ရေစကြိုတိုက်ပွဲမှာ စစ်ကောင်စီက အရာရှိတွေအပါအဝင် ၃၀ ကျော် သေဆုံးတယ်လို့ PDF တွေပြော
2022.12.05
မကွေးတိုင်း၊ ရေစကြို့မြို့ အမှတ်(၁) ထင်းတန်းရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေ တပ်ဆွဲထားတဲ့နေရာကို ဒီဇင်ဘာလ ၄ ရက် မနေ့က PDF ပူးပေါင်းအဖွဲ့တွေ လာရောက်တိုက်ခိုက်လို့ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်ကအရာရှိတွေ အပါအဝင် ၃၀ ကျော် သေဆုံးတယ်လို့ PDF အဖွဲ့တွေက ပြောပါတယ်။
အဲဒီနေ့ ၁၂ နာရီဝန်းကျင်ခန့်မှာ PDF အဖွဲ့တွေက စစ်ကောင်စီတပ်ဆွဲတဲ့နေရာကို သိမ်းပိုက်ဖို့သွားတဲ့အချိန် ထင်းတန်းရပ်ကွက်ထဲ စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ စဖြစ်ခဲ့တာလို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့ PDF အဖွဲ့တွေ မီတာ ၃၀ အကွာအဝေးမှာ ထိပ်တိုက်တွေ့ခဲ့ပြီး လူမှားစစ်ဆေးနေတုန်း PDF တွေက အရင်ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ Myingyan Black Tiger အပါအဝင် မဟာမိတ်ပူးပေါင်း အဖွဲ့ငါးဖွဲ့ရဲ့ နှစ်ဖက်တိုက်ပွဲက ၄၅ မိနစ်ခန့် ကြာခဲ့ပြီး စစ်ကြောင်းတစ်ခုလုံးမှာ သုံးလေးယောက်လောက်ပဲ ကျန်တော့သလို ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေစီကနေ ပြန်ကြားရတယ်လို့ Myingyan Black Tiger အဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
"ကျွန်တော်တို့နဲ့ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာက ထင်းတန်းရပ်ကွက်ထဲမှာပေါ့နော်။ အဲအိမ်ထဲမှာ ဘယ်လောက်သေနေမှန်း မသိရဘူး။ လက်ရှိ လောလောဆယ် ကိုယ်သိရသလောက် သုံးဆယ်ကျော်လို့ ပြောတာဗျ။သူတို့ဘက်ကပေါ့နော်။ ဖရဲသီးရဲ့ ပြောကြားချက်အရပေါ့နော်။ ဒီ အရာရှိအဆင့်တွေပေါ့နော်။ ဗိုလ်တွေကတော့ မနေ့က သုံးဘီးနဲ့ နှစ်စီး အလောင်းတွေ တိုက်သွားပြီပေါ့နော်။ မြစ်ကမ်းဘေးမှာက ငါးလောင်း၊ကွမ်းယာဆိုင်ဘက်မှာက သုံးလောင်း လမ်းမပေါ်မှာက ခုနှစ်လောင်း စုစုပေါင်း ၁၅ လောင်း ပျူတွေမိုလို့လား လက်အောက်ငယ်သားတွေ မိုလို့လား မသိဘူး။ ခြောက်နာရီခွဲလောက်အထိ အလောင်း မကောက်သေးဘူးဗျ။ အဲအတိုင်းပဲ ထားထားတယ်။တပ်တွင်း ဖရဲသီးက ပြောတာပေါ့နော်။ အရာရှိအဆင့်တွေ ပါတယ်။ ဗိုလ်တွေပါသွားတယ်။"
စစ်ကောင်စီရဲ့ လက်နက်တွေ ကောက်ယူဖို့ကြိုးစားချိန်မှာ PDF အဖွဲ့ဝင်နှစ်ဦး ထိခိုက်ခဲ့လို့ပြန်ဆုတ်ခဲ့ပြီး သေနတ်နှစ်လက်နဲ့ ဆိုင်ကယ်အချို့ ဆုံးရှုံးခဲ့တယ်လို့ ပြောပါတယ်။
အဲဒီ PDF အဖွဲ့တွေက ရေစကြိုမြို့ထဲအထိ ပထမဆုံးအကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကိုင်းတိုင်း မြောင်မြို့နယ်က ကျေးရွာတွေကို ပျူစောထီးတွေ ပူးပေါင်းထားတဲ့ စစ်ကောင်စီတပ်သားတွေက မီးရှို့ခဲ့လို့ လက်တုန့်ပြန် တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
ရေစကြိုမြို့ခံတစ်ဦးကတော့ တိုက်ပွဲဖြစ်တာကို ကြားခဲ့ရပြီး စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုတွေရှိတာကို ကြားရတယ်လို့ ပြောပါတယ်။
"ချင်းတွင်းမြစ်ကမ်းဘေး စစ်မှုထမ်းဟောင်း ရိပ်သာမှာ ဝင်ပစ်တယ်လို့ ကြားတယ်။ ထင်းတန်းနဲ့ ဖောင်တော်ဦးကြားပေါ့။ သေတာတော့ သေတယ်။ ဘယ်နှစ်ယောက်ဆိုတာ အတိကျ မသိဘူး။ ရုတ်တရက် အဲလိုတွေ အသံတွေဖြစ်လို့ ကိုယ့်ဟာကိုယ် အိမ်ထဲကုတ်နေကြတာ။ ဖုန်းကိုမကြည့်နိုင်ဘူး"
အဲဒီလို တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ ရေစကြို မြို့ကို ပိတ်ဆို့ ပစ်ခတ်နေပြီး မြို့ပေါ်က လူလေးဦးလည်း ဖမ်းဆီးခံရတယ်လို့ ပြောပါတယ်။
အဲဒီနေ့ ညနေပိုင်းမှာလည်း စစ်ကားနှစ်စီးက ထင်းတန်း အမှတ်(၁) ရပ်ကွက်ကို မွှေနှောက်ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ ဦးစိုးပိုင်မြင့်ကို ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။