မြန်မာနိုင်ငံကပြန်လာတဲ့ လူကုန်ကူးမှုနဲ့ပတ်သက်သူသုံးဦးကို ထိုင်ဝမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

မြန်မာနိုင်ငံက လူကုန်ကူးရာအချက်အချာကျတဲ့ ရှမ်းပြည်နယ်၊ လားရှိုးမှာရှိတဲ့ KK Park က ပြန်လာတဲ့ ထိုင်ဝမ်နိုင်ငံသား သုံးယောက်ကို စနေနေ့က ဖမ်းဆီးလိုက်တယ်လို့ တိုင်ပေအခြေစိုက် CNA သတင်းက မနေ့က ဖော်ပြပါတယ်။
ရာဇဝတ်ဂိုဏ်းတစ်ဂိုဏ်းနဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးလိုက်တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီအထဲက တစ်ယောက်ဟာ KK Park အခြေစိုက် လိမ်ညာနေတဲ့ ဂိုဏ်းဝင်လို့ ယူဆရပြီး စာချုပ်စာတမ်းနဲ့ ငွေစက္ကူအတုလုပ်မှုနဲ့ ထိုင်ဝမ်က အလိုရှိနေသူလို့ CIB- ပြစ်မှုဆိုင်ရာ စုံစမ်းရေးအဖွဲ့က ပြောပါတယ်။
သူဟာ လူမှုမီဒီယာကနေ ကျား-မ ချိတ်ဆက်ပေးပြီး ရင်းနှီးမြှုပ်နှံနိုင်တဲ့ အခွင့်အလမ်းရှိတယ်ဆိုတဲ့ လိမ်လည်ထားတဲ့ ဝက်ဘ်ဆိုက်တွေကို လမ်းညွှန်ပြတယ်လို့ ဆိုပါတယ်။ သူဟာ လူကုန်ကူးလုပ်ငန်းမှာ ပါဝင်ပတ်သက်တယ်လို့တော့ CIB က မပြောကြားပါဘူး။
KK Park ကနေ ထိုင်းနိုင်ငံဘန်ကောက်ကတစ်ဆင့် ထိုင်ဝမ်ကို လူ ၁၆ ယောက် စနေနေ့ညက ပြန်လာချိန်မှာ ဒီလူသုံးယောက်ကို ဖမ်းဆီးလိုက်တာလို့ ပြောပါတယ်။
CIB ဟာ ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး KK Park ဂိုဏ်းဝင်တွေကို ထိုင်ဝမ်မပြန်ခင် ထိုင်းကနေ ကြားဖြတ်စစ်ဆေးဖမ်းဆီးနေတာပါ။
နိုင်ငံတကာဖိအားနဲ့ ဓားစာခံတွေကို စတင်ပြန်လွှတ်ပေးနေတာမို့ KK Park က ရာဇဝတ်ဂိုဏ်းတချို့ ပြိုလဲနေပြီလို့လည်း ဆိုပါတယ်။