WFP အကူအညီရပ်ဆိုင်းမှုကြောင့် ဒုက္ခသည်တွေ စားနပ်ရိက္ခာ ပိုခက်ခဲလာနိုင်
2025.03.15

ရန်ပုံငွေလိုအပ်ချက် ကြီးမားတာကြောင့် မြန်မာနိုင်ငံက လူဦးရေ တစ်သန်းကျော်ကို ထောက်ပံ့မှုတွေ ရပ်တန့်တော့မယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခာ အစီအစဥ် (WFP) က မတ် ၁၄ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဥ် (WFP) က ထောက်ပံ့မှုတွေ ရပ်တန့်လိုက်မယ်ဆိုရင် လက်ရှိ စားနပ်ရိက္ခာ လိုအပ်ချက် ကြီးမားနေတဲ့ မြန်မာဒုက္ခသည်တွေ ပိုပြီးအခက်အခဲတွေနဲ့ ရင်ဆိုင်လာရနိုင်တယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။
ကရင်နီ ကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အတွင်းရေးမှူး (၂) ဖြစ်သူ ကိုဗညားက WFP အကူအညီတွေ ဖြတ်တောက်လိုက်ရင် ကယားပြည်နယ်မှာ နေ့စဥ် အကူအညီလိုအပ်နေတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲကျော်အတွက် စားသောက်ရေးအပိုင်းမှာ ပိုခက်ခဲသွားမယ်လို့ ပြောပါတယ်။
“အရပ်ဘက်အဖွဲ့တချို့ဖြစ်စေ၊ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တချို့ ဖြစ်စေပေါ့နော်။ ကျွန်တော်တို့ လူသားချင်းစာနာမှုဆိုင်ရာကိစ္စကို ဝိုင်းဝန်းပြီးတော့မှ ကရင်နီပြည်နယ်မှာ ထောက်ပံ့နေတာရှိတယ်။ အကယ်၍ WFP ဖြတ်တောက်လိုက်မယ်ဆိုရင် သေချာတာ တစ်ခုက နစ်နာပြီးသား၊ USAID ကနေတစ်ဆင့် ဖြတ်တောက်ပြီးသားကနေ နောက်တစ်ဆင့် ထပ်ပြီး နစ်နာသွားနိုင်တယ်။ ဒုက္ခရောက်သွားနိုင်တယ်လို့ ပြောလို့ရတယ်”
ကယားပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းခွဲကျော် ရှိပါတယ်။ အဲဒီထဲက လူဦးရေ တစ်သိန်းခွဲကျော်က နေ့စဥ်အကူအညီတွေ လိုအပ်နေတာကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေကို မျှော်လင့်နေရတယ်လို့ ဆိုပါတယ်။
“ဒုက္ခသည်တွေ ဘဝရပ်တည်ရေး ပိုကျပ်တည်းလာမှာကို စိုးရိမ်နေပါတယ်”
ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်အစပ်က ဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးကလည်း WFP အကူအညီကို မှီခိုနေရတဲ့ စစ်ဘေးဒုက္ခသည် အနည်းဆုံး ငါးသောင်းကျော်အတွက် စိုးရိမ်နေပါတယ်။
“ရှမ်းပြည်ကို WFP က ကွတ်ခိုင်တစ်ကြော ရှိတယ်ဗျာ။ သိန္နီတစ်ကြော ရှိတယ်ဗျာ။ အဲဒီတော့ ရှမ်းပြည်မှာ ဒုက္ခသည်က ငါးသောင်းနဲ့အထက်မှာရှိတာ သေချာတယ်။ ဆန်၊ ပဲ၊ ဆီ၊ ဆားပေးတယ်။ ပိုက်ဆံပေးတယ် အစားအသောက်အတွက်။ တစ်လစာ တစ်လစာပေါ့။ အစားအသောက်ရော သွားတိုက်ဆေးဘာညာ ဝယ်လို့ရဖို့အတွက် ပြီးခဲ့တဲ့နှစ်က ၃၈,၅၀၀ ပေးတယ်ဗျာ”
WFP ထောက်ပံ့မှုနဲ့ ရပ်တည်နေရတဲ့ ရှမ်းပြည်တောင်ပိုင်းက စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်တဲ့ ဒေါ်ဝေဝေကလည်း ဒုက္ခသည်တွေ ဘဝရပ်တည်ရေး ပိုကျပ်တည်းလာမှာကို စိုးရိမ်နေပါတယ်။
“သူတို့ လာထောက်ပံ့တော့ ကျွန်မတို့အတွက် ဖူလုံတာပေါ့လေနော်။ အလုပ်လည်းမရှိ တစ်ဖက်နဲ့ဆိုတော့လေနော်။ ဆန်လေးရှိထားတော့ ဆန်ဆိုရင် တစ်ယောက် ခြောက်ပြည်နဲ့ ခြောက်ဗူး၊ ဆီက တစ်လီတာ ရတယ်။ ကလေးငယ်တွေဆို အဟာရမှုန့်ပေါ့နော်။ သူတို့ပေးတာ ဆီက မိသားစု ငါးယောက်ဆို မိသားစုတစ်စုဆို နှစ်ပိဿာခွဲလောက်တော့ ရတယ်လေ။ အလုပ်မရှိရင်လည်း ဒီဟာလေးနဲ့ ထိုင်စားလို့ ရတာပေါ့။ အခုဆိုရင် ထိုင်စားဖို့ မပြောနဲ့ ဘယ်ဘက်မှ လမ်းမမြင်ဘူး။ ဝယ်စားရတာလည်း ဈေးက နှစ်ဆ၊ ဒီဘက်ဆို ကုန်ဈေးနှုန်း ပိုမြင့်တယ်လေ”
ဆက်နွှယ်သောသတင်းများ
နိုင်ငံတစ်ဝန်း ငတ်မွတ်မှုဒဏ်ရင်ဆိုင်နေရသူ ၁၅ သန်းကျော်အထိ မြင့်တက်လာ
ကချင်နဲ့ ကယားက ဒုက္ခသည်တွေ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ
မြန်မာနိုင်ငံမှာ လူဦးရေ ၁၃ သန်းကျော် စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရ
ရခိုင်ပြည်နယ်က ဒုက္ခသည်အများစုကလည်း WFP အထောက်အပံ့တွေကို မှီခိုနေရပါတယ်။ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ အနည်းဆုံး လူဦးရေ ခုနစ်သိန်းကျော် နေရပ်စွန့်ခွာနေရပြီး သူတို့အတွက် WFP အကူအညီမရတော့ရင် အတော်လေး ကျပ်တည်းသွားမယ်လို့ ဒုက္ခသည်အရေး ကူညီသူတစ်ဦးဖြစ်တဲ့ ဦးခိုင်ကောင်းစံက ပြောပါတယ်။
“အခုလိုမျိုး ဖြတ်တောက်လိုက်တဲ့အခါကျတော့ ရခိုင်မှာရှိနေတဲ့ ဒုက္ခသည်အသစ်တွေ၊ အဟောင်းတွေ အတော်လေး အခက်ကြုံကြမှာပေါ့။ ဆန်လိုမျိုး အခြေခံရိက္ခာတွေရှိရင် ကျန်တဲ့ဟာတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရပ်တည်လို့ ရတာပေါ့နော်။ နဂိုကတည်းကမှ တိုင်းပြည်က ဆင်းရဲတယ်။ ပြည်တွင်းစစ်ဒဏ်ကြောင့်ဆိုလည်း ဖြတ်တောက်မှုတွေ ခံထားရတယ်။ အဲဒီမှာမှ WFP တို့ကလည်း သူတို့ရဲ့ ငွေကြေးအခက်အခဲတွေကြောင့် ဖြတ်တောက်မယ်ဆိုရင်တော့ တော်တော် ခက်ခဲမှုတွေ ကြုံတွေ့သွားကြရမှာပေါ့”
လာမဲ့ဧပြီလကစပြီး WFP က သူတို့ရဲ့ အကူအညီတွေ ရပ်တန့်မှာဖြစ်ပြီး ဒီအခြေအနေကြောင့် WFP ရဲ့ အထောက်အပံ့ကိုပဲ အားထားနေရတဲ့ ရိုဟင်ဂျာတွေ အပါအဝင် ရခိုင်ပြည်နယ်အလယ်ပိုင်းက နေရပ်စွန့်ခွာသူ တစ်သိန်းကိုပါ ထိခိုက်မယ်လို့ ဆိုပါတယ်။
“WFP ရဲ့ စားနပ်ရိက္ခာဖြတ်တောက်မှု အခြေအတွေကြောင့် ကြုံရမဲ့အခြေအနေကို မှန်းဆလို့ မရသေးပါဘူး”
ထိုင်း-မြန်မာနယ်စပ်မှာ ကာလရှည်ကြာနေထိုင်နေတဲ့ ကရင်စစ်ဘေးဒုက္ခသည်တွေလည်း စားနပ်ရိက္ခာ ဖြတ်တောက်ခံရမဲ့အခြေအနေ ရှိနေပါတယ်။
ကရင်အမျိုးသား အစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောတောနီးကတော့ WFP ရဲ့ စားနပ်ရိက္ခာဖြတ်တောက်မှု အခြေအတွေကြောင့် ကြုံရမဲ့အခြေအနေကို မှန်းဆလို့ မရသေးဘူးလို့ ပြောပါတယ်။
လက်ရှိမှာ အရေးပေါ် အသက်ကယ်ရေး စားနပ်ရိက္ခာ အထောက်အပံ့တွေ ရပ်ဆိုင်းသွားပေမဲ့ တခြားထောက်ပံ့မှု အစီအစဥ်တွေဖြစ်တဲ့ ကျောင်းတွင်း အာဟာရကျွေးမွေးတဲ့အစီအစဥ်၊ အသက်မွေးဝမ်းကျောင်း အထောက်အပံ့နဲ့ HIV၊ တီဘီ ဝေဒနာရှင်တွေအတွက် အာဟာရပံ့ပိုးပေးတဲ့ အစီအစဥ်တွေကတော့ ဆက်ရှိနေတယ်လို့ WFP ဘက်က အီးမေးလ်ကနေတစ်ဆင့် ပြန်လည်ဖြေကြားလာပါတယ်။
ဒါ့အပြင် WFP အနေနဲ့ ၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံတစ်ဝှမ်းက လူဦးရေ စုစုပေါင်း ၁ ဒသမ ၆ သန်းကျော်အတွက် စားနပ်ရိက္ခာနဲ့ အာဟာရအကူအညီတွေ ပေးအပ်နိုင်ခဲ့ပြီး အခုနှစ်မှာလည်း အလားတူ လူဦးရေပမာဏအတွက် အထောက်အပံ့တွေ ဆက်လက်ပေးအပ်ကူညီနိုင်ဖို့ မျှော်မှန်းထားတာဖြစ်ပါတယ်။
မြန်မာလူထုကို စားနပ်ရိက္ခာ အထောက်အပံ့တွေ ဆက်လက်ပေးအပ်နိုင်ဖို့ အမေရိကန်ဒေါ်လာ သန်းခြောက်ဆယ် အရေးတကြီးလိုအပ်နေတယ်လို့ WFP က မတ် ၁၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ရန်ပုံငွေလိုအပ်ချက် အလွန်ကြီးမားလာတာကြောင့် ရပ်တန့်ရတာဖြစ်ပြီး နောက်ထပ် ရန်ပုံငွေအသစ် မရရှိတော့ဘူးဆိုရင် ၅ နှစ်အောက် ကလေး၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ မသန်စွမ်း စတဲ့ ထိခိုက်လွယ်အုပ်စုတွေက လူဦးရေ သုံးသောင်းခွဲခန့်ကိုပဲ ဆက်လက်ကူညီနိုင်တော့မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်နဲ့ တုံ့ပြန်ရေးအစီအစဥ်အရ လက်ရှိမှာ မြန်မာနိုင်ငံက လူဦးရေ ၁၅.၂ သန်းခန့်ဟာ တစ်နေ့တာ စားနပ်ရိက္ခာလိုအပ်ချက်ကို ပြည့်မီအောင် မဖြည့်ဆည်းနိုင်တဲ့အရေးနဲ့ ကြုံနေရတယ်လို့လည်း WFP က ပြောထားပါတယ်။