ဘီးလင်းမြို့မှာ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ၃၆ ဦး ဖမ်းဆီးခံရ

2022.09.24
ဘီးလင်းမြို့မှာ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ၃၆ ဦး ဖမ်းဆီးခံရ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တစ်နေရာကို တွေ့ရစဉ်။
Photo: Ninjastrikers

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ရွှေသံလွင် စစ်ဆေးရေးဂိတ်မှာ စက်တင်ဘာလ ၂၂ရက် ည ၁၀ နာရီမှာ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ၃၆ ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီ မွန်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကြည်သိန်းက RFA ကိုပြောပါတယ်။

ကလေးငယ် လေးဦးအပါအဝင် အဲဒီရိုဟင်ဂျာ ၃၆ ဦးဟာ ရခိုင်ပြည်နယ်က ထွက်လာ သူတွေလို့ ယူဆရတယ်လို့ သူက ပြောပါတယ်။

"ဖမ်းမိထားတာ ဟုတ်ပါတယ်၊ အတည်ပြုပါတယ်။ အခုတော့ သက်ဆိုင်ရာမှာ ထိန်းသိမ်း ထားပါတယ်၊ ဖမ်းမိတဲ့သူတွေထဲမှာ အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၁၄ ဦးပါ၊ ကားနဲ့အတူပါလာတဲ့ လူတွေအကုန် ဖမ်းထားပါတယ်"

ဖမ်းမိထားတဲ့ ရိုဟင်ဂျာတွေကို ဘယ်လိုအရေးယူမလဲဆိုတာ မပြောနိုင်သေးဘူးလို့ ဦးအောင်ကြည်သိန်းက ပြောပါတယ်။

ရိုဟင်ဂျာ ၃၆ ဦးအပြင် ယာဉ်မောင်းလေးဦးကိုလည်း ဘီးလင်းမြို့မရဲစခန်းမှာ ဖမ်းဆီးထားပြီး သူတို့ကို လူဝင်မှု ကြီးကြပ်ရေးဌာနက စစ်ဆေးနေတယ်လို့ ဘီးလင်းမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အဲဒီကား နှစ်စီးက ကျိုက်ထိုကနေ ဘီးလင်းကို ထွက်လာတာ၊ KNU/KNLA (PC) အဖွဲ့က ရိုဟင်ဂျာတွေ သယ်ဆောင်လာတယ်လို့ သတင်းကြားနေပေမယ့် ဒါကတော့ အတည်မပြုနိုင်ပါဘူး"

ရိုဟင်ဂျာတွေကို ကရင်အမျိုးသား ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) က ခေါ်ဆောင်လာတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ တိတိကျကျသိရဖို့ KNU/KNUA-PC အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်မှူးကြီးစောကျော်ညွှန့်ကို ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စက်တင်ဘာလ ၁၉ ရက်ကလည်း ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ အသက် မပြည့်သေးတဲ့ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ၄၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။