ကမ္ဘောဒီးယားဝန်ကြီးချုပ် မြန်မာပြည်သွားရောက်မှု ဂျပန်နိုင်ငံခြားရေးဝန်ကြီး ချီးမွမ်း
2022.01.12

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi ယိုရှိမာစာ ဟားယားရှီ က ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ပရက် ဆိုခွန် ကို အင်္ဂါနေ့က ဖုန်းဆက်ပြီး ဝန်ကြီးချုပ်ဟွန်ဆန် မကြာမီက နေပြည်တော်ကို သွားရောက်ပြီး မြန်မာပြည်ရဲ့လက်ရှိအခြေအနေကို ဖြေရှင်းဖို့ကြိုးစားခဲ့တာဟာ အပြုသဘောဆောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ချီးမွမ်းလိုက်ပါတယ်။
အခုလို ဟွန်ဆန် သွားရောက်ခဲ့တဲ့အတွက် မြန်မာတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီအကြား အပစ်ရပ်စဲရေးအတွက်ရော လူသားချင်းစာနာမှု ဆိုင်ရာ ကူညီရေးကိစ္စတွေအတွက်ပါ အကျိုးရှိစေတယ်လို့ သူကပြောပါတယ်။ ဝေဖန်သူတွေကတော့ ဂျပန်အစိုးရဟာ စစ်ကောင်စီကို အကြမ်းဖက်မှုတွေ ရပ်စဲဖို့ ပြောဆိုနေပေမယ့် တပြိုင်နက်မှာပဲ မြန်မာပြည်က သူ့အကျိုးစီးပွားတွေကို ကာကွယ်ဖို့နဲ့ တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးမှုကို တုံံ့ပြန်ရင်ဆိုင်ဖို့အတွက် စစ်ကောင်စီနဲ့ အနီးကပ်ဆက်ဆံနေတယ်လို့ ပြောပါတယ်။ စစ်ကောင်စီနဲ့ ဆက်ဆံရေးဖြတ်တောက်မယ်ဆိုရင် တရုတ်ပြည်နဲ့ ပိုမိုနီးကပ်အောင် တွန်းပို့ရာကျမှာကို အမေရိကန်အစိုးရရဲ့ မဟာမိတ်နိုင်ငံတချို့က စိုးရိမ်နေတယ်လို့လည်း ဆိုပါတယ်။
တိုကျိုမြို့ရှိ ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်း (ဂျပန်) ဥက္ကဋ္ဌ ဦးသန်းဆွေက ဂျပန်အစိုးရဟာ NUG နဲ့ ဆက်ဆံနေသလို တဖက်ကလည်း စစ်ကောင်စီနဲ့ ဆက်သွယ်နေပြီး မူဝါဒချမှတ်ရာမှာ သူတို့အကျိုးစီးပွားကို ထည့်သွင်းတွက်ချက်နေတယ်လို့ ပြောပါတယ်။
“ပြီးခဲ့တဲ့ နှစ်ရက်လောက်က JICA ကနေ အစီရင်ခံစာ ထွက်တာရှိတယ်။ အဲဒီအစီရင်ခံစာမှာ ဘာပါလဲဆိုရင် ဗမာနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်းထားလင့်ကစား ဗမာနိုင်ငံမှာ ဒီနိုင်ငံရေး အကြပ်အတည်းတွေ ပေါ်ပေါက်နေလင့်ကစား Investment လုပ်ထားတဲ့ ဂျပန်တွေကတော့ ၇ဝ ရာခိုင်နှုန်း လောက်ကတော့ အခြေအနေတွေကို စောင့်ကြည့်ပြီးတော့ ဗမာနိုင်ငံမှာ စီးပွားရေးတွေ ဆက်လုပ်သွားမယ်လို့ အစီရင်ခံစာထဲမှာ ပါတယ်။ ကျနော်တို့ဘက်က သုံးသပ်တာကတော့ JICA အပါအဝင် ဂျပန်စီးပွားရေး လုပ်ငန်းရှင် အတော်များများက စစ်အုပ်စုနဲ့ ပတ်သက်တဲ့ စီးပွားရေး ဆက်သွယ်မှုတွေ ရှိထားတဲ့အခါကျတော့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပေါ်လစီကတော့ ဒီ investment လုပ်ထားတဲ့ ဂျပန်တွေရဲ့ အကျိုးစီးပွားကို စောင့်ကြည့်ပြီးတော့ သူတို့ မြွေမသေ တုတ်မကျိုး ပေါ်လစီနဲ့ သွားနေတယ်လို့ ကျနော်တို့က သုံးသပ်မိတယ်”
တဆက်တည်းမှာပဲ သူတို့ ဂျပန်ရောက် မြန်မာတွေအနေနဲ့ ဂျပန်အစိုးရ အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီး NUG အစိုးရအပေါ် ထောက်ခံမှု ပိုမို ရရှိအောင် ဆက်လက် ဆောင်ရွက်မယ်လို့ ဦးသန်းဆွေက ပြောပါတယ်။
“အာဏာသိမ်းလိုက်တဲ့နေ့က စပြီးတော့ ၁ဝ ရက်အတွင်းမှာပဲ စစ်အုပ်စုကို အသိအမှတ်မပြုဖို့၊ နောက် CRPH စပြီးပေါ်လာတဲ့အချိန်၊ နောက်တခါ NUG စပြီး ဖွဲ့စည်း တည်ထောင်လိုက်တဲ့ အချိန်ထဲက CRPH နဲ့ NUG ကို အသိအမှတ်ပြုဖို့ဆိုတာ ကျနော်တို့ တောက်လျှောက် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကို အမြဲတမ်းသွားပြီး တောင်းဆိုတာတွေ ရှိတယ်။ နောက်တခါ မြန်မာနိုင်ငံအရေး လိုလားတဲ့ ဒီမိုကရေစီအမတ်တွေနဲ့ ပေါင်းပြီးတော့ နိုင်ငံခြားရေးဝန်ကြီးဌာနကို အကြိမ်ပေါင်းများစွာ သွားပြီးတော့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အကြိမ်ပေါင်းများစွာ သွားပြီး ကျနော်တို့ရဲ့ အစိုးရကို အသိအမှတ်ပြုဖို့ ပြောတဲ့ အခါတိုင်းမှာ သူတို့တွေကတော့ နှစ်ဖက်လုံးနဲ့ ထိတွေ့ဆက်ဆံမှု ရှိနေတယ်။ သူတို့ ဗမာနိုင်ငံရဲ့ အခြေအနေကို စောင့်ကြည့်နေတယ် ဆိုတဲ့ အပိုင်းကို သူတို့က အမြဲတမ်း ပြောတဲ့အခါကျတော့ ကျနော်တို့အနေနဲ့က ဒီအတိုက်အခံအမတ်တွေနဲ့ ဆက်လက်ပြီးတော့ NUG အစိုးရကို အသိအမှတ်ပြုဖို့အတွက် ရှေ့ဆက်လုပ်သွားဖို့ ရှိနေတယ်၊”
မြန်မာ့နိုင်ငံရေးလေ့လာသူ ရှေ့နေဦးကြီးမြင့်ကတော့ မြန်မာပြည်သူတွေအနေနဲ့ ဂျပန်အစိုးရကို နိုင်ငံရေးအရ အားကိုးလို့ မရဘူးဆိုတာ ထင်ရှားပါတယ်လို့ ဝေဖန်ပါတယ်။
“သို့သော်လည်းပဲ ကျနော်တို့ အနေအထားကြည့်တဲ့အခါမှာ ကျနော်တို့က ပြည်သူတရပ်လုံး ထောက်ခံတယ်ဆိုတာ တကမ္ဘာလုံးသိပေမယ့် လက်ရှိ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးတွေနဲ့ပတ်သက်လို့ ကျနော်တို့က သိပ်ပြီး လက်ဆုပ်လက်ကိုင် မပြနိုင်ဘူး။ ဒီအခြေအနေအောက်မှာ ဂျပန်က သတိနဲ့ ထားပြီး သူ့ဘက်မှာ ထိန်းသိမ်းတာပေါ့။ စီးပွားရေးနိုင်ငံတွေက ဒီလိုပဲ လုပ်မှာပဲ။ ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကလည်း မြန်မာနိုင်ငံမှာ အစပျိုးနေပြီ အဲဒါတွေ မပျက်စီးချင်ဘူးပေါ့နော်။ အဲလိုကြောင့်မို့ သူတို့က စီးပွားရေးအမြင်အရ လိုက်လျောညီထွေ ဆက်ဆံနေတယ်။ သို့သော်လည်း နိုင်ငံရေးအမြင်အရ အမေရိကန်ကို ဆန့်ကျင်မယ့် အလုပ်လည်း ဂျပန်က ဘယ်တော့မှလုပ်မှာ မဟုတ်ဘူး”
တကသ ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာ NUG အစိုးရဖွဲ့ထားတဲ့ PDF ကျားဖြူတပ်ခွဲ ၂ ခေါင်းဆောင် ကိုဇေယျာလွင် ကလည်း ဒါဟာ ကိုယ်ကျိုးစီးပွားအဓိကထားတဲ့ ပြည်ပနိုင်ငံတွေရဲ့ လုပ်နည်းလုပ်ဟန်ပဲလို့ ပြောပါတယ်။
“ဒါကတော့ တချို့နိုင်ငံတွေရဲ့ ပေါ်လစီပုံစံ လို့ပဲ မြင်တယ်။ အဓိက ကတော့ ပြည်သူတွေ ဒီတော်လှန်ရေးပေါ်မှာ တနိုင်ငံလုံးက အုံးအုံးကြွက်ကြွက် ပါဝင်နေမှုကို သူတို့ အသိအမှတ်ပြုဖို့တော့ လိုလိမ့်မယ်။ စစ်ကောင်စီနဲ့ အတိုင်းအတာတခုထိ ပတ်သက်တဲ့ကိစ္စကို ကျနော်တို့က အများကြီး စွက်ဖက်ပြောဆိုလို့ မရပေမဲ့ ဂျပန်အစိုးရနဲ့ တခြားနိုင်ငံတကာအစိုးရတွေ အားလုံးတွေကတော့ ကျနော်တို့ မြန်မာပြည်သူတွေရဲ့ စစ်ကောင်စီပေါ်မှာ တော်လှန်နေမှုနဲ့ NUG ရဲ့ ဦးဆောင်နေမှုကို မျက်ခြည်မပြတ်ဖို့နဲ့ အားပေးထောက်ခံဖို့လိုတယ်လို့တော့ကျနော် ပြတ်ပြတ်သားသား ပြောချင်ပါတယ်။”
အခုလို ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ခရီးစဉ်ကို ချီးမွမ်းနေစဉ်မှာပဲ မနေ့က ထပ်မံရရှိတဲ့သတင်းအရ ဒီလ ၁၈ ရက်နေ့ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပမယ့် အာဆီယံဝန်ကြီးအစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ အစည်းအဝေးကို အာဆီယံနိုင်ငံတချို့က မတက်ရောက်နိုင်ဘူးလို့ အကြောင်းကြားတဲ့အတွက် အခုလိုရွှေ့ဆိုင်းလိုက်တာဖြစ်တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဌာနကပြောပါတယ်။
အခုလို ဟွန်ဆန်က မြန်မာပြည်ကို သူတစ်ဦးတည်းသဘောဆန္ဒနဲ့ သွားရောက်ခဲ့မှုကြောင့် ဒီမိုကရေစီပြန်လည်ရရှိရေးလှုပ်ရှားနေတဲ့ မြန်မာလူထုအပေါ် ရက်စက်စွာ သတ်ဖြတ်ဖြိုခွဲနေတဲ့ စစ်ကောင်စီကို အထီးကျန်ပိတ်ဆို့အရေးယူရေး နိုင်ငံတကာကြိုးပမ်းမှုတွေကို ထိခိုက်စေတယ်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ အများအပြားက ယူဆနေကြကြောင်းလည်း သိရပါတယ်။