ဖယ်ခုံမှာ ကက်သလစ်ဘုန်းတော်ကြီး နှစ်ပါးနဲ့ လူလေးဦး ဖမ်းဆီးခံရပြီး ပျောက်နေ

ရှမ်းပြည်နယ် တောင်ကြီးမြို့ကနေ ဖယ်ခုံမြို့နယ်နဲ့ ကယားပြည်နယ်က စစ်ဘေး ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ဖို့သွားတဲ့ ကက်သလစ် ဘုန်းတော်ကြီး နှစ်ပါး၊ ကားသမားနှစ်ဦးနဲ့ ကလေးနှစ်ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဖမ်းဆီး ခံရပြီးနောက် ဒီနေ့အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သူတို့ဟာ ဖယ်ခုံမြို့နယ် မိုးဗြဲကျေးရွာအုပ်စု လယ်ထွန်ရွာက စစ်ဘေးဒုက္ခသည် တွေထံ သွားရောက်ချိန် စစ်ကောင်စီတပ် မှော်ဘီ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ သူတို့ကို ဒီနေ့အထိ ဘယ်မှာ ထိန်းသိမ်းထားတယ် ဆိုတာကို မသိရသေးဘူးလို့ ရှမ်းပြည်နယ် တောင်ပိုင်းက ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။
“ကျမတို့ရဲ့ ဘုန်းတော်ကြီး နှစ်ပါး ဖမ်းခံရတာ ဟုတ်ပါတယ်။ သူတို့က စစ်ဘေး ဒုက္ခသည်အတွက် ကူညီပေးရင်း တောင်ကြီးကနေ ဒီဘက်ကို ဆင်းလာရာမှာ အဖမ်း ခံလိုက်ရတာ။ ဘယ်နေရာမှာထားလဲ ဘယ်မှာ ဖမ်းထားလဲဆိုတာ မသိရဘူး။ အခုချိန်ထိ တိတိကျကျ သတင်းမသိရသေးဘူး”
ဖမ်းဆီးခံရသူတွေ အထဲက ဆရာတော်နှစ်ပါးကတော့ ဖယ်ခုံ ကက်သလစ် သာသနာက Fr.John Paul Lwel နဲ့ တောင်ကြီး ကက်သလစ်သာသနာက Fr.John Bosco တို့ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေအထဲ ကျောင်းသားနှစ်ဦးဟာ အသက်မပြည့်သေးတဲ့အတွက် ပြန်လည် လွတ်မြောက်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Save the Children အဖွဲ့နဲ့ တိုင်ပင်ပြီးဆောင်ရွက်နေသလို ဘုန်းတော်ကြီးတွေ ပြန်လည်လွတ်မြောက်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေတာရှိတယ်လို့ ကက်သလစ် ဘုန်းတော်ကြီးတစ်ပါးက RFA ကို ပြောပါတယ်။
"ကလေးက အသက်မပြည့်သေးဘူး။ ကလေးက နှစ်ယောက်လို့ ပြောပါတယ်။ အခုသူတို့ ပြန်လွတ်မြောက်နိုင်ဖို့ Save The Children အဖွဲ့နဲ့ တိုင်ပင်ပြီးတော့ ကလေးတွေ အတွက် လွတ်မြောက်ဖို့ အထူးကြိုးပမ်းနေတယ်။ အခုကျနော်တို့ရဲ့ ဆရာတော်တွေလို့ပဲ ပြောရမှာပေါ့နော်။ သာသနာအကြီးအကဲက တာဝန်ရှိတဲ့လူတွေက နေပြီးတော့မှ ဒီ ဖာသာတို့ ပြန်လည်လွတ်မြောက်ဖို့ရန် အတွက် ညှိနေတယ်လို့တော့ ပြောတယ်။ အဆင်ပြေလား။ မပြေဘူးလား ဆိုတာတော့ မသိသေးဘူး"
စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ သူ့အနေနဲ့ မသိသေးဘူးလို့ RFA ကို မနေ့ညက ပြောပါတယ်။ ဒါပေမဲ့ ခေါ်သွားတာမှန်တယ်ဆိုရင် ဥပဒေလုပ်ထုံး လုပ်နည်း အတိုင်းပဲ ဆောင်ရွက်မှာဖြစ်တယ်လို့ ပြောပါတယ်။
"ကျနော်ကတော့ မသိသေးဘူး။ ကျနော်တို့အနေနဲ့ ပြောရရင်တော့ ခေါ်သွားတာ မှန်တယ်ဆိုရင် စစ်ဆေးစရာရှိလိုဆိုပြီး ခေါ်သွားတာဖြစ်တယ်။ သူတို့ အနေနဲ့ကတော့ ဘာသာရေးနဲ့ပဲဖြစ်ဖြစ် ဒီပြင် နိုင်ငံရေးနဲ့ပဲဖြစ်ဖြစ် ထင်ရှားတဲ့ လူတွေနဲ့ ပတ်သက် ပြီးတော့ သူတို့အနေနဲ့ သူတို့ရဲ့ အကြမ်းဖက်အဖွဲ့ အစည်းနဲ့ ပတ်သက်တာပဲ ဖြစ်ဖြစ် တစ်ဖက်အဖွဲ့အစည်းနဲ့ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်ဆံတာပဲဖြစ်ဖြစ် ကျနော်တို့ အနေနဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်"
မိုးဗြဲမြို့မှာတော့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မနက်ကနေ ဒီနေ့အထိ နေ့စဉ် ရက်ဆက် တိုက်ပွဲတွေဖြစ်နေတာကြောင့် မြို့ပေါ်မှာ လူတစ်သောင်းကျော် လောက် ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးဗြဲမြို့နယ်နဲ့ ထိစပ်နေတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံ ဘက်မှာလည်း ယနေ့က စစ်ကောင်စီဘက်က တိုက်လေယာဉ်နဲ့ ၇ ကြိမ်ခန့် လာရောက်ပစ်ခတ် ခဲ့တာကြောင့် အနီးအနားကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ထုတ်ပြန် ထားပါတယ်။