ကျိုရစ်ခ် (မြန်မာ) အထည်ချုပ်စက်ရုံမှာ အလုပ်ချိန် နှစ်ဆကျော်ဆင်းပေးနေရလို့ အလုပ်သမားတွေအခက်တွေ့

RFA Burmese
2024.02.02
ကျိုရစ်ခ် (မြန်မာ) အထည်ချုပ်စက်ရုံမှာ အလုပ်ချိန် နှစ်ဆကျော်ဆင်းပေးနေရလို့ အလုပ်သမားတွေအခက်တွေ့ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ကနောင်မင်းသားကြီးလမ်း၊ စက်မှုဇုန်အမှတ် (၄) ရှိ ကျိုရစ်ခ် (မြန်မာ) အထည်ချုပ်စက်ရုံ (ZHONGRUN (MYANMAR) GARMENT COMPANY LIMITED) ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကျိုရစ်ခ် (မြန်မာ) အထည်ချုပ်စက်ရုံ (ZHONGRUN (MYANMAR) GARMENT COMPANY LIMITED) မှာ အလုပ်သမားတွေဟာ တစ်နေ့ကို ၁၆ နာရီကနေ နာရီ နှစ်ဆယ်နီးပါးလောက်အထိ တစ်ရက်ခြား အလုပ်လုပ်နေရတယ်လို့ အလုပ်သမားတွေက RFA ကိုပြောပါတယ်။

တနင်္လာနေ့ကနေ သောကြာနေ့တွေအပြင် အလုပ်နားရက်ဖြစ်တဲ့ စနေလိုနေ့တွေမှာတောင် အိမ်မပြန်ရဘဲ မိုးလင်းကနေမိုးချုပ် အလုပ်ဆင်းပေးနေရတယ်လို့ဆိုပါတယ်။ ကျိုရစ်ခ် အထည်ချုပ်လုပ်သားတွေရဲ့ အခက်အခဲအကြောင်းကို ဇန်နဝါရီ ၃ ရက်နေ့မှာ RFA ကတင်ပြခဲ့ပါတယ်။

“စက်ရုံမှာ အလုပ်သမားသမဂ္ဂမရှိသလို အင်းစိန်မြို့နယ်က အလုပ်သမားရုံးတွေကိုတိုင်တာလည်း ဖြေရှင်းမပေးဘူး”

အဲဒီနောက်ပိုင်းမှာ အလုပ်ချိန် အများကြီးလုပ်ရတဲ့သူ လျော့နည်းသွားပေမယ့် တချို့အလုပ်သမားတွေ မနိုင်မနင်းဆက်လုပ်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အလုပ်သမားတစ်ယောက်က RFA ကိုပြောပါတယ်။

“အရင်တစ်ခါ RFA သတင်းမှာပါထားတော့ အောနိုက်အောလင်း (မိုးလင်းမိုးချုပ်) OT ဆင်းပေးရတဲ့ပုံစံမျိုးလိုတော့ အရင်ကလောက် အရမ်းမများတော့ဘူး။ မများတော့ဘူးဆိုတာ အလုပ်သမားဦးရေ ပြောတာနော်။ အလုပ်သမား သုံးဆယ်ကျော် လေးဆယ်လောက်ကတော့ အရင်လိုပဲ မဆင်းချင်ဘဲနဲ့ ဆင်းပေးနေရတုန်း။ စနေနေ့ဆိုလည်း ညဉ့်နက်တဲ့အချိန် နောက်နေ့ မနက်နှစ်နာရီ သုံးနာရီအထိ ဆင်းပေးနေရတာ။ မနက်သုံးနာရီခွဲ လေးနာရီမှ အိမ်ကိုပြန်ပြီး ရေချိုးထမင်းချက်ပြီး ပြန်လာရတယ်။ ဖယ်ရီလည်းမရှိဘူး။ ကိုယ့်ဘာသာအိမ်ပြန်ရတာ၊ မှောင်မှောင်မည်းမည်းထဲ။ အဲဒီလို OT ဆင်းရတဲ့ညမျိုးတွေဆို မအိပ်ရတော့ဘဲ ခုနစ်နာရီခွဲ စက်ရုံကို အလုပ်ပြန်ဆင်းပေးရတယ်။ ဒီလိုလည်နေတုန်းပဲ။ အလုပ်ပင်ပန်းပြီး ဖျားနာလို့ရှိရင်လည်း ဆေးခွင့်တွေ ဘာတွေယူရင် စူပါတွေ၊ အောစူပါတွေက ဆဲဆိုတယ်”

နေမကောင်းတာတောင် ခွင့်ယူလို့မရဘဲ အချိန်ပိုလုပ်ပေးရတယ်လို့ အလုပ်သမားတစ်ယောက်ကလည်း ပြောပါတယ်။

“နေမကောင်းလို့ အိမ်ပြန်ချင်ရင် ပြန်ခွင့်မပေးတာ၊ ည ၁၂ နာရီအထိ ဆင်းရတယ်။ နားချိန်က နာရီဝက်ပဲရတယ်။ နောက်နေ့မှ ပေးပြန်တယ်။ အဲဒီလိုမျိုးတွေ တစ်ရက်ခြား OT ကို ဆင်းဆင်းပေးနေရတယ်။ စနေနေ့လည်းမနားရဘူး။ အလုပ်ဆင်းရတယ်၊ တောက်လျှောက်၊ ပိုက်ဆံပေးတာက မှန်တယ်။ မလုပ်နိုင်တဲ့အခါ နေမကောင်းတဲ့အခါ အိမ်ပြန်ချင်တာတောင် နားခွင့်မပေးဘူး”

အဲဒီစက်ရုံဟာ တရုတ်နိုင်ငံသားတစ်ယောက်ရဲ့လုပ်ငန်းဖြစ်ပြီး ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် ကနောင်မင်းသားကြီးလမ်း၊ စက်မှုဇုန်အမှတ် (၄) မှာရှိပါတယ်။

စက်ရုံကို ၂၀၁၅ ခုနှစ် မတ်လကတည်းကဖွင့်ခဲ့ပြီး အလုပ်သမားတစ်ထောင်ကျော် ရှိပါတယ်။ စက်ရုံရဲ့ တရားဝင် အလုပ်ချိန်ဟာ မနက်ခုနစ်နာရီခွဲကနေ ညနေသုံးနာရီခွဲအထိ သတ်မှတ်ထားပါတယ်။

ဒါပေမဲ့ အလုပ်သမားတွေအားလုံး ငါးနာရီခွဲအထိ အချိန်ပိုကြေးနဲ့ မဖြစ်မနေလုပ်ရပါတယ်။ သတ်မှတ်ထားတဲ့ အထည်အရေအတွက်မပြီးရင် ည ၁၂ နာရီအထိ အလုပ်ဆင်းပေးရပြီး အချိန်ပိုလုပ်ခမရဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အလုပ်သမားတစ်ယောက်ကပြောပါတယ်။

“စက်ရုံမှာ တကယ်တရားဝင် အလုပ်လုပ်ချိန်က မနက် ခုနစ်နာရီခွဲကနေ ညနေ သုံးနာရီခွဲအထိပဲလေ။ လေးနာရီခွဲနဲ့ ငါးနာရီခွဲ (နှစ်နာရီ) က စက်ရုံမှာရှိတဲ့ အလုပ်သမားအားလုံး OT ဆင်းပေးရတာ။ ဆင်းမပေးရတဲ့အလုပ်သမား တစ်ယောက်မှမရှိဘူး။ ငြင်းခွင့်လည်းမရှိဘူး။ ဆင်းပေးရတဲ့ OT ကြေးကလည်း သူတို့သတ်မှတ်ထားတဲ့ အထည်အရေအတွက် ခြောက်ရာကျော် ခုနစ်ရာ မရရင်မရဘူး။ ကျွန်တော်တို့ အလုပ်သမားတွေမှာ”

စက်ရုံမှာ အလုပ်သမားသမဂ္ဂမရှိသလို အင်းစိန်မြို့နယ်က အလုပ်သမားရုံးတွေကိုတိုင်တာလည်း ဖြေရှင်းမပေးဘူးလို့ သူကပြောပါတယ်။

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ကနောင်မင်းသားကြီးလမ်း၊ စက်မှုဇုန်အမှတ် (၄) ရှိ ကျိုရစ်ခ် (မြန်မာ) အထည်ချုပ်စက်ရုံမှ အလုပ်သမားအချို့အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ကနောင်မင်းသားကြီးလမ်း၊ စက်မှုဇုန်အမှတ် (၄) ရှိ ကျိုရစ်ခ် (မြန်မာ) အထည်ချုပ်စက်ရုံမှ အလုပ်သမားအချို့အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒါနဲ့ပတ်သက်လို့ စက်ရုံမန်နေဂျာကိုရော အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန (ရန်ကုန်) ကိုပါ RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

အလုပ်သမားတွေရဲ့ဆန္ဒမပါရင် အချိန်ပိုလုပ်ခိုင်းခွင့်မရှိဘူးလို့ သွေးစည်းညီညွတ်သော အလုပ်သမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကပြောပါတယ်။

“အိုဗာတိုင် (overtime) ဆိုတာက အလုပ်သမားရဲ့ လွတ်လပ်တဲ့ဆန္ဒနဲ့ဆင်းရတာ။ အလုပ်သမားဆန္ဒမပါရင် အလုပ်ရှင်ခေါ်လို့မရဘူး။ အဲဒါကို အလုပ်သမားက သိတယ်ဆိုလို့ရှိရင် ဒီနေ့မဆင်းနိုင်ဘူးပေါ့။ မဆင်းဘဲနေလို့ရတယ်။ ဒီနေ့မဆင်းဘူးဆိုလို့ရှိရင် နောက်နေ့မှာ ကျွန်မတို့ကို လုပ်ငန်းခွင်ထဲမှာ ခွဲခြားဆက်ဆံတယ်ဆိုလို့ရှိရင် ဥပဒေအရသွားရမယ်။ ဘယ်လိုပုံစံမျိုး ခွဲခြားဆက်ဆံတာလဲ။ EC (အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူ) စာချုပ်ချုပ်ထားလား။ ဒါဆို အလည (အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန) မှာရှင်း၊ EC စာချုပ် ချုပ်မထားသေးဘူးဆိုရင် အလစ (အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန) မှာရှင်း”

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း အထည်ချုပ်လုပ်ငန်းရှင်အသင်းဝင် စက်ရုံ ၈၁၇ ရုံရှိပြီး အဲဒီအထဲက ၅၄၆ ရုံကလည်ပတ်နေပေမယ့် ၂၇၁ ရုံက ရပ်နားထားတယ်လို့ ဖော်ပြထားပါတယ်။

လည်ပတ်နေတဲ့ စက်ရုံ ၅၄၆ ရုံထဲက ၃၁၁ ရုံဟာ တရုတ်နိုင်ငံသားတွေရဲ့ အထည်ချုပ်စက်ရုံတွေဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။