အခြေခံဥပဒေပြင်ဖို့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်များ တောင်းဆို


2014.03.22
1990-election-senator-305 ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲ ကျင်းပစဉ်
Photo : RFA/ Nay Myo Htun

၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ လိုအပ်ကြောင်းနဲ့ ပင်လုံညီလာခံလိုမျိုး ညီလာခံတစ်ရပ်ခေါ်ယူပေးဖို့ ဒီကနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမမှာ ၁၉၉၀ ခုနှစ်က ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၆၀ လောက်တက်ရောက်ခဲ့ပြီး အဖွဲ့ဝင် ၂၅ ယောက်ပါဝင်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ကို လည်း ဖွဲ့စည်းခဲ့ပါတယ်။

ဒီနေ့အခမ်းအနားမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး က ၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို နှိုင်းယှဉ်ပြီး အခုလို ပြောပါတယ်။

" ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ ကျင်းပခဲ့တဲ့ ပါတီစုံရွေးကောက်ပွဲကြီးဟာ စစ်အစိုးရက ကျင်းပပေးခဲ့တဲ့အတွက် အဲ့ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတယ်ဆိုတာ ကျွန်တော်တို့ လက်ခံပါတယ်၊ ဒါပေမယ့် ၂၀၀၈ အခြေခံ ဥပဒေပေါ်မူတည်ပြီး လုပ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်မှုတော့ ရှိရင် ရှိမှာပေ့ါလေ ဒါပေမယ့် တရားမမျှတဘူး၊ အငြင်းပွားဖွယ်ရာ ရလဒ်တွေနဲ့ ကျွန်တော်တို့ ယနေ့တိုင် ရင်ဆိုင်နေရပါတယ်"

ဒီနေ့ကြေညာချက်ထဲမှာ ပြည်တွင်းငြိမ်းချမ်းရေးကို ဆွေးနွေးညှိနှိုင်းအဖြေရှာတဲ့နည်းလမ်းကို ထောက်ခံ ကြောင်းနဲ့ နိုင်ငံရဲ့ စီးပွားရေးမူဝါဒတွေကို သုံးသပ်ပြီး အမျိုးသားအကျိုးစီးပွားဖြစ်ထွန်းဖို့အတွက် လိုအပ်ချက်တွေကို ပြင်ဆင်ဖို့ ကြိုးပမ်းသွားမယ်လို့လည်း ပါရှိပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခံရတဲ့ ပါတီပေါင်း ၂၇ ခု ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၃၉၂ ဦးနဲ့ အများဆုံး အနိုင်ရရှိခဲ့ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ၂၃ ဦးနဲ့ ဒုတိယ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD က ၁၂ ဦးနဲ့ တတိယ၊ တိုင်းရင်းသားစီးလုံးညီညွတ်ရေးပါတီ (တစည) က စတုတ္ထနေရာ ရရှိခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဒီကနေ့ တိုက်တွန်းချက်နဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။