ပွင့်လင်းရာသီအတွင်း နိုင်ငံတစ်ဝန်း တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်

နိုင်ငံတစ်ဝန်းမှာ အာဏာသိမ်း ၂၁ လအတွင်း တိုက်ပွဲပေါင်း ၇,၇၀၀ ကျော်ဖြစ်ပွားခဲ့တယ် လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ ISP Myanmar က အောက်တိုဘာလ ၁၉ ရက်နေ့ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
ကရင်ပြည်နယ်တစ်ပြည်နယ်တည်း တိုက်ပွဲပေါင်း ၄,၃၈၃ ကြိမ်ထက်မနည်းရှိခဲ့ပြီး နိုင်ငံ တစ်ဝန်းမှာ တိုက်ပွဲအများဆုံး ဖြစ်ပွားပါတယ်။ စစ်ကိုင်းတိုင်းမှာ တိုက်ပွဲပေါင်း ၈၃၀ ထက် မနည်း ဖြစ်ပွားခဲ့ပြီး ဒုတိယ အများဆုံး ဖြစ်ပါတယ်။
KNU ထိန်းချုပ်နယ်မြေဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့လူငယ်တွေကို ကူညီပေးတဲ့ နယ်မြေဖြစ်တာကြောင့် စစ်ကောင်စီကလည်း ကရင်ပြည်နယ်ကို ပစ်မှတ်ထားပုံရတယ်လို့ ISP Myanmarရဲ့ အကြီးတန်းသုတေသီ ကိုကျော်ထက်အောင်က ပြောပါတယ်။
"အဆုံးသတ်တိုက်ပွဲအတွက် ကြိုးပမ်းမယ်ဆိုတဲ့ အနေအထားတွေ တွေ့ရတယ်။ ပိုပြီးတော့ ပြင်းထန်လာမယ်လို့ ယူဆပါတယ်၊ လူထုတော့ တော်တော်ဒုက္ခရောက်ပါလိမ့်မယ်"
"KNU ထိန်းချုပ်ရေး နယ်မြေထဲမှာဆိုရင် အာဏာသိမ်းမှုကို ဆန်ကျင်တဲ့ လူငယ်တွေ၊ တခြား ဒီမိုကရက်တစ် လှုပ်ရှားတဲ့သူတွေကို Host လုပ်ပြီးတော့ သူတို့ကကူညီပေးတာ တွေ အများကြီးရှိကြတယ်။ များသောအားဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တော်တော်များများကလည်း အဲဒီမှာပဲ စပြီးတော့ အခြေတည်ကြတာတွေလည်း ရှိကြ တယ်။ အဲဒီမှာ Training ရတာတွေ ဘာတွေရှိတယ်ပေါ့နော်၊ အဲဒီအခါကျတော့ စစ်ကောင်စီအနေနဲ့လည်း ဒီဟာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ အဲဒီဘက်ကို Target ထားပြီးတော့ ဖြေရှင်းတာ တွေ့ရတယ်ပေါ့"
ISP Myanmar ရဲ့ တိုက်ပွဲအရေအတွက်စာရင်းဟာ လက်လှမ်းမီသလောက် ကောက်ယူ ထားတဲ့ စာရင်းဖြစ်တာ ကြောင့် လက်တွေ့မြေပြင်အခြေအနေမှာ ဒီထက်ပိုနိုင်တယ်လို့ လည်း ဆိုပါတယ်။
ဖားကန့်မြို့နယ်၊ အနန့်ပါက တေးဂီတဖျော်ဖြေရေးပွဲကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့က တိုက်ခိုက်ခဲ့တာကြောင့် ကေအိုင်အိုအရာရှိတွေ အပါ အဝင် လူ ၆၀ ကျော် သေဆုံးခဲ့ရပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကတော့ အဲဒီနေ့က ထိခိုက်မှုတွေကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်သွားမယ်လို့ အောက်တိုဘာလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ ကေအိုင်အိုတည်ထောင်တဲ့ ၆၂ နှစ်မြောက် နှစ်ပတ်လည်နေ့ ထုတ်ပြန် ချက်မှာ ပြောဆိုခဲ့ပါတယ်။
ကချင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့လည်း ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
"အခုဟာက ဗန်းမော်ဘက်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ လုံဂျာဘွန်ဘက် မှာလေ၊ ဒီနေ့တော့ နည်းနည်းပြန်ငြိမ်နေတယ်၊ ဒါပေမဲ့ ထိုးတာတော့ ဆက်တိုက်ပြန်ထိုး နေတယ်။ လေယာဉ်နဲ့ ပြန်ထိုးနေတယ်။ နောက်တစ်ခု ရှိတာကတော့ ဖားကန့်ဘက်မှာ လည်း စစ်ကောင်စီဘက်ကတော့ စစ်ရေးပြင်ဆင်တာ တော်တော်များများ ပြင်ဆင်နေ ကြတာ အားလုံးပြည်သူလူထုလည်းအသိပဲဖြစ်နေတာ၊ ကတုတ်ကျင်းတွေ တူးတာတွေ့မှာ ပါ၊ နောက်တစ်ခုရှိတာတော့ ကာချုပ်လည်း မဖကကိုရောက်ပြီးမှ သူတို့ကို အကုန်တပ်လှန့် ထားတယ်လို့ သတင်းတွေ ကြားပါတယ်။ အဲဒါတွေကလည်း စစ်ရေးကတော့ ပိုပြီးတော့မှ တင်းမာလာနိုင်မယ့် အနေအထားတော့ ဖြစ်ပါတယ်"
KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း စစ်ကောင်စီဘက်က အခုနောက်ပိုင်း စစ်ဆင်ရေးတွေကို ကုန်းကြောင်းကနေ ထိုးစစ်ဆင်တာမျိုးမဟုတ်ဘဲ လေကြောင်း တိုက်ခိုက်မှုတွေကိုသာ တွင်တွင်ကျယ်ကျယ် သုံးလာတာတွေ့ရတယ်လို့ ပြောပါတယ်။
"များလာဖို့တော့ ရှိတာပေါ့၊ ဒါက နွေလည်းပေါက်တယ်၊ လမ်းပန်းဆက်သွယ်ရေးက ဟိုမိုးရာသီထက် အကန့် အသတ်နည်းလာတယ် အဲဒါက တစ်ချက်ပေါ့၊ နောက်တစ်ခုက ဖြေရှင်းပုံ ဖြေရှင်းနည်းက တခြားနည်းလမ်း လည်း သူမလုပ်တတ်ဘူးဆိုတော့လေ၊ ဒီနည်းလမ်းပဲ သူလုပ်လိမ့်မယ်၊ ပြောရမယ်ဆိုရင် မြင်နေရတဲ့ အနေအထားက သူ လုပ်တဲ့ပုံကတော့ အရင်ကနဲ့ လုံးဝမတူတော့ဘူးဆိုတာ သွားတွေ့ရတယ်။ ဒီစစ်ဆင်ရေး လုပ်နည်း လုပ်ဟန်တွေက အခုဆို လေကြောင်းကိုပိုပြီးတော့ အားကိုးလာတယ်။ လေကြောင်းအပေါ်မှာ အများကြီးမှီခို လာတယ်ဆိုတာ ကျနော်တို့ သွားတွေ့ရတယ်"
ပြည်တွင်းကာကွယ်ရေးတပ်တွေကို KNU နယ်မြေကနေ မွေးထုတ်လိုက်တယ်လို့ ယူဆ ချက်တွေနဲ့ KNU ထိန်းချုပ်ရာ တပ်မဟာရှစ်ခုကို ပုံစံမျိုးစုံ၊ စစ်ဆင်ရေးမျိုးစုံနဲ့ ဖိတိုက်နေ တာလို့လည်း ဆိုပါတယ်။
အာဏာသိမ်း စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ စစ်ကောင်စီအနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ တွေမရှိဘဲ PDF တွေကိုသာ နှိမ်နင်းနေတာလို့ မကြာခဏပြောဆိုထားပါတယ်။
ဒါပေမဲ့လည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာက စာသင်ကျောင်းကို စစ်ကောင်စီက လေကြာင်းနဲ့ တစ်နာရီနီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အသက် မပြည့်သေးတဲ့ ကလေးခုနစ်ဦးနဲ့ လူကြီးခြောက်ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကောင်စီတပ်စစ်ကြောင်းတွေ မြေပြင်ကတောင် အသွားအလာမလုပ်တော့ဘဲ လေယာဉ်နဲ့ပဲ အပြောင်းအရွှေ့ လုပ်နေတယ်လို့ ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။
လာမယ့်ပွင့်လင်းရာသီမှာ စစ်ကိုင်းတိုင်းကို အထူးစစ်ဆင်ရေးတွေနဲ့ ထိုးစစ်ဆင်မယ်လို့ သတင်းတချို့ ထွက်ပေါ်နေတယ်လို့လည်း ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
"သူတို့က မီးရှို့တယ်၊ လူသတ်တယ် ဒီဟာတွေက အမြဲတမ်း ဒဏ်ခံရတယ်။ ဒီဟာပဲ လုံးလည်လိုက်ပြီးတော့ နေနေကြရတာ။ ကျန်နော်တို့လည်း ထင်တော့ ထင်ပါတယ်၊ တစ်ချိန်ချိန်မှာတော့ စစ်ကောင်စီက လာမယ်ဆိုတာ၊ သူတို့က အခုမှ စစ်ဆင်ရေး လုပ်မယ်လို့သာ ပြောနေကြတာ အရင်တုန်းကလည်း စစ်ဆင်ရေး လုပ်နေတာပဲ၊ ပြည်သူတွေကတော့ ခံနေရတာများနေတာပေါ့၊ သူတို့မရှိမှ တော်လှန်ရေးပြီးမှာ၊ ပြည်သူတွေက လက်ခံ ထားကြတဲ့အတိုင်းပေါ့၊ ကျနော်တို့ဘက်ကတော့ ပြင်ဆင်စရာ ရှိတာ ပြင်ဆင်တယ်၊ သူတို့လည်း သူတို့ပြင်ဆင် စရာရှိတာ ပြင်ဆင်မယ် ကျနော်တို့ လည်း လုပ်စရာရှိတာ လုပ်မယ်၊ ပြင်ဆင်စရာရှိတာ ပြင်ဆင်မယ်"
အာဏာသိမ်းထားတဲ့ ဒီကာလတွေမှာ မကွေး၊ စစ်ကိုင်း၊ ကရင်၊ ချင်းနဲ့ ကယား၊ ကချင်နဲ့ ရခိုင်ပြည်နယ်တွေမှာ နေ့စဉ်တိုက်ပွဲတွေ ရှိနေခဲ့တာပါ။
အာဏာသိမ်းကာလ ကြာလေလေ ပြည်တွင်းစစ်အရှိန်ကလည်း ကြီးမားလာလေ ဖြစ်နေ တာကြောင့် မြန်မာနိုင်ငံရဲ့ အနာဂတ်ကာလ မြန်မာနိုင်ငံမှာ အဆုံးသတ် တိုက်ပွဲအတွက် စစ်မီးတောက်တွေ ကြီးထွားလာမယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးဖြစ်တဲ့ ဦးသန်းစိုးနိုင်က ပြောပါတယ်။
"မြန်မာပြည်ရဲ့ အခြေအနေကတော့ အထွေထွေပြိုကွဲမှုကို ဦးတည်နေပါတယ်။ အခုဆိုရင် တိုက်ပွဲတွေက ကျေးလက်ကနေ မြို့ပြတွေအထိ ဦးတည်နေပြီ၊ လမ်းပန်းဆက်သွယ်ရေးဆိုလည်း အတော်ကို ပြတ်တောက် နေပြီ၊ ပြည်တွင်းစစ်ရဲ့ အရှိန်အဟုန်က မြင့်မားလာပြီးတဲ့နောက်မှာ ဒီစစ်အာဏာရှင် စနစ်ပြုတ်ကျရေး လူထုရဲ့ တိုက်ပွဲကို နောက်လာမယ့်နှစ်မှာ အဆုံးသတ်တိုက်ပွဲအတွက် ကြိုးပမ်းမယ်ဆိုတဲ့ အနေအထားတွေ တွေ့ရတယ်။ ပိုပြီးတော့ ပြင်းထန်လာမယ်လို့ ယူဆပါတယ်၊ လူထုတော့ တော်တော်ဒုက္ခရောက်ပါလိမ့်မယ်"
ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ကြီးမားလာတာနဲ့အမျှ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ဦးရေလည်း ပိုတိုးလာသလို လက်နက်ကိုင် ခုခံမှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းဟာ အရပ်သား သေဆုံးမှု အများဆုံးအဖြစ် ၁,၅၁၂ ဦးထိ သေဆုံးခဲ့တယ်လို့ ISP Myanmar ရဲ့ အောက်တိုဘာ ၁၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။