အကြမ်းဖက်မှုကို လက်နက်သဖွယ် အသုံးပြုနေကြောင်း အမျိုးသမီးသမဂ္ဂပြော

RFA Burmese
2023.07.07
အကြမ်းဖက်မှုကို လက်နက်သဖွယ် အသုံးပြုနေကြောင်း အမျိုးသမီးသမဂ္ဂပြော စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ပြုလုပ်ခဲ့ကြစဉ်။
ကိုလူချော

လက်နက်ကိုင်ပဋိပက္ခပြင်းထန်တဲ့ဒေသတွေမှာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေဟာ နည်းလမ်းပေါင်းစုံနဲ့ အကြမ်းဖက်ခံနေရတယ်လို့ အမျိုးသမီးအရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။

အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အဓမ္မကျင့်တာ၊ ဓားစာခံအဖြစ် ဖမ်းတာတွေကြောင့် ၂၀၂၃ ခုနှစ် ဧပြီ၊ မေနဲ့ ဇွန် သုံးလထဲမှာပဲ တစ်ရာ့ဆယ့်တစ်ယောက် သေဆုံးခဲ့ပြီး ၆၇ ယောက် အဖမ်းခံထားရတယ်လို့ မြန်မာ့အမျိုးသမီးများသမဂ္ဂ (BWU) က ဇူလိုင်လ ၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်လို့ သေဆုံးရတဲ့သူ ၆၂ ယောက်၊ လက်နက်ကြီး ကျည်စတွေမှန်လို့ သေရတဲ့သူက ၂၂ ယောက်၊ အဖမ်းခံထားရတဲ့အချိန်မှာ သေရတဲ့သူက ၅ ယောက်၊ မီးရှို့အသတ်ခံရတဲ့သူ ၁၆ ယောက်နဲ့ ပစ်သတ်ခံရတဲ့သူ ၁၀ ယောက်လို့ အသေးစိတ် ဖော်ပြထားပါတယ်။

စစ်ကောင်စီလက်ချက်ကြောင့်သေဆုံးရတဲ့ အမျိုးသမီးအရေအတွက်ဟာ တစ်လထက်တစ်လ ပိုများလာတယ်လို့ မြန်မာ့အမျိုးသမီးများသမဂ္ဂ (BWU) ရဲ့ အကြံပေးပုဂ္ဂိုလ် ဒေါ်တင်တင်ညိုက RFA ကို ပြောပါတယ်။

"အမျိုးသမီးတွေရဲ့ သေဆုံးမှုစာရင်းကို ကြည့်မယ်ဆိုရင် သေဆုံးမှုတွေ၊ သတ်ဖြတ်မှုတွေက ပိုဆိုးလာတယ်၊ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေက တော်တော်လေး ဆိုးရွားလာတယ်ဆိုတာကို ပြလိုက်တာပဲပေါ့။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ပန်းသပိတ်ပြုလုပ်ကြတယ်။ အမျိုးသမီးတွေက ပန်းပန်တာနဲ့ ဖမ်းတာတွေ အရေးယူတာတွေကို ပြုလုပ်ကြတယ်။ ဒါက ပန်းပန်တာတောင်မှ လုံးဝသည်းခံ ခွင့်လွှတ်လို့မရဘဲ ဖမ်းတယ်ဆိုတဲ့ အနေအထားမျိုးကို ပြတာပေါ့။ တော်တော်ဆိုးရွားတဲ့ လုပ်ဆောင်ချက်ပေါ့။ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာက ပိုများလာပြီး အကြမ်းဖက်မှုတွေကလည်း ပိုများလာတာတွေ့ရတယ်"

အမျိုးသမီးတွေ သေဆုံးတဲ့စာရင်းနဲ့ အဖမ်းခံထားရတဲ့ စာရင်းတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်တွေကနေ တစ်ဆင့် ကောက်ယူထားတာလို့ ပြောပါတယ်။

ဒါကြောင့် ကျူးလွန်တဲ့ စစ်တပ်ကို နိုင်ငံတကာက အရေးယူနိုင်ဖို့အတွက် သူတို့ BWU အဖွဲ့အနေနဲ့လည်း ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာတော့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေရဲ့ အသက်ရှင်သန်ခွင့်တွေ ခြိမ်းခြောက်ခံနေရတယ်လို့ ဆိုပါတယ်။ အခုနှစ် ဇွန်လ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်း၊ ညောင်ကုန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်ခဲ့လို့ အမျိုးသမီး သုံးယောက် အပါအဝင် ဒေသခံ ၁၁ ယောက်အထိ သေဆုံးခဲ့ရပါတယ်။

"ပြည်သူကိုကာကွယ်ရမယ့်စစ်တပ်က လူသတ်၊ မုဒိမ်းကျင့်တာကိုလုပ်နေမှတော့ ကိုယ်တွေကလည်း စိတ်တွေ ပြတ်သားရပြီပေါ့"

အဲဒီလို စစ်ကောင်စီက ရွာတွေကိုလေကြောင်းနဲ့တိုက်တာဟာ လူမဆန်တဲ့လုပ်ရပ်တွေ ဖြစ်တယ်လို့ ညောင်ကုန်းရွာက လုံခြုံရေးကြောင့် အမည်မဖော်လိုသူတစ်ယောက်က ပြောပါတယ်။

"ဒေသခံတွေရှိပါတယ်ဆိုတဲ့ နေရာကိုသိလျက်နဲ့ လေကြောင်းကနေ ဗုံးကြဲတာ။ အကုန်လုံးကို သေစေလိုတဲ့ဆန္ဒနဲ့ လုပ်တာပေါ့။ ပြည်သူကိုကာကွယ်ရမယ့်စစ်တပ်က လူသတ်၊ မုဒိမ်းကျင့်တာကိုလုပ်နေမှတော့ ကိုယ်တွေကလည်း စိတ်တွေ ပြတ်သား ရပြီပေါ့။ သေဆုံးခဲ့ရသူတွေအတွက် စိတ်မကောင်းဖြစ်မိတယ်။ အခုဆို ကလေးရော၊ လူကြီးရော လေယာဉ်သံကြားတာနဲ့ကို ကြောက်နေတာ"

မြန်မာ့အမျိုးသမီးများသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာပါတဲ့ အချက်အလက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားသိရအောင် ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် တယ်လီဖုန်းမကိုင်ပါဘူး။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သူ့ရဲ့စစ်တပ်ဟာ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ် ထိခိုက်တာမျိုးကို မလုပ်ဘူးလို့ ထပ်တလဲလဲ ပြောထားပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ ကယားပြည်နယ်မှာဆိုရင်လည်း ကလေးတွေ စာသင်နေတဲ့ ကျောင်းတွေနဲ့ ဒုက္ခသည်စခန်းတွေပါ မကျန် စစ်ကောင်စီတပ်က လေကြောင်းက တိုက်တာတွေ ပိုများလာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) တည်ထောင်တဲ့သူ ကိုဗညားက ပြောပါတယ်။

"ဆေးရုံဆေးခန်းတွေ ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်လာတာက အခုနောက်ပိုင်း ပိုများလာတာ တွေ့ရတယ်။ အရင်တုန်းကဆို ဆေးရုံဆေးခန်းကို ပိုတိုက်ခိုက်ပေမယ့်၊ အခုနောက်ပိုင်း စခန်းတွေပေါ့။ ဒီမနက် (ဇူလိုင်လ ၃ ရက်) မှာ ဆိုရင် ကျွန်တော်တို့ပြည်နယ် ရဲ့ ဒုက္ခသည်စခန်းကို ဗုံးကြဲတိုက်ခိုက်လို့ သုံးယောက် ထိခိုက်ဒဏ်ရာရတယ်။ အဲဒီတော့ ကျောင်းတွေ ပျက်စီးတယ်။ ကလေးတွေရဲ့ အနာဂတ်ကို ကြည့်မယ်ဆိုရင် လုံခြုံမှု ပေးတာက ကျောင်းတွေပဲ ဖြစ်တယ်။ အဲဒီဟာကို ဖျက်ဆီးခြင်းက ပညာမဲ့အောင် လုပ်တာပဲ။ တစ်ခုချင်းစီကို ကြည့်မယ်ဆိုရင် စစ်ကောင်စီက အဆုံးစွန်အထိ ကလေးနဲ့ အမျိုးသမီးတွေအပေါ် တားဂက် (ပစ်မှတ်) ထားတာ ရှိလာတယ်"

လေကြောင်းတိုက်ခိုက်ခံရသည့် ဒီးမော့ဆို အနောက်ဘက်အခြမ်း စစ်ဘေးဒုက္ခသည်စခန်းအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Karenni Human Rights Group)
လေကြောင်းတိုက်ခိုက်ခံရသည့် ဒီးမော့ဆို အနောက်ဘက်အခြမ်း စစ်ဘေးဒုက္ခသည်စခန်းအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Karenni Human Rights Group)

မြန်မာနိုင်ငံ လူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းကတော့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် စစ်ကောင်စီရဲ့ ကျုးလွန်တာတွေဟာ စစ်ရာဇဝတ် ချိုးဖောက်မှုတစ်ခုလို့ ဝေဖန်ပါတယ်။

"ကျွန်တော်တို့ မြင်တွေ့နေရတာတော့ အမျိုးသမီးနဲ့ ကလေးတွေ သတ်ဖြတ်ခံနေရတယ်။ အရမ်းကို မမျှမတ သတ်ဖြတ်ခံနေရတာက စစ်ရာဇဝတ်မှုလည်း ဖြစ်သလို လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှု ကျုးလွန်တဲ့ကိစ္စတွေလည်း အများကြီး ပါဝင်နေတယ်။ ဒီဟာတွေကို ကျွန်တော်တို့ သိရသလောက်ကတော့ အဖွဲ့တော်တော်များများက သက်သေအထောက်အထား စုဆောင်းပြီးတော့ နိုင်ငံတကာတရားရုံးမှာ မြန်မာစစ်တပ် ကို အကြမ်းဖက်စစ်ခေါင်းဆောင်တွေကို အရေးယူဖို့ ပြင်ဆင်နေတယ်"

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကတော့ ကလေးသူငယ်နဲ့ အမျိုးသမီးတွေအပေါ် စစ်ကောင်စီရဲ့ စစ်ရာဇဝတ် ချိုးဖောက်မှုတွေကို စနစ်တကျ မှတ်တမ်းတင်ထားပြီး လူ့အခွင့်အရေးဝန်ကြီးဌာနကနေ တစ်ဆင့် နိုင်ငံတကာတရားစီရင်ရေးဌာနတွေကို တိုင်တန်းသွားမယ်လို့ ပြီးခဲ့တဲ့ ဇွန်လထဲမှာ ပြောဖူးပါတယ်။

အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် အကြမ်းဖက်တာတွေကိုကာကွယ်ဖို့ဆိုတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာစာချုပ်တွေမှာ မြန်မာနိုင်ငံက သဘောတူပြီး လက်မှတ်ထိုးထားပေမယ့် စစ်ကောင်စီက ချိုးဖောက်နေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။