ခင်ဦးမှာ နှစ်ပတ်အတွင်း နေအိမ် ၈၀၀ နီးပါး မီးရှို့ခံရပြီး လူ ၂၃ ဦးသတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ နှစ်ပတ်အတွင်း ရွာပေါင်း ၁၂ ရွာက နေအိမ် ၇၇၇ လုံး မီးရှို့ဖျက်ဆီးခဲ့ရပြီး အရပ်သားနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၂၃ ဦး သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို ဒီနေ့ ပြောပါတယ်။
နိုဝင်ဘာ ၁၅ ရက်နေ့ကစလို့ နိုဝင်ဘာ ၂၇ ရက်နေ့ထိ ခင်ဦးမြို့နယ်ထဲကို စစ်ကောင်စီ တပ်က စစ်ကြောင်း သုံးကြောင်းနဲ့ ရွာတွေကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့သလို ရွာတွေကိုလည်း မီးရှို့ခံခဲ့ရတာလို့ ဆိုပါတယ်။
ဝင်ရောက်စီးနင်းမှုတွေအတွင်း အရပ်သားတွေထဲက အသက်မပြည့်သေးတဲ့ ကလေးသူငယ်၊ သက်ကြီးရွယ်အိုနဲ့ စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး သုံးဦး သေဆုံးခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ကတော့ အသက် ၁၇ နှစ်အရွယ်ကနေ ၄၇ နှစ်အရွယ်ကြားရှိကြတဲ့ အမျိုးသား ၁၀ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၂၈ ရက်မနေ့ကတော့ စစ်ကြောင်း သုံးခုလုံး ခင်ဦးမြို့နယ်ထဲက ပြန်ထွက်သွားပြီဖြစ်တာကြောင့် ဒေသခံတွေ ရွာတွေကို ပြန်ကပ်ပြီး မီးလောင်ပြင် ရှင်းလင်းရေးတွေ လုပ်နေကြတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီစစ်ကြောင်းမှာ ထူးခြားတာက ကျေးလက်ကျန်းမာရေးဌာနတွေ၊ စာသင်ကျောင်းတွေ၊ စိုက်ပျိုးရေး ဂိုဒေါင်တွေပါမကျန် မီးရှို့တာ။ နောက်ပြီးတော့ ကျေးရွာမီးလင်းရေး ကိုယ်ထူကိုယ်ထ ဆောင်ရွက်ထားတဲ့ မီးလင်းရေး ထန်စပေါ်မာတွေလည်း သေနတ် ပစ်ဖောက်ပြီး ဖျက်ဆီးတာတွေရှိတယ်”
စစ်ကြောင်းဝင်ရောက်ပြီး ပေါင်းလှဲကုန်းရွာမှာ နေအိမ် ၁၃၆ လုံး၊ လက်ပံကြီးမှာ ၇၃ လုံး၊ မဒေါင်းကြီးမှာ ၇၅ လုံး၊ ရွှေကာမှာ အလုံး ၇၀၊ ဆီဆုံလေးမှာ လေးလုံး၊ နှဲတွင်းမှာ တစ်လုံး၊ စောကြီးမှာ ၆၄ လုံး၊ သနပ်စိန်မှာ အိမ်ခြေ ၁၂၀၊ မုံလှမှာ ၁၁၀၊ မြင်းဒေါင်းမှာ ၃၉ လုံး၊ မြစ်တော်မှာ အလုံး ၇၀ နဲ့ ဂွေးကုန်းရွာမှာ နေအိမ် ၁၅ လုံး၊ စုစုပေါင်း နေအိမ် ၇၇၇ လုံး မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီရွာတွေက နေအိမ်တွေမီးထဲပါသွားလို့ လူပေါင်း ၃၅၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီကတော့ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့တာဟာ တပ်မတော်ရဲ့ လက်ချက်မဟုတ်ဘဲ PDF အဖွဲ့တွေရဲ့ လက်ချက်သာဖြစ်တယ်လို့ တုံ့ပြန်ပြောဆို ထားပါတယ်။
နေအိမ်မီးရှို့ခံရမှုတွေနဲ့ ပတ်သက်လို့ ပျက်ဆီးဆုံးရှုံးမှုစာရင်းတွေ ရတဲ့အခါ ကူညီ ထောက်ပံ့တာတွေ လုပ်ဆောင်ဖို့ရှိတယ်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်က RFA ကို ပြောပါတယ်။
“မီးလောင်ပျက်ဆီးသွားတဲ့ ရွာတွေအားလုံးမှာ စာရင်းတွေ ကျနော်တို့ဆီရောက်ပြီ ဆိုတာနဲ့ ဘေးစီမံကနေပြီး ထောက်ပံ့မှုတွေလုပ်တယ်။ ခရိုင်အလိုက် ဆောက်ရွက်ဖို့ ကိစ္စတွေ ခွဲထားပေးပြီးသား။ နောက်ပြီးတော့ စာရင်းတွေရပြီဆိုတာနဲ့ သက်ဆိုင်ရာ နေရာသွားပြီး ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး သွားပြီးချက်ချင်းထောက်ပံ့တယ်။ သိတာနဲ့ ချက်ချင်းထောက်ပံ့ဖို့လည်း ဆောင်ရွက်ထားပြီးဖြစ်တယ်”
ခင်ဦးမြို့နယ်မှာ စစ်အာဏာသိမ်းချိန်ကနေ အောက်တိုဘာလကုန်ထိ စစ်ကောင်စီရဲ့ လက်ချက်နဲ့ ရွာပေါင်း ၄၇ ရွာက နေအိမ်ပေါင်း ၁,၈၅၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အို စုစုပေါင်း ၂၁၈ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၂,၄၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။