ဘိုကလေးမှာ ပစ်ခတ်မှုဖြစ်ပြီး ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

2022.11.05
ဘိုကလေးမှာ ပစ်ခတ်မှုဖြစ်ပြီး ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ ဧရာဝတီတိုင်း၊ ဘိုကလေးတံတားအား တွေ့ရစဉ်။
Photo: Citizen Journalist

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် မလော့ရွာအုပ်စု၊ မရမ်းကွဲရွာက သတင်းပေးဒလန်လို့ အမည်ထွက်နေတဲ့ ဦးမြင့်ဇော် နိုဝင်ဘာလ ၃ ရက် ညပိုင်းက သေနတ်နဲ့ပစ်ခတ်ခံရပြီး နောက် အဲဒီအနီးနားကဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ ဘိုကလေး ဒေသခံတွေက RFA ကို ပြောပါတယ်။

ဦးမြင့်ဇော် သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက NLD ပါတီဝင်တွေနဲ့ ဒေသခံတွေကို ဆက်တိုက်ဖမ်းဆီးနေသလို ထွက်ပြေးနေရသူတွေလည်း ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘိုကလေး ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူက သတင်းပေးလို့ ရွာထဲမှာနာမည်ကြီးတယ်။ ပစ်ခတ်ခံရပြီး သိပ်မကြာဘူး မရမ်းကွဲ၊ ကညင်ကွဲနဲ့ ပေချောင်းက ရွာခံတွေ အဖမ်းခံရတာ။ တချို့လည်း ဖမ်းမှာဆိုးလို့ ထွက်ပြေးနေရတာတွေရှိတယ်။ ဖမ်းထားတဲ့သူတွေကိုတော့ ဘိုကလေးရဲစခန်းမှာ စစ်ဆေးနေတယ်”

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ဦးမြင့်ဇော်ရဲ့ ခြေထောက်နဲ့ဗိုက်မှာ ကျည်ဆန်ရှပ်ထိ ဒဏ်ရာတွေ ရရှိခဲ့ပြီး ဘိုကလေးဆေးရုံမှာ ဆေးကုသနေရတယ်လို့ သူက ဆက်ပြော ပါတယ်။

ဘိုကလေးမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ကတော့ ဧရာဝတီနန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဦးမြင့်ဇော်ကို ပစ်ခတ်ခဲ့တာလို့ နိုဝင်ဘာလ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အပစ်ခံရတဲ့ ဦးမြင့်ဇော်ဟာ စစ်ကောင်စီရဲ့ သတင်းပေးတစ်ဦးလို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်အခြေအနေသိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။