သုံးနှစ်အတွင်း အမျိုးသမီး ရှစ်ရာကျော် အသတ်ခံရပြီး သုံးထောင်ကျော် အဖမ်းခံထားရ
2024.05.07

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းတာကို လက်မခံနိုင်လို့ နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ကြတဲ့ အမျိုးသမီးတွေဟာ စစ်ကောင်စီရဲ့ သတ်ဖြတ်မှု၊ ဖမ်းဆီးထောင်ချမှုတွေကို ရင်ဆိုင်နေရပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ စာရင်းအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်အတွင်း အမျိုးသမီး ၈၀၆ ဦး အသတ်ခံရပြီး၊ ၃၃၃၂ ဦး ဖမ်းဆီးခံထားရပါတယ်။ အဲဒီအထဲက အမျိုးသမီး ၇၈၁ ဦးဟာ ထောင်မိန့်တွေ ချမှတ်ခံထားရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ အထွေထွေအတွင်းရေးမှူး နော်ခင်စန်းထွေး က ပြောပါတယ်။
“အာဏာသိမ်းပြီးနောက် အထဲမှာ လူမသိ၊ သူမသိနဲ့ သေဒဏ်ချမှတ်ခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေလည်း ရှိနေတယ်"
စစ်ကိုင်းတိုင်း နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးဟောင်း မလွင်ချိုမြင့်ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ပြီးခဲ့တဲ့လအတွင်း ထောင်ဒဏ် (၁၇) နှစ် ချမှတ်ခဲ့ပါတယ်။
ဒါဟာ မတရားဖမ်းဆီး ထောင်ချမှုဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မလွင်ချိုမြင့်ရဲ့ မိသားစုဝင် တစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ကောင်စီကတော့ ဆန့်ကျင်သူမှန်သမျှကို မတရားတဲ့ ပုဒ်မတွေနဲ့ ဖမ်းပြီးထောင်ချနေတာ။ မတရားတဲ့ ပုဒ်မနဲ့ထောင်ချတယ်ဆိုတာကလည်း ဖိနှိပ်တာ တစ်ခုပဲလေ။ ဖိနှိပ်တာများလေလေ တော်လှန်ရေးက ပိုပြီး ဆိုးလာတတ်ပါတယ်။ ဖိနှိပ်မှုတွေများလာရင်တော့ နေရာစုံကနေ ထကြွတော်လှန်တဲ့ ကိစ္စတွေကတော့ ဖြစ်လာဦးမှာပဲ။ ဆက်လည်းဖြစ်လာဦးမယ်လို့ ထင်ပါတယ်”
လျှပ်စစ်အင်ဂျင်နီယာ နောက်ဆုံးနှစ်ကျောင်းသူ မလွင်ချိုမြင့်ကို ၂၀၂၃ ခုနှစ် မေလ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်း၊ စိန်ကုန်းရပ်ကွက်က နေအိမ်မှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့တာပါ။
မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ရှင်ဒေဝီကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ နှစ်ခုနဲ့ အင်းစိန် ထောင်တွင်း တရားရုံးကနေ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။
စစ်ကောင်စီက ဆန့်ကျင်သူမှန်သမျှကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေချမှတ်ပြီး ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ တည်ထောင်သူ မဇူးဇူးမေယွန်း က ပြောပါတယ်။
“အာဏာသိမ်းပြီးနောက် အထဲမှာ လူမသိ၊ သူမသိနဲ့ သေဒဏ်ချမှတ်ခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေလည်း ရှိနေတယ်။ ရန်ကုန်မှာ မာရှယ်လောနဲ့မိရင်တောင် အနိမ့်ဆုံးပြစ်ဒဏ်က ဆယ်နှစ်ဆိုတာမျိုးနဲ့ ချမှတ်ကြတယ်။ ညီမတို့ အထဲမှာနေခဲ့တုန်းကလည်း သေဒဏ်တွေ၊ ထောင်တစ်သက်တွေ၊ နှစ်ကြီးသမားတွေကို ပြစ်ဒဏ်တိုက်ထဲမှာ ထည့်ထားတယ်။ ဘယ်သူနဲ့မှ ပေးမတွေ့တာမျိုး ခက်ခက်ခဲခဲ ဆင်းဆင်းရဲရဲနဲ့ နေနေကြရတယ်”
ဒါ့အပြင် စစ်တပ်ရဲ့ ဖမ်းဆီးခံထားရစဉ် အသက်ဆုံးခဲ့သူ၊ အာဏာစသိမ်းတဲ့နှစ်မှာကတည်းက ငြိမ်းချမ်းစွာ ဆန္ဒပြနေစဉ် ပစ်ခတ်သတ်ဖြတ်လို့ သေဆုံးခဲ့တဲ့ အမျိုးသမီးငယ်တွေလည်း ရှိနေပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မန္တလေးနဲ့ နေပြည်တော်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ အသက် (၁၉) နှစ်ကနေ (၂၀) ကြားအရွယ် မကြယ်စင်နဲ့ မမြသွဲ့သွဲ့ခိုင်တို့ဟာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံး ခဲ့ကြပါတယ်။
ပဲခူးတိုင်းအရှေ့ခြမ်း အချုပ်ထောင်တစ်ခုမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်အေး ကတော့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့က ဝေါမြို့နယ်တရားရုံးကနေ ရုံးထုတ်ပြီးအပြန်မှာ ထွက်ပြေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။
မတရား သတ်ဖြတ်ခံရမှုအတွက် တရားမျှတမှု လိုချင်တယ်လို့ မနိုဘယ်အေးရဲ့မောင်ဖြစ်သူ ကိုထက်မြက် က ပြောပါတယ်။
“ဆုံးရှုံးနေတဲ့ လူ့အခွင့်အရေးတွေကို ပြန်ရယူချင်တယ်။ မတရား ညှဉ်းပန်းသတ်ဖြတ်တာတွေနဲ့ပတ်သက်ပြီး တရားမျှတမှုကို ပြန်ရယူချင်တယ်။ ကျွန်တော့်အစ်မ တစ်ယောက်တည်းတင်မဟုတ်ဘဲ မြန်မာနိုင်ငံမှာရှိသော အမျိုးသမီးတွေ အားလုံးအပေါ်မှာ နည်းမျိုးစုံနဲ့ အာဏာရယူထားသော အင်အားစုရဲ့ ချိုးဖောက်နေမှုတွေကို ကျွန်တော် ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်”
မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူး နော်ခင်စန်းထွေး ကတော့ စစ်တပ်အာဏာ သိမ်းပြီးနောက် မှာ မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ ပုံသဏ္ဌာန်မျိုးစုံနဲ့ သတ်ဖြတ်ခံနေရတယ်လို့ RFA ကို ပြောပါတယ်။
“သေဆုံးသွားခဲ့ရတဲ့ အခြေအနေတွေကို ကြည့်မယ်ဆိုရင် အများစုက လေကြောင်းတိုက်ခိုက်ခံရလို့ အသက်သေဆုံးရတာ၊ လက်နက်ကြီးပစ်ခတ်ခံရလို့ သေဆုံးရတာ၊ မြေမြှုပ်မိုင်းကြောင့် အသက်သေဆုံး ရတာတွေအပြင်ကို မုဒိမ်းကျင့်ပြီးတော့မှ သတ်ဖြတ်ခံရတာတွေလည်း ပါပါတယ်။ နောက်တစ်ခုက စစ်ကြောရေးမှာ သေဆုံးသွားရသလို စစ်ပွဲဖြစ်နေတဲ့ ပဋိပက္ခအခြေအနေမှာ ပစ်သတ်ခံရတဲ့ အခြေအနေမျိုးတွေလည်း မြင်တွေ့ရပါတယ်"
ဒီလို ဥပဒေမဲ့ သတ်ဖြတ်မှု၊ ဖမ်းဆီးမှုတွေကို လက်မခံနိုင်တဲ့ အမျိုးသမီးတချို့ကတော့ အမျိုးသားတွေနဲ့တန်းတူ ရှေ့တန်းစစ်မျက်နှာမှာ ပါဝင်ပြီး တိုက်ပွဲဝင်နေကြပါတယ်။
သူနာပြုဆရာမ ဘဝကနေ CDM လုပ်ပြီး ရှေ့တန်းစစ်မြေပြင်မှာ ဒဏ်ရာရ တော်လှန်ရေးသမားတွေကို ဆေးကုသပေးနေတဲ့ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးကတော့ ဘယ်လိုပဲ အကြမ်းဖက် သတ်ဖြတ်မှုတွေ ရှိနေပါစေ အာဏာရှင်တော်လှန်ရေးကို အဆုံးအထိ ပါဝင်သွားမယ်လို့ ပြောပါတယ်။
“မိန်းကလေးတွေကို ဖမ်းမိပြီဆိုရင် စစ်ကြောရေးမှာကို လိင်အကြမ်းဖက်ခံရတာ။ များသောအားဖြင့် မုဒိမ်းကျင့်တဲ့အဆင့်ထိ မဟုတ်ရင်တောင် လူတိုင်းနီးပါး လိင်အကြမ်းဖက်မှုကို ခံစားရတယ်။ သူတို့က အမျိုးသမီးတွေအပေါ် ပိုပြီး လူ့အခွင့်အရေးတွေ ချိုးဖောက်တယ်။ အကြမ်းဖက်မှုတွေ ပိုလုပ်တယ်။ အာဏာသိမ်းတာကို ပထမဆုံး ကြုံရတာဆိုပေမယ့် ရှေ့မှာလည်း သမိုင်းတွေကို ပြန်ကြည့်မယ်ဆိုရင် တောက်လျှောက်အာဏာသိမ်းခဲ့တော့ ညီမတို့ မျိုးဆက်မှာ နောက်ဆုံးဖြစ်ပါစေဆိုတဲ့ စိတ်နဲ့ အဆုံးထိ တိုက်ရမယ်။ ဒါကို ညီမတို့မျိုးဆက်မှာ အမြစ်ဖြတ်မယ်ဆိုတဲ့စိတ်နဲ့ နောက်ဆုံးအထိ ပါဝင်သွားမယ်"
တစ်နိုင်ငံလုံးက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ် မေလ ၁ ရက် ထုတ်ပြန်ချက်မှာတော့ စစ်အာဏာသိမ်း သုံးနှစ်ကျော်အတွင်း အမျိုးသမီး ၉၂၃ ဦး သေဆုံးပြီး၊ ၅၄၈၃ ဦး ဖမ်းဆီးခံထားရတယ်လို့ ဖော်ပြထားပါတယ်။
အာဏာသိမ်းသက်တမ်း အချိန်ကြာလာတာနဲ့အမျှ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုများလာနေပြီး၊ ဒီကိစ္စတွေအတွက် တရားမျှတမှု ပြန်ရရှိအောင် လုပ်ဆောင်သွားမယ်လို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။