မြန်မာ-အိန္ဒိယနယ်စပ် ကျီခါးမြို့ကို ချင်းလက်နက်ကိုင်အဖွဲ့တွေ သိမ်းပိုက်

RFA Burmese
2024.05.20
မြန်မာ-အိန္ဒိယနယ်စပ် ကျီခါးမြို့ကို ချင်းလက်နက်ကိုင်အဖွဲ့တွေ သိမ်းပိုက် တွန်းဇံမြို့နယ် ကျီးခါးမြို့ကို ၂၀၂၄ ခုနှစ် မေလ ၁၉ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မြန်မာ-အိန္ဒိယနယ်စပ် ချင်းပြည်နယ် တွန်းဇံမြို့နယ်က အိမ်ခြေ ခြောက်ရာခန့်နဲ့ လူဦးရေ သုံးထောင်ကျော် နေထိုင်တဲ့ ကျီခါးမြို့ကို ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့အတူ မနေ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး အဲဒီမြို့နဲ့ မိုင် နှစ်ဆယ်ကျော်အကွာမှာရှိတဲ့ တွန်းဇံမြို့ကိုပါ အပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) က RFA ကို ဒီနေ့ ပြောပါတယ်။

လက်ရှိမှာ တွန်းဇံ မြို့မရဲစခန်းနဲ့ စစ်ကောင်စီရဲ့ မြို့စောင့်တပ်ကို သိမ်းပိုက်ထားပြီး မြို့တွင်းထဲမှာ စစ်ကောင်စီ တပ်သားတွေ ရှိနေသေးတာကြောင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ CNA ပြောခွင့်ရသူ ဆလိုင်းထက်နီက RFA ကို ပြောပါတယ်။

“ကျီခါးကတော့ ကျွန်တော်တို့ထိန်းချုပ်နိုင်တဲ့အခြေအထားမှာ ရှိနေပါတယ်။ တွန်းဇံမြို့မှာ မြို့တွင်းတချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေသေးလို့ ကျွန်တော်တို့ အဲဒါကိုဆက်လက်ပြီးတော့ ရှင်းလင်းနေပါတယ်။ သူတို့ရဲ့တပ်ကုန်းတွေရော ရဲစခန်းတွေပါ ကျွန်တော်တို့ စိုးမိုးထားတယ်”

ကျီခါးနဲ့ တွန်းဇံမြို့က စစ်ကောင်စီတပ်တွေကို မေ ၁၇ ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မေ ၁၉ ရက်နေ့မှာ ကျီခါးမြို့ကို သိမ်းပိုက်ထိန်းချုပ်လိုက်တာလို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိခိုက်မှုရှိပေမဲ့ အသေးစိတ်တော့ မသိရသေးဘူးလို့ ဆလိုင်းထက်နီက ပြောပါတယ်။

တွန်းဇံနဲ့ ကျီခါးမြို့က စစ်ကောင်စီတပ်တွေဟာ တီးတိန်မြို့အခြေစိုက် ခလရ - ၂၆၉ တပ်ခွဲတွေ ဖြစ်ပါတယ်။ ကျီခါးမြို့ကနေ ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်သားအချို့ဟာ တွန်းဇံမြို့က စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီး ခုခံတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်က မေ ၁၇ ရက်နေ့ကစလို့ ဒီနေ့အထိ လေကြောင်းကပါ တိုက်ခိုက်နေတာလို့လည်း ဆိုပါတယ်။

တွန်းဇံမြို့မှာ အိမ်ခြေ တစ်ထောင်ကျော်နဲ့ လူဦးရေ ရှစ်ထောင်ခန့်နေထိုင်ပြီး လက်ရှိမှာ တိုက်ပွဲတွေကြောင့် လူဦးရေ ခုနစ်ဆယ်ရာခိုင်နှုန်းခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တွန်းဇံမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီနေ့တော့ ဂျက်ဖိုက်တာနဲ့ မနက်ပိုင်းပေါ့ နှစ်ခေါက်လောက်တယ်။ အခုတော့ ဟတ်စကီးနှစ်စင်းနဲ့ မြို့ထဲမှာပစ်တယ်။ ဒေသခံတွေကြတော့ ခုနစ်ဆယ်ရာခိုင်နှုန်းကတော့ ထွက်ပြေးပြီး ကျန်တဲ့အနည်းစုတော့ ရှိသေးတယ်။ မြို့ထဲမှာ ပိတ်မိနေတာပေါ့”

တွန်းဇံမြို့ပေါ်မှာ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် မြို့ခံအချို့ ပိတ်မိနေတယ်လို့လည်း ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်နေကြသော တွန်းဇံမြို့ စစ်ဘေးဒုက္ခသည်များကို ၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက်နေ့က တွေ့ရစဥ်။ (Photo: Citizen Journalist⁩)
ထွက်ပြေးတိမ်းရှောင်နေကြသော တွန်းဇံမြို့ စစ်ဘေးဒုက္ခသည်များကို ၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက်နေ့က တွေ့ရစဥ်။ (Photo: Citizen Journalist⁩)

လက်ရှိမှာတော့ ပိတ်မိနေတဲ့ဒေသခံတွေကို ဘေးလွတ်ရာကို ကယ်ထုတ်တာတွေ လုပ်နေတယ်လို့ ကယ်ထုတ်ရာမှာပါဝင်တဲ့ ဒေသခံ စေတနာ့ဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။

“လူငယ်အဖွဲ့အစည်းအနေနဲ့ ကယ်ဆယ်နေတယ်ပေါ့။ ရဟတ်ယာဥ် လာလို့ရှိရင်တော့ ကယ်လို့မရဘူး။ တွန်းဇံနဲ့ သုံးမိုင်လောက် ဝေးတဲ့နေရာမှာ လူကို ကယ်ထုတ်နေရတာပေါ့”

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေအိမ်အများအပြား ပျက်စီးတာတွေရှိပေမဲ့ အရေအတွက်ကိုတော့ အသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီတိုက်ပွဲတွေကြောင့် တွန်းဇံနဲ့ ကျီခါးမြို့ ကားလမ်းဘေးက တွီးတွန်၊ နာဇန်၊ ဖိုင်တူ စတဲ့ကျေးရွာတွေအပါအဝင် ရွာ ၁၅ ရွာက ဒေသခံတွေ တောတောင်တွေထဲ ထွက်ပြေးတိမ်နေရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

တွန်းဇံနဲ့ ကျီခါးမြို့က အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဒီနေ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိ‌ပါဘူး။

ချင်းပြည်နယ်မှာ ကျီးခါးအပါအဝင် ရိဒ်ခေါဒါရ်၊ ဆူရ်ခွား၊ ရေဇွာ၊ လိုင်လင်းပီ၊ မကွီးအိမ်နူး၊ နှာရိန်၊ ဝေဘူလ၊ ကျင်ဒွေး စတဲ့မြို့ ကိုးမြို့ကို ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပြီး ပလက်ဝမြို့နယ်နဲ့ ဆမီးမြို့ကိုတော့ ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။