ကျိုက်နဲဘုရား ရေနစ်မှု ဒီညနေအထိ ငါးလောင်း ထပ်မံဆယ်ယူရရှိ

2021.11.22
ကျိုက်နဲဘုရား ရေနစ်မှု ဒီညနေအထိ ငါးလောင်း ထပ်မံဆယ်ယူရရှိ ကျိုက်နဲရေလယ်ဘုရားမှာ ရေနစ်မြုပ်မှုမှာ လူမှုကူညီရေးအသင်းတွေ ကယ်ဆယ်ရေးဆောင်ရွက်နေကြစဉ်
ဓာတ်ပုံ - သုခမေတ္တာ လူမှုကူညီရေးအသင်း

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက်နဲရေလယ်ဘုရား ရေနစ်မြုပ်မှုကနေ ဒီနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ ညနေ ၃ နာရီအချိန်အထိ ရုပ်အလောင်း ငါးလောင်း ရှာဖွေတွေ့ရှိထားတယ်လို့ ရေပြင်ကယ်ဆယ်ရေး လုပ်နေတဲ့ သုခမေတ္တာ လူမှုကူညီရေးအသင်းက RFA ကို ပြောပါတယ်။

"ဒီနေ့ ထပ်တွေ့တဲ့အလောင်းက မနက်က တစ်လောင်း အပါအဝင် စုစုပေါင်း ငါးလောင်းတော့ တွေ့တယ်။ ကျား တစ်၊ မ လေးပေါ့။ မနက်က အလောင်းက ကျား၊ ကျန်တဲ့ဟာအကုန်လုံး မ ပဲ"

နိုဝင်ဘာ ၂၁ ရက် မနေ့က ကျိုက်နဲရေလယ်ဘုရား ရေနစ်မြုပ်ခဲ့ကြလို့ ဒီနေ့လယ် ၃ နာရီအချိန်အထိ စုစုပေါင်း ရုပ်အလောင်း ၂၀ တွေ့ရှိထားပြီ ဖြစ်ပါတယ်။

သံဃာ တစ်ပါး၊ အမျိုးသား နှစ်လောင်း၊ အသက် ၉ နှစ်အရွယ် မိန်းကလေး တစ်ယောက်၊ အမျိုးသမီး ရုပ်အလောင်း ၁၆ လောင်းတို့ ပါဝင်နေပါတယ်။

အလောင်းတွေအားလုံး သံဖြူဇရပ် ဆေးရုံကို ပို့ထားတယ်လို့ လူမှုကူညီရေးအသင်းမှာ လုပ်ကိုင်နေသူတွေက ဆိုပါတယ်။

အခင်းဖြစ်ပွားရာ ရေပြင်မှာလည်း မွန်ပြည်နယ်ထဲက ပရဟိတအဖွဲ့တွေဟာ ဒီကယ်ဆယ်ရေးကို မနေ့ မနက်ပိုင်းကစလို့ ဒီနေ့ညနေပိုင်းအထိလည်း ဆက်လက်ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။

နိုဝင်ဘာ ၂၁ ရက် မနေ့က ကျိုက်နဲရေလယ်ဘုရားပွဲမှာ ဒီရေအတက်အကျပေါ်မူတည်ပြီး ပေါ်လာတဲ့ ကျောက်ခင်းလမ်း ဒေသအခေါ် "နတ်လမ်း" ဆိုတာကနေ ဘုရားဆီကို ဘုရားဖူးသူတွေ လမ်းလျှောက်သွား ရာက ရေစီးသန်ခဲ့လို့ လူတွေအစုလိုက်အပြုံလိုက် ရေနစ်မြုပ်ခဲ့ကြရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။