မဏိပူရ်အာဏာပိုင်တွေ ပြန်ပို့မယ့်မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီ လက်မခံ
2024.03.12

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ထဲ တရားမဝင် ဝင်ရောက်မှုနဲ့ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့မြန်မာနိုင်ငံသား ၇၇ ဦးကို မဏိပူရ် ပြည်နယ်အစိုးရက ပြန်ပို့ဖို့စီစဥ်ခဲ့ပေမယ့် စစ်ကောင်စီဘက်က လက်မခံဘူးလို့ ပြန်ပို့ခံရမယ့်သူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
မဏိပူရ်ပြည်နယ် အင်ဖာထောင်မှာ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ပြစ်ဒဏ်ကျခံပြီးသား မြန်မာအမျိုးသမီး ၇၇ ဦးကို မတ်လ ၈ ရက်နေ့ကစလို့ အိန္ဒိယနိုင်ငံ မိုးရေးမြို့ကနေ မြန်မာနိုင်ငံ တမူးမြို့ကို အသုတ်လိုက်ပြန်ပို့ဖို့ မဏိပူရ်အာဏာပိုင်တွေက စီစဥ်ထားကြောင်း အိန္ဒိယအခြေစိုက်သတင်းတွေက ဖော်ပြပါတယ်။
ပထမအသုတ်ဖြစ်တဲ့ ၃၈ ဦးကိုပြန်ပို့ဖို့ မတ်လ ၈ ရက်နေ့မှာ အင်ဖာထောင်ကနေ မိုးရေးမြို့ အိန္ဒိယတပ်စခန်းတစ်ခုဆီ ရဟတ်ယာဥ်နဲ့ ခေါ်ယူလာခဲ့ပေမယ့် စစ်ကောင်စီဘက်ကကြိုဆိုလက်ခံခြင်း မရှိတာကြောင့် အင်ဖာထောင်ကို ပြန်ပို့ဖို့စီစဉ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ကနဦးအနေနဲ့ မတ်လ ၈ ရက်နေ့ကစပြီးတော့ ရဟတ်ယာဥ်နဲ့ အင်ဖာထောင်ကနေ မိုးရေးမြို့ကို ပို့ထားတာလေ။ နောက်ရက်ဆက်တိုက်မှာပဲ (မြန်မာ) အမျိုးသမီး နှစ်ဆယ် ထပ်ရောက်တယ်။ ကျွန်မအစ်ကိုရဲ့ အမျိုးသမီးနဲ့ဖုန်းဆက်ရတာ။ သူတို့ပြောတာကတော့ မိုးရေးမြို့မှာ စုစုပေါင်း ၃၈ ယောက်ရှိတယ်။ မိုးရေးမြို့ထဲမှာ အိန္ဒိယစစ်တပ်ထဲမှာ ရှိတယ်ပေါ့။ ထောင်ဝန်ထမ်းတွေက ပြောတယ်တဲ့။ နင်တို့မြန်မာပြည်ကလက်မခံလို့ မိုးရေးမြို့ကို ရောက်လာတဲ့သူတွေလည်း ထောင်မကြီးထဲကို ပြန်ပို့မယ်လို့ အဲဒီလိုပြောတာတဲ့။ အင်ဖာထောင်ကနေ ဒီနေ့ ဖုန်းဆက်တာလေ”
ဘာကြောင့် မြန်မာဘက်က လက်မခံသလဲဆိုတာ အတိအကျသိနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်နဲ့ စစ်ကောင်စီအဖွဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
အခုပြန်ပို့ခံရမယ့် မြန်မာနိုင်ငံသားအားလုံးဟာ အမျိုးသမီးတွေချည်းဖြစ်ပြီး သူတို့နဲ့အတူ ကလေးတချို့ပါ လာတယ်လို့ ပြောပေမယ့် အရေအတွက်အတိအကျကိုမသိရဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။ သူတို့ရဲ့ခင်ပွန်းတွေက အင်ဖာထောင်ထဲမှာပဲ ဆက်လက်ချုပ်နှောင်ခံထားရတယ်လို့ ဆိုပါတယ်။
“မြန်မာနိုင်ငံကိုပြန်မပို့ဘဲ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှာပဲ လူသားချင်းစာနာထောက်ထားမှုနဲ့ နေထိုင်ခွင့်ပေးစေချင်တယ်”
အခုပြန်ပို့ခံရမယ့် မြန်မာအမျိုးသမီးတွေဟာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်က ဖြစ်ပါတယ်။ တချို့က စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်မတိုင်ခင်ကတည်းက မဏိပူရ်ပြည်နယ်ကိုရောက်ရှိနေပြီး တချို့ကတော့ အာဏာသိမ်းပြီးမှ မဏိပူရ်ပြည်နယ်ထဲ ထွက်ပြေးသွားကြသူတွေဖြစ်ပါတယ်။ သူတို့အားလုံး စားဝတ်နေရေးအတွက် မဏိပူရ်ပြည်နယ်က မြို့၊ ရွာတွေမှာ ရက်ကန်းအလုပ် လုပ်ကိုင်ရင်း အဖမ်းခံရတာလို့ မိသားစုဝင်တွေက ပြောပါတယ်။
သူတို့အထဲက သုံးဦးဟာ အင်ဖာထောင်မှာ ထောင်ဒဏ်ကျခံပြီးဖြစ်ပေမယ့် နှစ်နှစ်ကျော်တဲ့အထိ ဆက်အကျဥ်းချခံထားရတာကြောင့် ဒီတစ်ကြိမ်မှာ ပြန်လွတ်စေချင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မုံရွာမြို့က မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့ အစတုန်းကတော့ ကျွန်တော်တို့ ရက်ကန်းသမားတချို့ကတော့ ဒုက္ခသည်ဆိုပြီးတော့မှ ဖမ်းပြီး ထောင်ထဲပို့လိုက်တာ။ တချို့ဆိုရင် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းတာ။ ထောင် ငါးလနဲ့ ဒဏ်ငွေ (ရူပီး) တစ်ထောင်လည်း ပေးပြီးပြီ။ အခုထိလွှတ်မပေးတာ သူတို့က ထောင်ထဲမှာ နှစ်နှစ်ခွဲလောက်ရှိပြီ။ သူတို့က နိုင်ငံရေးမဖြစ်ခင်က သွားတာဗျ”
သူတို့ကို မြန်မာနိုင်ငံကိုပြန်မပို့ဘဲ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှာပဲ လူသားချင်းစာနာထောက်ထားမှုနဲ့ နေထိုင်ခွင့်ပေးစေချင်တယ်။ ဒါမှမဟုတ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကနေ ဒုက္ခသည်တွေအဖြစ် အသိအမှတ်ပြုပေးစေချင်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
မဏိပူရ်အာဏာပိုင်တွေက မြန်မာနိုင်ငံကိုပဲပြန်လွှဲလိုက်ရင် သူတို့အားလုံးအတွက် လုံခြုံမှုမရှိနိုင်ဘူးလို့ မဏိပူရ်ရောက် မြန်မာဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
“ရက်ကန်းလုပ်သားတွေအတွက် အကြီးကျယ် ပြဿနာမဖြစ်နိုင်ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း သွားတဲ့သူတွေဆိုရင်တော့ သူတို့ကို အမှုတစ်ခုခုတပ်ပြီးတော့ ထပ်ဖမ်းရင်လည်း ဖမ်းမှာပေါ့ဗျာ။ ဒါကတော့ တပ်အပ်ပြောလို့ မရဘူး။ ဒါပေမဲ့ သေချာတာကတော့ မလုံခြုံဘူးလို့ ကျွန်တော် သုံးသပ်တယ်ပေါ့နော်”
မြန်မာဒုက္ခသည်တွေကို မဖြစ်မနေပြန်လွှဲမယ်ဆိုရင်တောင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ စနစ်တကျစီစဥ်မှုရှိမှသာ လုံခြုံမှုရှိလိမ့်မယ်လို့လည်း India For Myanmar အပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေက မဏိပူရ်အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာရှိတဲ့ မြန်မာသံရုံးနဲ့ ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးတို့ကို RFA က အီးမေးလ်ပို့၊ မေးမြန်းထားပေမယ့် အကြောင်းမပြန်ပါဘူး။ နယူးဒေလီမှာရှိတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကိုလည်း အီးမေးလ်ပို့၊ မေးမြန်းထားပေမယ့် တုံ့ပြန်ချက်မရသေးပါဘူး။
India for Myanmar နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့စာရင်းအရ မဏိပူရ်ပြည်နယ်က အကျဥ်းထောင်တွေနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၁၅၀ ကျော်ရှိနေပြီး အဲဒီထဲက ရှစ်ဆယ်ကျော်ဟာ ပြစ်ဒဏ်ကျခံပြီးသူတွေ ဖြစ်ပါတယ်။