၁၉၉၃ သဘောတူညီချက်တွေကို ထပ်တိုးဖြည့်စွက်မည်
2017.10.31
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံရာမှာ ၁၉၉၃ ခုနှစ် နှစ်နိုင်ငံ သဘောတူညီချက် ကို အခြေခံပြီး အချက်အလက်တချို့ ထပ်တိုးဖြည့်စွက်ပြီး စိစစ်လက်ခံသွားမှာ ဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ ညှိနှိုင်းပြီး ထပ်တိုးအချက်အလက်တွေ ထည့်သွင်းကာ စိစစ်လက်ခံသွားမယ်လို့ အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင် က ပြောပါတယ်။
"အခု ၂၀၁၇ ရောက်နေပြီဆိုတော့ နှစ်ကာလလည်း နည်းနည်းလေးကြာလာပြီ၊ နောက်တစ်ခု က ဖြစ်စဉ်တွေလည်း မတူဘူးဆိုတော့ ၉၃ မူမှာပါတဲ့ ၄ ချက်ကတော့ပါမှာပေါ့၊ အဲဒီအပြင် ကို နောက်ထပ်ထပ်တိုးတဲ့ အချက်အလက်တွေ ဘင်္ဂလားဒေ့ရှ်နဲ့ ကျနော်တို့နဲ့ ညှိနှိုင်းပြီးတော့ ထပ်ပြီးတော့ ထည့်မှာပေါ့၊ ထည့်ပြီးတော့ ၉၃ မူကိုတော့ ဘောင်လွတ်မသွားပဲနဲ့ အဲဒါနဲ့ပဲ စိစစ်ပြီးလက်ခံမှာဗျ။"
ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့အတွက် တောင်ပြိုလက်ဝဲနဲ့ ငါးခူရတို့မှာ ယာယီစခန်းတွေကို စတင်ပြင် ဆင်နေပြီလို့လည်း သိရပါတယ်။ လူဦးရေ ၅၀၀ ကနေ ၇၀၀ ကြားဆံ့တဲ့စခန်းတွေ ဖြစ်တယ်လို့လည်း ဦးမြင့်ကြိုင် က ပြောပါတယ်။
ရေလမ်းကြောင်းကလာရင် ငါးခူရစခန်းမှာ စိစစ်ခံရမှာဖြစ်ပြီး ကုန်းလမ်းကဆိုရင်တော့ တောင်ပြိုလက်ဝဲမှာ စိစစ်ခံရမှာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားသူတွေထဲက ပြန်လာမယ့်သူတွေ လျှောက်ထားနိုင်မယ့် လျှောက်လွှာ ပုံစံတွေကို ဘင်္ဂလားဒေ့ရှ်ဘက်ကို ပို့ပေးထားပြီး ဖြစ်ပေမယ့် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအချင်းချင်း သဘောတူညီချက်လက်မှတ်တွေ ရေးထိုးပြီးမှသာ ဒုက္ခသည်တွေဆီ ဝေပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။