားပေးပို့လိုက်ကြ ပါတယ်။
မြန်မာအစိုးရဟာ အခုနှစ် ဇွန်လကနေ သြဂုတ်လအထိ လယ်သမားအနည်းဆုံး ၁၄၉ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ဆက်လက်ပြီးလည်း နိုင်ငံတဝှမ်းမှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ လယ်သမားတွေ၊ တိုင်းရင်းသားတွေ ကို ဖမ်းဆီးနေကြောင်း၊ သူတို့အားလုံးကို ကတိပေး ထားတဲ့အတိုင်း အမြန်ဆုံးလွှတ်ပေးဖို့လိုကြောင်း အဲဒီစာထဲမှာ ဖော်ပြထားပါတယ်။
အဲဒိအဖွဲ့အစည်းတွေထဲမှာ US Campaign for Burma, Burma Campaign UK, Freedom House, Burma Campaign Australia, ကချင်အမျိုးသမီးများအဖွဲ့၊ မယ်တော်ဆေးခန်း၊ ကမ္ဘာတဝှမ်း ခရစ်ယာန် သွေးစည်း ညီညွတ်ရေးအဖွဲ့ CSW စတဲ့အဖွဲ့အစည်းတွေ ပါဝင်ပါတယ်။