စစ်ကောင်စီတပ် စီးနင်းဝင်ရောက်လို့ ရေစကြိုဒေသခံ နှစ်ထောင်ခန့် ထွက်ပြေးနေရ
2024.12.06

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က တစ်ရွာဝင်၊ တစ်ရွာထွက် စီးနင်းဝင်ရောက်နေတာကြောင့် ဒေသခံ နှစ်ထောင်ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ရေစကြိုဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
ကမ္ဘဲ့၊ ရွာသစ်၊ ထန်းခြောက်ပင်၊ ထန်းချောင်း၊ ကံသစ်၊ ပေါက္ကူ၊ သမန္တပို့ စတဲ့ရွာတွေက ဒေသခံတွေဟာ စစ်ကြောင်း လွတ်ကင်းရာကို ထွက်ပြေးနေကြရတာလို့ ဆိုပါတယ်။
အင်အား တစ်ရာကျော်ပါတဲ့ ရေစကြိုအခြေစိုက် ခလရ-၂၅၈ လက်အောက်ခံ စစ်ကြောင်းဟာ ဒီဇင်ဘာ ၁ ရက်နေ့ကနေ ၅ ရက်နေ့အတွင်း ရွာသုံးရွာက နေအိမ် လေးဆယ်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၄ ရက်နေ့မှာလည်း စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ သတင်းတာဝန်ခံက RFA ကို ပြောပါတယ်။
“၁ ရက်နေ့က ကမ္ဘဲ့ကို မီးရှို့တယ်။ ပြီးတော့ ၃ ရက်နေ့ကစပြီး ထပ်စစ်ကြောင်းထိုးမီးရှို့တာ။ ၄ ရက်နေ့မှာ ကံသစ်နဲ့ ထန်းဆယ်ပင်ရွာကို မီးရှို့သွားတဲ့စစ်ကြောင်းက ရွာသစ်ရွာကိုထိုးတဲ့ စစ်ကြောင်းနဲ့ပေါင်းပြီး အခု တာတိုင်ရွာ စစ်ဆေးရေးဂိတ်ကို ရောက်သွားပြီ။ ဘာဆက်လုပ်မလဲ ဆိုတာတော့ စောင့်ကြည့်နေရတုန်းပါပဲ။ ၄ ရက်နေ့ကတော့ တစ်နေကုန် တိုက်ပွဲဖြစ်တယ်။ စစ်ကြောင်းကို မြို့ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတယ်။ စစ်ကြောင်းကလည်း လက်နက်ကြီးနဲ့ ပစ်တာတွေရှိတယ်။ လက်နက်ကြီးထိတဲ့ ပြည်သူက ခုနစ်ယောက်လောက် ရှိတယ်။ ကိုင်းမကြီးရွာသား တစ်ယောက်ကတော့ ဆေးကုရင်း မနေ့က ဆုံးသွားတယ်”
လတ်တလော စစ်ရေးအခြေအနေကြောင့် လက်နက်ကြီး ထိမှန်လို့ သေဆုံး၊ ဒဏ်ရာရသူတွေရဲ့ အသေးစိတ် အခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၃ ဒသမ ၄ သန်း ရှိနေပါတယ်။