ကယားမှာ သေဆုံးတဲ့ အရပ်သား ၂၅၇ ဦး ရှိလာ

2022.04.25
ကယားမှာ သေဆုံးတဲ့ အရပ်သား ၂၅၇ ဦး ရှိလာ ကရင်နီ စစ်ဘေးဒုက္ခသည် ကလေးငယ်တွေကို ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် တွေ့ရစဥ်
ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ကယား (ကရင်နီ) ပြည်နယ်အတွင်း သေဆုံးခဲ့ရတဲ့ အရပ်သားဟာ ၂၅၇ ဦးအထိ ရှိလာနေတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဧပြီလ ၂၄ ရက် မနေ့က ထုတ်ပြန်ပါတယ်။

ဒီအရပ်သားတွေဟာ စစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရတာလို့ တိုးတက် သော ကရင်နီပြည်သူ့အင်အားစု (PKPF) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"တိုက်ပွဲက တဖြည်းဖြည်းပြင်းထန်လာတော့ စစ်ကောင်စီဘက်က ရှုံးမဲ မဲပြီး အရပ်သားပြည်သူတွေအပေါ် အကြောင်းမရှိ အကြောင်းရှာပြီး ပြည်သူတွေအပေါ် အကြောင်းမဲ့ပစ်သတ်တာတွေ၊ လက်ပြန်ကြိုးတုပ်ပြီး ပစ်သတ်တာတွေ၊ လက်နက် ကြီးရမ်းသန်းပစ်ပြီး ထိခိုက်သေဆုံးတာတွေ ဖြစ်တယ်လို့ ကျနော်တို့ကောက်ရတဲ့ သတင်းအရင်းအမြစ်အရ အဲလိုပြောနိုင်တယ်”

သေဆုံးထိခိုက်မှုအများဆုံးဟာ ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဖယ်ခုံမြို့နယ်နဲ့ ဘောလခဲမြို့နယ်ထဲက ဖြစ်တယ်လို့လည်း ပြောပါတယ်။

သေဆုံးခဲ့ရတဲ့ အရပ်သားတွေဟာ သပိတ်ကာလအတွင်း သေဆုံးသူ နှစ်ဦး၊ စစ်ဘေး ဒုက္ခသည်စခန်းအတွင်း သေဆုံးသူ ၂၄ ဦး၊ စစ်ကောင်စီတပ်က သတ်ဖြတ်တာနဲ့ လက်နက် ကြီး ပစ်ခတ်တာတွေကြောင့် သေဆုံးသူ ၂၃၁ ဦး၊ စုစုပေါင်း ၂၅၇ ဦးဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက်သေဆုံးမှုဟာ ၁၉ ဦးထက်မနည်းရှိတယ်လို့လည်း ပြောပါတယ်။

စခန်းအတွင်း သေဆုံးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်တွေကတော့ ဆေးဝါးနဲ့ စားနပ်ရိက္ခာ မလုံလောက်မှုတို့ကြောင့် ဖြစ်တယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကယားပြည်နယ်အတွင်း သေဆုံးသူတွေထဲမှာ အရပ်သားတွေမပါဘူးလို့ တုံ့ပြန်ပြောဆိုထားပါတယ်။

ကယားပြည်နယ်ဟာ စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တိုက်ခိုက်မှု ပြင်းထန် နေတဲ့ ဒေသတစ်ခုဖြစ်ပြီး အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းနီးပါးရှိနေပြီလို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။