၀က်လက်မြို့နယ်မှာ စစ်ကြောင်းထိုးလို့ ဒေသခံ ၁၅၀၀၀ ကျော်ထွက်ပြေး
2023.08.26

စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်အစပ် ရထားသံလမ်းဘေးတစ်လျောက် ကျေးရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလမ်းပိုင်းဟာ မန္တလေးကနေ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အထိ စစ်လက်နက်ပစ္စည်းတွေနဲ့ ရိက္ခာတွေကို သယ်ယူပို့ဆောင်ရေးလုပ်နိုင်တဲ့ ရထားလမ်းပိုင်းဖြစ်ပါတယ်။
'ဝက်လက်မြို့နယ်ထဲမှာဆို (ထွက်ပြေး တိမ်းရှောင်ရသူ) တစ်သောင်းခွဲလောက်ရှိတယ်။ ရွာကတော့ ၁၀ ရွာလောက်တော့ရှိတယ်”
နယ်မြေရှင်းလင်းရေးကြောင့် သြဂုတ်လ ၂၄ ရက်ကနေ သြဂုတ်လ ၂၆ ရက် ဒီကနေ့အထိ ဝက်လက်မြို့နယ်က ဒေသခံ တစ်သောင်းခွဲကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။
စစ်ကိုင်းမြို့နယ် မီးရထားလမ်းဖြတ်သွားတဲ့ ပဒူရွာမှာ စစ်ကောင်စီတပ်က တပ်စွဲထားပြီး သြဂုတ်လ ၂၅ ရက် မနေ့ကပဲ အင်အားထပ်ဖြည့်လိုက်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“မနေ့က (ဩဂုတ်လ ၂၅ ရက်) စစ်ကိုင်းဘက်ကနေ ပဒူရွာဘက်ကို ကားက နှစ်စီး။ Light Truck ကား တစ်စီးရယ်၊ အိမ်စီးကား တစ်စီးရယ်။ ပြီးကျတော့ ကားရထားတစ်စီးနဲ့ အဲဒီမှာ ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်နဲ့အစပ် ပဒူကို အင်အား ၁၀၀ လောက် ထပ်ပေါင်းသွားတယ်။ သူက ထန်းကြီးနဲ့ အဲဒီနဲ့က တအားကြီး မဝေးလှဘူး။ သူက အင်အားက နောက်ကနေ ထောက်ထားတာဆိုတော့ မပြန်နိုင်သေးတာ”
ဩဂုတ်လ ၂၄ ရက်နေ့မှာ စစ်ကြောင်းထိုးခံခဲ့ရတဲ့ ဝက်လက်မြို့နယ် ထန်းကြီးရွာဟာ စစ်ကောင်စီ တပ်စွဲထားတဲ့ ပဒူရွာနဲ့ ခုနစ်မိုင်လောက်ပဲဝေးပြီး ရထားလမ်းဘေးက ရွာတစ်ရွာဖြစ်ပါတယ်။
အိမ်ခြေ ၅၀၀ နီးပါးရှိတဲ့ ထန်းကြီးရွာဟာ စစ်ကောင်စီတပ်တွေ ဝင်စီးတဲ့ သြဂုတ်လ ၂၄ ရက်မှာပဲ မီးရှို့ခံခဲ့ရပါတယ်။ ထန်းကြီးရွာသား အသက် ၆၀ အရွယ် ဦးမျိုးဝင်း ကိုလည်း စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ထန်းကြီးရွာ အပါအဝင် အနီးနား ၁၀ ရွာလောက်က ဒေသခံပေါင်း တစ်သောင်းခွဲကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။
“(မီးရှို့ခံရ) ဖြစ်တာက သံလမ်းတစ်လျှောက် ခက်ခရွာရှိတယ်၊ စမွန်းရွာ ရှိမယ်၊ ကျွန်းဦးတော ရှိတယ်။ (မီးလောင်ကျွမ်းသွားတဲ့ အိမ်ခြေ) မသိရသေးဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကြောင်းက အဲဒီမှာ ကျန်နေသေးတယ်။ ပြေးရတာတွေကတော့ တောတွေထဲမှာပဲ။ လေယာဉ်ကတော့ ဝဲနေတယ်။ ကျွန်တော်တို့ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲမှာဆို (ထွက်ပြေး တိမ်းရှောင်ရသူ) တစ်သောင်းခွဲလောက်ရှိတယ်။ ရွာကတော့ ၁၀ ရွာလောက်တော့ရှိတယ်”
လက်ရှိ နယ်မြေရှင်းလင်းရေးလုပ်တာ ခံနေရတာ ကျေးရွာတွေနားက ဖြတ်သွားတဲ့ ရထားလမ်းဟာ မြန်မာ့မီးရထားရဲ့ တိုင်းအမှတ် (၂) လမ်းပိုင်းဖြစ်ပါတယ်။ စစ်ကိုင်းမြို့ကနေ ဝက်လက်၊ ခင်ဦး၊ ရွှေဘို၊ ချောင်းဦး၊ အင်းတော် စတဲ့မြို့နယ်တွေကို ဖြတ်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့အထိ သွားလို့ရပါတယ်။
စစ်ကိုင်းမြို့နယ်မှာ ရထားလမ်းအနီးက ခက်ခရွာ၊ စမွန်းရွာ၊ ကျွန်းဦးတောရွာတွေကို သြဂုတ်လ ၁၅ ရက်ကနေ ၂၀ ရက်နေ့အထိ စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ အိမ်ခြေအရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။
စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၁၃ ရက်တုန်းလည်း ဝက်လက်မြို့နယ် ပေါက်ကန် ဘူတာအနီးက ပေါက်ကန်ရွာကို လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့လို့ အရပ်သား လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ ရထားသံလမ်းဘေးတစ်လျောက်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားတာတွေရှိတယ်လို့ PDF တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဗိုလ်ကျားကြီးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲတွေက ထန်းကြီးမှာ ဖြစ်တုန်းကတော့ ဖြစ်သေးတယ်ဗျ။ တိုက်ပွဲနည်းနည်း ပါးပါးတော့ ဖြစ်တယ်။ အဲဒီနောက်ပိုင်းတော့ မရှိသေးဘူးဗျ။ ပြည်သူတွေလည်း ပြေးလွှားနေရနဲ့ ကပ်လို့လည်း မရသေးဘူး။ မပြေးတဲ့သူတချို့ကိုလည်း သံလမ်းတွေ ဘာတွေ ပြင်ခိုင်းတယ်ဆိုတော့။ ထန်းကြီးကနေစပြီးတော့ မြင်လာတာဆိုတော့ အခု ပေါက်ကန်ဘက်ကို ရောက်ပြီ”
လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ ပေါက်ကံရွာကို ရောက်နေတယ်လို့ PDF တပ်ဖွဲ့ဝင်က ပြောပါတယ်။
ဒေသခံPDF တွေကတော့ စစ်ကောင်စီတပ်ဟာ ရထားလမ်းနံဘေးက ရွာတွေကို စစ်ကြောင်းထိုး ရှင်းလင်းပြီး စစ်ကိုင်း-ရွှေဘို မီးရထားလမ်းပိုင်းကို အသုံးပြုဖို့ ကြိုးစားနေတာလို့ ပြောပါတယ်။
ဒါပေမဲ့ ဒီရထားလမ်းဟာ စစ်အာဏာသိမ်းပြီးနောက် မီးရထားဝန်ထမ်းတွေက အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တာနဲ့ ရထားလမ်း ဖြတ်သန်းသွားရာတစ်လျှာက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် အသုံးမပြုနိုင်ဘဲ ဖြစ်နေပါတယ်။
လက်ရှိစစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းရေးလုပ်နေတာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောခွင့်ရသူ တိုင်းသယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းက သူ မသိရှိသေးဘူးလို့ ဒီကနေ့ RFA ကို ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဩဂုတ်လ ၁၄ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ ဒသမ ၆ သန်းကျော်ရှိလာပါတယ်။