၁၉၉၀ ရွေးကောက်ပွဲ ၂၅ နှစ်ပြည့် အခမ်းအနား ကျင်းပ


2015.05.27
1990-elections-anniversary-620.jpg မေလ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ၂၅နှစ်ပြည့်နှစ် အခမ်းအနားကို ရန်ကုန်မြို့ ပြည်လမ်းက ယုဒဿန်ရိပ်သာခန်းမမှာ ကျင်းပနေစဉ်။
Photo: Wai Mar Tun/ RFA

ဒီကနေ့ ကျရောက်တဲ့ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ၂၅နှစ်ပြည့်နှစ် အခမ်းအနားကို ရန်ကုန်မြို့ ပြည်လမ်းက ယုဒဿန်ရိပ်သာခန်းမမှာ ကျင်းပခဲ့ပြီး အဲဒီအချိန် က ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

၁၉၉၀ ရွေးကောက်ပဲမှာ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ပေးရေးနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းကြဖို့ တိုက်တွန်းပြောကြားခဲ့ ပါတယ်။

"အခြေခံဥပဒေပြောင်းလဲရေးအတွက်ရယ်၊ ငြိမ်းချမ်းရေးရဖို့ဆိုတာတွေဟာ ဝိုင်းတွန်း၊ ဝိုင်းလုပ်မှရမှာပါ၊ အဓိကကကတော့ ရိုးသားမှုဆိုတာရှိရမယ်၊ တစ်ဦးနဲ့ တစ်ဦးယုံကြည်မှု တည်ဆောက်မှုဆိုတာလည်း ရှိရမယ်၊ တစ်ဦးပေါ်တစ်ဦးမရိုးသားဘူး၊ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုတည်ဆောက်လို့မရဘူးဆိုရင် ငြိမ်းချမ်းရေးဆို တာဝေးနေဦးမှာဘဲ၊ အားလုံး တွေ့နေရသလိုဘဲ ကတိတွေပေးပြီးတော့ မတည်တာတွေကများနေပါတယ်၊ အဲ့ဒါကြောင့် လူထုတွေလည်းရသင့် တယ်၊ အထူးသဖြင့် လက်နက်ကိုင် တိုင်းရင်းသားတွေက အရချင်ဆုံးပါပဲ၊ သူတို့တွေလည်း ပင်ပန်းနေပြီ"

အခမ်းအနားမှာ ၁၉၉ဝ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၈၅ ဦးကို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်ရာမှာ စွမ်းစွမ်းတမံပါဝင်ခဲ့ကြသူတွေ အဖြစ် ဂုဏ်ပြု လက်မှတ်တွေ ပေးအပ်ခဲ့ပါတယ်။

၁၉၉၀ ခုနှစ် မေလ ၂၇ ရက်နေ့က ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ အတိုက်အခံ NLD အမျိုးသားဒီမိုကရေစီ အဖဲ့ွချုပ်က ကိုယ်စားလှယ်လောင်း ၄၀၀ ကျော်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ ကိုယ်စားလှယ် ၃၉၂ ဦး အနိုင်ရခဲ့ ပြီး၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီတဖြစ်လဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီကတော့ ကိုယ်စားလှယ် ၄၀၀ ကျော်ယှဉ်ပြိုင်ခဲ့ရာမှာ ၁၀ ဦးသာ အနိုင်ရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။