စစ်အာဏာသိမ်းမှုနောက်ကွယ်မှာ ဘယ်သူရှိနေသလဲ
2021.02.28
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို နိုင်ငံအများစုက ပြစ်တင်ရှုတ်ချကြပြီး ဒီနောက်ကွယ်မှာ တရုတ်နိုင်ငံက ထောက်ခံအားပေးတယ်ဆိုတဲ့ သတင်းတွေလည်းရှိတဲ့အကြောင်း အိန္ဒိယ ANI သတင်းမှာ မနေ့က ဖော်ပြလိုက်ပါတယ်။ တရုတ်စစ်သားတွေကို လေယာဉ်တွေနဲ့ မြန်မာနိုင်ငံတွင်းခေါ်ဆောင်လာတယ်။ ဒါမှမဟုတ် မြို့တွေထဲ တရုတ်နဲ့တူတဲ့ စစ်သားတွေတွေ့ရတယ်ဆိုတဲ့ စွပ်စွဲချက်အမျိုးမျိုးရှိတယ်လို့ ထိုင်ဝမ် Times က ဖော်ပြတဲ့အကြောင်းလည်း ANI က ရေးသားထားပါတယ်။
စစ်အစိုးရအတွက် တရုတ်က Firewall ကွန်ပျူတာ software တပ်ဆင်နိုင်ဖို့ အကူအညီ ပေးတယ်ဆိုတာတွေလည်း မြန်မာလူမှုကွန်ရက်မှာ ဖော်ပြကြပါတယ်။ ဒါဟာ အတိုက်အခံတွေ online ကနေ စည်းရုံးစုစည်းလို့ မရအောင် ကူညီတာလို့ ဆိုပါတယ်။ ASPI- သြစတေးလျ မဟာဗျုဟာမူဝါဒရေးရာ အဖွဲ့က မကြာခင်ကထုတ်ပြန်တဲ့ အစီရင်ခံစာတစောင်မှာဆိုရင် နိုင်ငံတကာလေကြောင်းလိုင်းတွေ ပိတ်ပင်ထားချိန်မှာ မှတ်ပုံတင်မထားတဲ့လေယာဉ်တွေ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြန်မာနိုင်ငံမှာ ညတိုင်းဆင်းသက်တယ်လို့ ဖော်ပြပါတယ်။ လေယာဉ်တွေမှာ အမျိုးအမည်မသိ ကုန်စည်ပစ္စည်းတွေနဲ့ လူတွေပါလာတယ်လို့ဆိုပါတယ်။
ဒါတွေဒီလိုရှိပေမဲ့ တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုကို ထောက်ခံတဲ့ ကြေညာချက်လည်း မထုတ်ပြန်၊ ကန့်ကွက်တဲ့ ကြေညာချက်လည်း မထုတ်ပြန်ပါဘူး။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Chen Hai ကလည်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်တာကို တရုတ်အစိုးရက အံ့သြသွားတယ်လို့ပြောတာပါ။ စစ်အာဏာသိမ်းဖို့ အကွက်ချသူတွေကို တရုတ်က ကမကထလုပ်တယ်လို့ ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံးမှာ ဒီမိုကရေစီရေးလိုလားတဲ့သူတွေ ဆန္ဒလာပြပြီးမှ အဲဒိလိုပြောကြားတာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ရော စစ်တပ်နဲ့ပါ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံတယ်လို့ ပြောတဲ့အကြောင်း Taiwan Times သတင်းကဖော်ပြပါတယ်။ ရှေ့မတိုး နောက်မဆုတ်ဖြစ်နေတဲ့ ရေအားလျှပ်စစ် စီမံချက်တွေ ပြန်စတင်ချင်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီလ ၁၆ ရက်နေ့က ကြေညာလိုက်တဲ့အခါ တရုတ်နိုင်ငံက ပုန်းလျှိုးကွယ်လျှိုး ပါဝင်ပတ်သက်တဲ့ ကိစ္စ ပိုဆိုးဝါးတယ်လို့ ANI က သုံးသပ်ပါတယ်။
ရုရှားနိုင်ငံက Sputnik သတင်းတပုဒ်မှာ ပြည်တွင်းက Myanmar Now သတင်းမှာ သောကြာနေ့က ဖော်ပြတာကို ကိုးကားပြီး ရာထူးကဖယ်ရှားခံလိုက်ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားတဲ့ အိမ်ကနေ ဘယ်မှာမှန်း မသိရတဲ့ တနေရာကို လွန်ခဲ့တဲ့ ၆ ရက်က နေရာရွှေ့လိုက်တယ်လို့ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာဟာ နာကျည်းစရာဖြစ်ပြီး စစ်တပ်အကြီးအကဲအာဏာဆုပ်ကိုင်တဲ့ ရည်မှန်းချက်ပါပဲလို့ အမေရိကန်က အထင်ကရ Washington Post သတင်းစာမှာ ဒီလ ၁၀ ရက်နေ့က ဖော်ပြခဲ့ဖူးပါတယ်။ အာဏာသိမ်းတာဟာ ပုဂ္ဂိုလ်ရေးပဲလို့ တာဝန်ရှိ အရာရှိဟောင်းတွေက ပြောတယ်လို့လည်း ဆိုပါတယ်။
၁၉၅၆ ခုဖွား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ခုဆန္ဒပြပွဲတွေ ဖြစ်ပွားနေတဲ့ ရန်ကုန်မြို့လယ်က တိုက်ခန်းမှာ နေခဲ့တဲ့အကြောင်း၊ ရန်ကုန်တက္ကသိုလ်မှာ ဥပဒေအဓိကဘာသာရပ်တက်ရောက်ချိန်မှာ အတန်းဖော်တွေက စစ်အစိုးရကို ကန့်ကွက်ဆန္ဒပြချိန်မှာ သူ့အာရုံက တခြားမှာရှိတဲ့အကြောင်း၊ စစ်တက္ကသိုလ်ဝင်ခွင့်လျှောက်ထားတာ သုံးကြိမ်မြောက်တဲ့ ၁၉၇၄ ခုမှာ ဝင်ခွင့်ရတဲ့အကြောင်း၊ ၂၀၁၁ မတ်လမှာ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခံရတဲ့ အကြောင်း စတဲ့ သူ့ဘဝကောက်ကြောင်း တစွန်းတစကို ဖော်ပြထားပါတယ်။
၂၀၁၆ မှာ စင်ကာပူဝန်ကြီးချုပ် Lee Hsein Loong မြန်မာနိုင်ငံကိုတရားဝင်ခရီးလာရောက်ချိန်က စစ်ဌာနချုပ်မှာပဲ တွေ့ဖို့ပြောကြားခဲ့တာကိုလည်း ဖော်ပြပါတယ်။ သူ့သမီး ခင်သီရိသက်မွန်ဟာ ၂၀၁၇ မှာ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားဌာန တည်ထောင်တာ၊ သား အောင်ပြည့်စုံဟာ ဓာတ်ပုံဝါသနာအိုးဖြစ်ပြီး ၂၀၁၈ က ပြသတဲ့ The Journey of Blood Jade သွေးစွန်းသောကျောက်စိမ်းခရီးပြပွဲမှာ ပါဝင်ပတ်သက်တာကိုလည်း ရေးထားပါတယ်။
Russia Today နဲ့ မနှစ်က ဇွန်လမှာ လုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ကာကွယ်ရေးဦးစီးချုပ်ထက် မြင့်မားတဲ့ တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားတဲ့အကြောင်းနဲ့ သတင်းဆောင်းပါးကို အဆုံးသတ်ထားပါတယ်။