ပြည်တွင်းစစ်ကြောင့် အိုးအိမ်ရွှေ့ပြောင်းရမှု အစီရင်ခံစာ

ဦးသစ်ဆင်း
2019.12.18
IDMC1-622.jpg ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာအခြေစိုက် IDMC ခေါ် ပြည်တွင်းနေရာရွှေ့ပြောင်းရမှု စောင့်ကြည့်အဖွဲ့က ထုတ်ပြန်သောအစီရင်ခံစာ။
Photo: IDMC

မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြသူတွေကိစ္စ ကမ္ဘာက အာရုံစိုက် နေချိန်မှာပဲ နိုင်ငံအရှေ့တောင်ပိုင်း ကရင်ပြည်နယ်က ပြည်တွင်းနေရာရွှေ့ပြောင်း ထွက်ပြေးတိမ်းရှောင်‌ နေကြရသူတွေနဲ့ ပတ်သက်ပြီး လေ့လာတင်ပြထားတဲ့ အစီရင်ခံစာတစောင် ထွက်ရှိခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာအခြေစိုက် IDMC ခေါ် ပြည်တွင်းနေရာရွှေ့ပြောင်းရမှု စောင့်ကြည့်အဖွဲ့က လေ့လာပြုစုထားတဲ့ "ပြေးရင်း လွှားရင်း မွေးခဲ့ရတယ် ကလေးရယ်" လို့ အမည်ပေးထားတဲ့ အဲဒီအစီရင်ခံစာမှာ ပြည်တွင်းစစ်ဘေးကြောင့် အကြိမ်ကြိမ် ပြေးလွှားပုန်းအောင်း နေရာရွှေ့ပြောင်းနေခဲ့ကြရပြီး နောက်ဆုံး တဖက်နိုင်ငံအတွင်း ဝင်ရောက်ခိုလှုံခဲ့ကြရသူတွေအကြောင်း လေ့လာတင်ပြထားတာပါ။

ပြေးရင်း လွှားရင်း မွေးခဲ့ရတယ် ကလေးရယ်

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာခဲ့တာက  ပြည်တွင်းစစ်ပဲဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာ့တပ်မတော်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ကြား တိုက်ပွဲတွေဟာ ကမ္ဘာမှာ အကြာရှည်ဆုံး စစ်ရေးပဋိပက္ခတွေက တခုအဖြစ် ပါဝင်နေပြီဖြစ်ပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့ကြပေမယ့် ပဋိပက္ခတွေကရှိနေဆဲပါ။ စစ်ရေးပဋိပက္ခတွေအတွင်း အရပ်သားပြည်သူတွေ ထိခိုက်ရတာ၊အဓမ္မခိုင်းစေခံရ၊ စစ်သားအဖြစ်စုဆောင်းခံရတာ၊ အကြိမ်ကြိမ်နေရာရွှေ့ပြောင်းကြရ၊ တောတောင်တွေအတွင်း ပုန်းအောင်းနေကြရ၊ နောက်ဆုံး နယ်စပ်ကို ကျော်ဖြတ်ပြီး ထိုင်းနိုင်ငံထဲကို ဝင်ပြေးခဲ့ကြရတော့တာပါပဲ။ IDMC အဖွဲ့က တွေ့ဆုံမေးမြန်းခဲ့တဲ့ ဒုက္ခသည်တွေ တဝက်လောက်က သူတို့ဟာ ထိုင်းကို မထွက်ခင် ပြည်တွင်းမှာပဲ နေရာပြောင်းရွှေ့နေခဲ့ကြရတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ ပြည်တွင်းနေရာရွှေ့ပြောင်းနေရသူတွေ တသိန်းခြောက်သောင်းကျော်လောက် ရှိနေသေးတယ်လို့ IDMC အစီရင်ခံစာက ဆိုပါတယ်။ တချို့က တောတောင်တွေထဲမှာ ခိုအောင်းနေကြဆဲ ဖြစ်သလို၊ တချို့လည်း တပ်မတော်က အတင်းအကြပ် ချပေးထားတဲ့နေရာတွေမှာ နေနေကြရပြီး အနည်းစုကပဲ ဒုက္ခသည်စခန်းတွေထဲမှာ ရှိနေတယ်လို့ ဖော်ပြပါတယ်။ ဒါပေမယ့် အိတူထ ဒုက္ခသည်စခန်းမှာ အလှူရှင် မရှိတော့လို့ ရိက္ခာပြဿနာပေါ်ပေါက်နေတယ်လို့ သိရပါတယ်။

ကရင်အမျိုးသမီးအစည်းအရုံး၊ အမြဲတမ်း ဗဟိုကော်မတီဝင် နော်ဝါးခူးရှီး က ...

“ အခု အထောက်အပံ့တွေက မရတော့ဘူးလေ။ အရင်က ရိက္ခာရတယ်။ အခုက ကတ်ပဲရတယ်။ ပြီးတော့ ကျန်းမာရေးပဲဖြစ်ဖြစ်၊ ပညာရေးပဲဖြစ်ဖြစ် အထောက်အကူတွေ မရတော့ဘူးပေါ့နော်။ ပြီးတော့ မူးယစ်ဆေးဝါးသုံးတဲ့ ကလေးတွေ၊ ကျောင်းထွက်တာတွေ များလာတယ်။ နောက်တခုက ကိုယ့်ကိုယ်ကိုယ် သတ်သေတာတွေ များလာတယ်။  ကြည့်မယ်ဆိုရင် သူတို့ရဲ့ အနာဂတ်မျှော်လင့်ချက် မရှိတော့ဘူးပေါ့နော်။ အခုက ပြန်ဖို့လည်း လက်ရှိအခြေအနေက ငြိမ်းချမ်းရေး NCA  နဲ့ Peace Process ကလည်း ဘယ်မှမရောက်ဘူး။ တိုက်ပွဲ တွေလည်း ဆက်ဖြစ်နေတုန်းပဲ။ အာမခံချက် ဘာမှ မရှိသေးတော့ ပြန်လို့လည်းမရသေးဘူးပေါ့။ ဒီမှာဆက်နေဖို့လည်း အခက်အခဲတွေက ရှိနေတယ်ပေါ့"


စခန်းမှာနေရတာ လုံခြုံမှုရှိပေမယ့် ဒုက္ခသည်အများစုကတော့ ကိုယ့်မူလနေရပ်ကိုပဲ ပြန်လည်နေထိုင်ချင် ကြတာပါလို့ အစီရင်ခံစာက ဆိုပါတယ်။ ။ ဒါပေမယ့် မူလနေရပ်တွေမှာ စိတ်ချရတဲ့ လုံခြုံရေးအခြေအနေ မရှိသေးပဲ ဖြစ်နေပါတယ်။

ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းပေါင်း ကိုးခုမှာ လူဦးရေ ကိုးသောင်းခွဲလောက်ရှိပါတယ်။ ဒါ့ပြင် အထောက်အထားမဲ့ ရွှေ့ပြောင်းဝင်ရောက်လာသူ မြန်မာနိုင်ငံသားတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံက ၁၉၅၁ ခုနှစ် ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ် ရေးထိုးမထားတာကြောင့် ဒုက္ခသည်အဖြစ် အသိအမှတ် မပြုနိုင်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အားလုံးဟာ တရားဝင်အလုပ်လုပ်ခွင့် မရှိကြပါဘူး။ တချိန်တည်းမှာ အလှူရှင်တွေ လျော့ကျလာနေတာကြောင့် ရိက္ခာနဲ့ တခြားဝန်ဆောင်မှုတွေလည်း လျော့ပါးလာနေပါတယ်။ အကျိုးဆက်အနေနဲ့ ဒုက္ခသည်တွေ မြန်မာပြည်တွင်း ပြန်ကြဖို့ အခြေအနေဖြစ်လာနေတယ်လို့ သိရပါတယ်။

ကရင်ဒုက္ခသည်ကော်မတီ KRC က ရောဘတ်ထွေး ကလည်း  .....

“ စားနပ်ရိက္ခာနဲ့ ပတ်သက်လို့တော့ အရင်ကလိုတော့ စားလို့မလောက်ဘူးပေါ့။ အပြင်မှာ အလုပ်ရှာ လုပ်ကြတာလည်း ရှိတယ်။ အခုက ပဲလေး နည်းနည်း၊ ဆီ၊ဆား၊ဆန်လေးပဲ ကျနော်တို့ရပါတယ်”


မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်းပေါ် စလျှောက်နေပြီဆိုပေမယ့် ထိုင်းဒုက္ခသည်စခန်းတွေကနေ ပြည်တွင်းကို ပြန်ကြသူ နှစ်သောင်းနီးပါးပဲရှိနေသေးတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

‌ရောဘတ်ထွေး ကတော့ မြန်မာနိုင်ငံပြန်သွားသူ တထောင်ကျော်လောက်သာရှိပြီး၊ ဒုက္ခသည်စခန်း ၇ ခုမှာ လူဦးရေ ရှစ်သောင်း လောက်ရှိနေသေးတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။