ဦးကျော်မြင့် မြန်မာ့နိုင်ငံရေးလောကထဲ စိမ့်ဝင်ခဲ့မှု နောက်ကွယ်မှာ ဘာတွေဖြစ်ခဲ့သလဲ
2020.10.15
နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်နဲ့ ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက်တွေကို နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းပွဲမှာ မနေ့က ထုတ်ပြန်ခဲ့ရာမှာ တရားမဝင်လုပ်ငန်းတွေလုပ်ကိုင်မှုနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေနဲ့ ငြိစွန်းတဲ့ အချက်အလက်တွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးလောကကို လွန်ခဲ့တဲ့နှစ်များစွာကတည်းက စိမ့်ဝင်ပြီး အာဏာတည်ဆောက်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ ရေးသားပြောဆိုချက်တွေလည်း တနေ့တခြား ပေါ်ထွက်လာနေပါတယ်။
မနေ့က သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောခွင့်ရပုဂ္ဂိလ် ဦးဇော်ဌေး က နှင်းဆီပါတီလို့ ခေါ်ကြတဲ့ UDP ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့် ခေါ် မိုက်ကယ်ကျော်မြင့်ကို ငွေကြေးခဝါချမှု ဥပဒေ၊ နိုင်ငံရေးပါတီများမှတ်ပုံတင် ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေနဲ့ အရေးယူဖို့ ဆောင်ရွက်နေကြောင်း ပြောကြားသွားခဲ့ပါတယ်။
ဦးကျော်မြင့်ဟာ မြန်မာ့နိုင်ငံရေးလောကကို ဝင်ရောက်ထိုးဖောက်ဖို့ ဘယ်ကာလကတည်းက ကြိုးစားခဲ့တယ်ဆိုတာ အသေအချာမသိရသေးပေမယ့် မြန်မာနိုင်ငံက ထွက်ပြေးပြီး အမေရိကန်ပြည်ထောင်စုကနေတဆင့် ကနေဒါနိုင်ငံကို ရောက်ရှိသွားခဲ့ပြီးနောက် ၂ဝဝ၇ ခုနှစ် သြဂုတ်လမှာ မြန်မာ့ ဒိီမိုကရေစီအရေးလှုပ်ရှားသူတွေကို အော့တဝါမြို့ ဖိတ်ကြားပြီး ညီလာခံတခုလုပ်ခဲ့ပါတယ်။
ကနေဒါ မြန်မာ့မိတ်ဆွေများအဖွဲ့က ကမကထပြုစီစဉ်တဲ့ အဲဒီပွဲကို China Role in Reconciliation and Democratization in Burma မြန်မာပြည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် တရုတ်ပြည်ရဲ့ ကဏ္ဍလို့ အမည်ပေးခဲ့ပါတယ်။ အဲဒီကာလဟာ မြန်မာစစ်အစိုးရကို အမေရိကန်၊ ကနေဒါ၊ ဗြိတိန်စတဲ့ အနောက်နိုင်ငံတွေက အပြင်းအထန်ဖိအားပေးပြီး ကန့်သတ်ပိတ်ဆို့နေချိန်ဖြစ်ပြီး တရုတ်ပြည်က စစ်အစိုးရကို ထောက်ခံအားပေးနေချိန်လည်း ဖြစ်ပါတယ်။ အဲဒီ အော့တဝါမြို့က ညီလာခံကို စီစဉ်ပေးခဲ့သူတွေထဲမှာ ပါဝင်သူ တဦးကတော့ ၁၉၈၈ အရေးတော်ပုံနောက်ပိုင်း ကနေဒါကို ရောက်ရှိသွားခဲ့တဲဲ့ ဦးတင်မောင်ထူး ဖြစ်ပါတယ်။ ဦးကျော်မြင့်က သူဟာ တရုတ်ပြည်က ပေါ်လစ်ဗြူရိုနဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ခေါင်းဆောင်ပိုင်းတွေနဲ့ အထူးရင်းနှီးသူဖြစ်ပြီး မြန်မာပြည်နဲ့ တရုတ်ပြည်ဆက်ဆံရေး ကောင်းမွန်တာကို မြင်လိုသူ၊ မြန်မာပြည်ဒီမိုကရေစီရရှိရေးကို ထောက်ခံသူအဖြစ် သူတို့ကို ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
“တရုတ်က ကျနော်တို့ မြန်မာပြည်ဒီမိုကရေစီနိုင်ငံတခု ဖြစ်သွားခဲ့ရင် သူတို့နဲ့ ဝေးကွာသွားမှာကို စိုးရိမ်တယ်။ ဦးကျော်မြင့်က သူ့အနေနဲ့ တရုတ်အစိုးရကို မြန်မာပြည်ဟာ ဆွေမျိုးပေါက်ဖော်ပုံသဏ္ဍာန်မျိုး၊ ဒီမိုကရေစီရသွားတဲ့တိုင်အောင် ရှိနေမယ်ဆိုတာမျိုး၊ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေဘက်က အာမခံချက်ပေးဖို့ ချဉ်းကပ်ခဲ့တာရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျနော်တို့ ပြည်ပရောက်ဒီမိုကရေစီအင်အားစုတွေ ဆွေးနွေးပြီးတော့ ကျနော်တို့ဘက်က မြန်မာပြည်မှာ အပြောင်းအလဲဖြစ်လာခဲ့မယ်ဆိုရင် တရုတ်ကို အိမ်နီးနားချင်းနိုင်ငံတခုအနေနဲ့ ပုံမှန်ဆက်ဆံသွားမယ်။ ကျနော်တို့က အနောက်နိုင်ငံကိုအားကိုးတဲ့ အနောက်နိုင်ငံဘက်ကိုယိမ်းတဲ့ နိုင်ငံတခု မဖြစ်သွားဘူးဆိုတဲ့ အာမခံမှုတခုကို ကျနော်တို့ဘက်က ပေးနိုင်တယ်ဆိုပြီးတော့ Conference တခုကို ခေါ်ခဲ့တာပါ။ အဲဒါကို ဦးကျော်မြင့်ကလည်း သူ့လမ်းကြောင်းကနေပြီးတော့ တရုတ်ပြည်အစိုးရ ကွန်မြူနစ်ပါတီအပါအဝင် ပေါ့နော် သူ့အနေနဲ့ မက်ဆင်ဂျာအနေနဲ့ ပေးနိုင်တယ်လို့ ကျနော်တို့ကို ပြောခဲ့ပါတယ်”
မိုက်ကယ်ကျော်မြင့် ခေါ် ဝှါးဟူ ဟာ ငွေကြေးခဝါချမှုနဲ့ ဖမ်းဆီးခံနေရစဉ် ၁၉၉၉ ခုနှစ်မှာ မန္တလေးထောင်က ထွက်ပြေးသွားခဲ့ပြီး ၂ဝ၁၃ မှာ ပြန်ဝင်လာခဲ့သူပါ။ သူ့ကို အဲဒီကာလ အာဏာပိုင်တွေက ဘာကြောင့် ဘယ်လိုပြည်ဝင်ခွင့်ပေးခဲ့တာလဲ။ သူ့ကို ဘယ်သူတွေက မှတ်ပုံတင်ထုတ်ပေးခဲ့တာလဲ စတာတွေဟာ စိတ်ဝင်စားစရာပါ။ သူ့ကို စီးပွားရေးလုပ်ကိုင်ခွင့်တွေ ပေးမှုနဲ့ နောက်ပိုင်း ဖမ်းဆီးထောင်ချခဲ့မှုရဲ့နောက်ကွယ်မှာ အဲဒီအချိန်က အစိုးရနဲ့ တပ်မတော် အသိုင်းအဝန်းက နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေခဲ့တယ်လို့ သတင်းတွေထွက်ပါတယ်။ ရှေ့နေကြီး ဦးအောင်သိန်း က ဦးကျော်မြင့်ရဲ့အမှုနောက်ကွယ်မှာ အင်မတန် စိတ်ဝင်စားစရာတွေရှိတယ်လို့ ပြောပါတယ်။
“တရားခံပြေးလည်းဖြစ်တယ် ပြန်ပြီးခိုးဝင်လာတာလည်းဖြစ်တယ်။ နောက်ပြီး မှတ်ပုံတင် ၂ ခုလည်း ကိုင်ထားတယ်။ငွေကြေးတွေကလည်း ခဝါချမှုနဲ့ဆက်စပ်နေတဲ့ ကိစ္စတွေဖြစ်နေတယ်။ ဒါက ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ကိစ္စမှာတော့ test case လို့ပြောရင်မမှားဘူး။ စမ်းသပ်တာပေ့ါ။ ပါတီဥက္ကဋ္ဌ တယောက်ကနေပြီး ဒီလို ဥပဒေနဲ့ မညီညွတ်တာလုပ်သွားရင်လည်း ဆက်လက်ပြီး ရွေးကောက်ပွဲဝင်တဲ့အဆင့်ထိ ခွင့်ပြုမှာလားဆိုတာ မေးစရာရှိတယ်။ သူက မြန်မာပြည်ရဲ့ စီးပွားရေးကို ကိုင်လှုပ်ချင်တဲ့ပုံစံရှိသလို နိုင်ငံရေးမှာလည်း ဝင်ရောက် ခြယ်လှယ်လုပ်ကိုင်ချင်တဲ့ သဘောမျိုးတွေ တွေ့နေရတယ်။ အောက်ခြေကရော အထက်ကရော အဂတိမကင်းတဲ့လုပ်ရပ်တွေ ရှိနေတဲ့အတွက် ကျနော်တို့တိုင်းပြည်မှာ အဲလိုလူမျိုးတယောက် ရောက်လာတာဟာ အင်မတန် အန္တရာယ်ကြီးတယ်လို့ ကျနော့်အနေနဲ့မြင်တယ်။”
ဒီအမှုကို အမှန်အတိုင်း စစ်ဆေးနိုင်မယ်ဆိုရင် မိုက်ကယ်ကျော်မြင့်ထံကနေ အင်မတန်အရေးကြီးတဲ့ အချက်အလက်တွေ ရရှိနိုင်မှာဖြစ်တယ်လို့လည်း မြန်မာ့နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။