နိုင်ငံရေးအကျဉ်းသားတွေကို “ထောင်ဝင်စာပို့ကြမယ်” အဖွဲ့ အန္တရာယ်ကြားက ကူညီနေ
2022.03.23

“ထောင်ဝင်စာပို့ကြမယ်” ဆိုတဲ့အဖွဲ့ကို ကျောင်းသားလူငယ်တချို့က ၂ဝ၂၁ ခုနှစ် ဇွန်လမှာ စတင် ဖွဲ့စည်းခဲ့တယ်လို့သိရပါတယ်။ စစ်အာဏာရှင်ကိုဆန့်ကျင်လို့ ဖမ်းဆီးခံရတဲ့သူထောင်ပေါင်းများစွာဟာ အကျဉ်းထောင်အသီးသီးမှာချုပ်နှောင်ခံနေရပြီး၊ ထောင်ထဲမှာပေးတဲ့အစားအစာက ကျန်းမာရေးနဲ့ မညီညွတ်သလို၊ ထမင်းသာရှိပြီး ဟင်းမရှိဘဲ စားသောက်နေထိုင်ရတာပါ။
ဒါကြောင့် “ထောင်ဝင်စာပို့ကြမယ်” ဆိုတဲ့အဖွဲ့က အခုဆိုရင် ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ ပဲခူး နဲ့ ပခုက္ကူထောင်တွေက အကျဉ်းသူ၊ အကျဉ်းသား ၅ဝဝ လောက်အတွက် အစားအစာ ပုံမှန်ပို့ပေးနေပါတယ်။
သူတို့အဖွဲ့ပို့နေတဲ့သူတွေထဲမှာ အမိန့်ချမခံရသေးတဲ့ သူတွေကနေ သေဒဏ်၊ တစ်သက် တစ်ကျွန်းထိ ချခံရပြီးသူတွေပါဝင်တယ်လို့ အဲဒီအဖွဲ့ဝင်အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“ပြစ်ဒဏ်မချရသေးဘဲ ရုံးထုတ်ဆဲ အချုပ်သားကနေ သေဒဏ်ကျပြီးသားတွေ တစ်သက် တစ်ကျွန်းချခံရပြီးသားလူတွေ ပါတယ်၊ ညီမတို့ကူပေးနေတဲ့လူတွေဆို တော်တော်လေးခက်ခဲကြတယ်၊ ပျံကျဈေးရောင်းတာတို့၊ နေ့စားအလုပ်သမားတွေပါတယ်၊ ကျတဲ့နှစ်တွေကလည်း သုံးလေးနှစ် လောက်တောင် မဟုတ်ဘဲ ဆယ်နှစ်တို့ သေဒဏ်တို့ တစ်သက်တစ်ကျွန်းတို့ အဲဒီလိုတွေပေါ့။”
သူတို့အဖွဲ့က တစ်ယောက်အတွက် ကျပ် သုံးသောင်းခွဲဖိုး ထောက်ပံ့နေတယ်လို့ပြောပါတယ်။
သူတို့ပို့တဲ့ပစ္စည်းတွေထဲမှာ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ရေချိုးဆပ်ပြာ၊ အစားအသောက် အကြော်အလှော်၊ ဆေးဝါး၊ စာအုပ်တွေပါဝင်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းအရ မတ်လ ၂၂ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း ၉၈၃၅ ဦးရှိပြီး အဲဒီထဲမှာ ၈၆၈ ဦး က ထောင်ဒဏ် ချမှတ်ခံထားရပြီးပြီလို့ သိရပါတယ်။
အဖမ်းခံထားရသူတွေထဲမှာ အလွှာပေါင်းစုံ၊ မြို့နယ်ပေါင်းစုံ၊ ဒေသပေါင်းစုံက လူတွေပါသလို အခြေခံ လူတန်းစားနဲ့ လက်လုပ်လက်စားတွေများတဲ့အတွက် မိသားစုတွေက ထောင်ဝင်စာပုံမှန်ပို့နိုင်ဖို့ ဒီကာလမှာ ခက်ခဲနေပါတယ်။ ဒါကြောင့် ထောင်ထဲရောက်နေတဲ့၊ သူတို့ရဲ့မိသားစုဝင်တွေဆီ ထောင်ဝင်စာပို့နိုင်ဖို့ ဒီအဖွဲ့ကို အကူအညီတောင်းကြပါတယ်။
ဒီအဖွဲ့ တစ်လ နှစ်ကြိမ် ထောင်ဝင်စာ ပို့တဲ့ ကုန်ကျစရိတ်က သိန်း ၁၅ဝ ဝန်းကျင် ရှိပါတယ်။ လစဉ် ရန်ပုံငွေ အလျဥ်မီနိုင်ရေးနဲ့ အဖွဲ့ဝင်တွေရဲ့ လုံခြုံရေးက သူတို့အဖွဲ့ အဓိက ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေ ဖြစ်တယ်လို့ ဒီအဖွဲ့ဝင် အမျိုးသမီးက ပြောပါတယ်။
“ကျမတို့အဖွဲ့ထဲမှာ ကူလုပ်ပေးနေသူတချို့ အဖမ်းခံရတာတွေရှိတယ်၊ process တစ်ခု သွားနေတဲ့အချိန်မှာ stable ဖြစ်သွားပြီဆိုရင် ပြေးရလွှားရတာတွေ ရွှေ့ရပြောင်းရတာတွေရှိတယ် ဟိုတစ်ခါကဆိုရင် ညီမတို့ အကောင့်(အလှူငွေလက်ခံတဲ့ ဘဏ်အကောင့်)တွေ freeze အပိတ်ခံရတာတွေ ရှိတယ်။ နောက်တစ်ခုက ညီမတို့မှာ ပစ္စည်းတွေ ထားတဲ့ warehouse တွေက နာမည်ထွက်သွားတာတွေ နေရာထွက်သွားတာတွေရှိရင် ပြောင်းရတာတွေ မလွယ်ဘူးပေါ့ ပစ္စည်းတွေက များတော့လေ။ ညီမတို့က ပါဆယ်ကို တစ်လကို ၂ခါပို့တယ်။ ရန်ကုန်မပါဘဲ နယ်ထောင်တွေကို သီးသန့်ပို့တာ တစ်လကို သိန်း ၇ဝ ကုန်တယ်။ ရန်ကုန်အပါဆိုရင် တစ်လကို သိန်း ၁၅ဝ ပတ်ချာလည်မှာရှိတယ်။ ပြောရရင် ရန်ပုံငွေက တစ်လတစ်ခါ အလျဥ်မီအောင် ရှာဖို့ ရုန်းကန်ရတယ်။”
ဒီမတ်လကုန်အထိသာ ရန်ပုံငွေ ကျန်တော့လို့ လာမယ့်လတွေအတွက် ပူပန်နေကြပါတယ်။ ဒီအဖွဲ့ဟာ အလှူရှင်တွေရဲ့ ငွေကြေးနဲ့ လည်ပတ်နေကြသလို အဖွဲ့ဝင်တွေကိုယ်တိုင် ငွေကြေးရှာဖွေထည့်ဝင်ပြီး အကူအညီပေးနေကြတာပါ။
ဒီအဖွဲ့ရဲ့ နောက်ထပ်အဖွဲ့ဝင်အမျိုးသားတစ်ဦးက - ပြည်သူတွေ တစ်လအသုံးစရိတ်ရဲ့ ၁ဝ ရာခိုင်နှုန်းလောက်ကို ပုံမှန်ထည့်ဝင်လှူဒါန်းပေးစေချင်တယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ တော်လှန်ရေးအစကတည်းက ကြွေးကြော်ခဲ့ကြတာ ငါတို့မှာငါတို့ပဲ ရှိတယ်၊ ဘယ်သူမွေးမွေး ငါတို့ကလေးဆိုပြီး အကုန်လုံးကြွေးကြော်ခဲ့ကြတယ်၊ ဒါပေမဲ့ ဒီလိုအချိန်မှာ ဖြစ်လာတဲ့အခါကျတော့ အကုန်လုံးက ကိုယ့်အပူနဲ့ကိုယ်သော်လည်းကောင်း ပြီးတော့ ကိုယ့်ကိုထိမှာကြောက်ပြီးတော့ အကြောက်လွန်ပြီး မလှူကြတော့တာ အများကြီးရှိကြတယ်၊ အများကြီး လှူစရာလည်း မလိုဘူး၊ ကျွန်တော်တို့ကလည်း လှူတဲ့လူတွေ မထိခိုက်အောင် ပြင်ဆင်ထားတယ်။ အများကြီးလည်း မတောင်းဆိုဘူး။ တစ်လလုံးမှာ အသုံးစရိတ်ရဲ့ ၁ဝ ရာခိုင်နှုန်းလောက်ပဲ ထောက်ပံ့ တယ်ဆိုရင် ကျွန်တော်တို့အတွက်သော်လည်းကောင်း တခြားအဖွဲ့အစည်းတွေအတွက် သော်လည်း ကောင်း အရမ်းကြီး အထောက်အပံ့ဖြစ်ပါတယ်။ အဲ့လောက်လေး လှူပေးနေရုံနဲ့ကိုလည်း ကျွန်တော်တို့ အတွက် အများကြီး အထောက်အကူ ဖြစ်ပါတယ်လို့၊ လူတွေရဲ့ အခက်အခဲကိုလည်း နားလည်ပါတယ်၊ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ပြည်သူထဲက ပြည်သူပဲဖြစ်လို့ ဒါကြောင့် ၁ဝ ရာခိုင်နှုန်းလောက်စီပဲ ထောက်ပံ့ပေးရင် ရပါတယ်။”
တောင်ဒဂုံမြို့နယ်က သေဒဏ်ချခံထားရတဲ့ သားလေးယောက် မိခင် ဒေါ်စမ်းစမ်းအေးကဆိုရင် သုံးလ တစ်ကြိမ်သာ သားတွေဆီ ထောင်ဝင်စာ ပို့နိုင်ပါတယ်။ “ထောင်ဝင်စာ ပို့ကြမယ်” အဖွဲ့ရဲ့ ကူညီမှုက ဒေါ်စမ်းစမ်းအေး သူ့သားတွေဆီပို့မယ့် ကုန်ကျစရိတ်တွေအတွက် အထာက်အပံ့ဖြစ်စေတယ်လို့ ဆိုပါတယ်။ သားလေးယောက်က မန္တလေး၊ တောင်ငူ၊ ကျိုက်မရော၊ မြင်းခြံ စတဲ့ အကျဉ်းထောင် လေးခုမှာ အကျဉ်းကျခံနေရတာပါ။
လေးနေရာကို ထောင်ဝင်စာ ပို့ရတာဖြစ်လို့ ဒေါ်စမ်းစမ်းအေး ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်နေရပါတယ်။
“တစ်ယောက်ကို ထောင်ဝင်စာကလည်း ပစ္စည်းပစ္စယတွေနဲ့ စရိတ်စကတွေနဲ့ကျတော့ တော်တော်လေး များတယ်။ အင်းစိန်မှာတုန်းကတော့ လေးယောက်စာကို သိပ်တော့မပူရဘူး၊ ဒီလိုပဲ ရှာကြံပြီး ပို့လို့ ရတယ်၊ အခုကတော့ လမ်းစရိတ်ကပဲ လေးသိန်း ငါးသိန်းလောက် ရှိမှ သွားလို့ရတယ်။ လေးနေရာ ဆိုတော့ လေးခါသွားရတယ်။ တော်တော်လေးစုပြီး ရုန်းကန်ပြီးသွားရတာ၊ အခုခေတ်အခါက မကောင်း၊ စီးပွားရေးတွေကလည်း မကောင်းတော့၊ စုထားတဲ့ပိုက်ဆံလေးတွေနဲ့ သူများဆီက ချေးငှားပြီး သွားရတာ၊ သုံးလတစ်ခါတောင် မနည်းရုန်းကန်နေရတာ မသွားနိုင်ဘူး၊ အခုဆို ပို့ဖို့က နီးလည်းနီးလာပြီ၊ ဒါပေမဲ့ အဆင်မပြေတော့ တစ်မျိုးတော့ လှည့်ပြီး စဉ်းစားနေရတာ ကလေးတွေဆီကို မသွားလို့ကလည်း မရဘူးလေ”
အိမ်ကနေ စားသောက်စရာ မပို့နိုင်တဲ့ အကျဉ်းသားတွေဟာ ထောင်ထဲမှာ အစားအသောက် အတော်လေး ချို့ချို့တဲ့တဲ့စားသောက်နေထိုင်ရတယ်လို့ ခြောက်လလောက် အကျဉ်းကျခံခဲ့ရတဲ့ ထားဝယ်က လူငယ်တစ်ဦးက ပြောပါတယ်။
“ပို့ပေးနေတဲ့အိမ်တွေကနေတဆင့် စာလေးတွေ ပေးတယ်၊ အထဲကနေ ရေးပေးလိုက်တာ၊ အိမ်ကနေ အဖမ်းခံရတာလည်း မသိလို့ သူ့အတွက်ပါ ပါဆယ် ပို့ပေးဖို့ အကူအညီတောင်းတာမျိုးတွေ ရှိတယ်။”
အဖမ်းခံထားရသူတွေဆီ မိသားစုတွေက ထောင်ဝင်စာ ပုံမှန် မပို့နိုင်ကြတဲ့ အကြောင်းရင်းတွေထဲမှာ သူတို့ မိသားစုဝင် အဖမ်းခံနေရမှန်းမသိတာ၊ တစ်ချို့ကတော့ မိသားစုက နယ်အဝေးမှာ နေထိုင်ကြ တာဖြစ်လို့ လမ်းခရီးမှာ လုံခြုံရေးစိုးရိမ်လို့ ထောင်တွေကို ပုံမှန်လာပို့ မပေးနိုင်တာတွေကြောင့်လည်း ပါဝင်ပါတယ်။
ထောင်ကျနေမှန်း မိသားစုတွေက မသိတဲ့ အကျဉ်းသားတွေဆိုရင် ဒီအဖွဲ့ဆီက အကူအညီရနေတဲ့ အကျဉ်းသားတွေဆီကနေတဆင့် စာပေးပို့ အကူအညီတောင်းတာမျိုးလည်း ရှိပါတယ်။
“ပို့ပေးနေတဲ့အိမ်တွေကနေတစ်ဆင့် စာလေးတွေ ပေးတယ်၊ အထဲကနေ ရေးပေးလိုက်တာ၊ အိမ်ကနေ အဖမ်းခံရတာလည်း မသိလို့ သူ့အတွက်ပါ ပါဆယ် ပို့ပေးဖို့ အကူအညီတောင်းတာမျိုးတွေ ရှိတယ်။”
ထောင်တွေထဲကနေ သူတို့အဖွဲ့ကို ကျေးဇူးတင်ကြောင်း ပြန်ပို့တဲ့စာလေးတွေက အခက်အခဲမျိုးစုံ ရှိနေတဲ့ ကြားကနေ အဖွဲ့ ဆက်လက်လည်ပတ်နိုင်စေဖို့ ခွန်အားတွေ ဖြစ်စေတယ်လို့ ပြောကြပါတယ်။
ဒီအဖွဲ့ဟာ - စစ်အာဏာရှင်ကို ဆန့်ကျင်လို့ ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေကို မမေ့ဘူးဆိုတာ ပြသတဲ့အနေနဲ့ ဖမ်းဆီးခံ မိသားစုဝင်တွေဆီကတစ်ဆင့် အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီး ခံထားရသူတွေကို စဉ်ဆက်မပြတ်ထောက်ပံ့ကူညီနိုင်အောင် ကြိုးစားသွားမယ်လို့ အဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောပါတယ်။
“သူတို့ရဲ့သားသမီးတွေက ထောင်ကျအကျဉ်းကျခံပြီးတော့ လုပ်သွားတယ်ဆိုပေမယ့် အပြင်မှာ အခုအားလုံးက ပုံမှန်ဘဝတွေထဲမှာ ပျော်မွေ့နေကြပြီဆိုတာကို သူတို့မိဘတွေက မြင်ရတဲ့အခါမှာ အင်မတန် စိတ်ဓာတ်ကျစရာဖြစ်ပါတယ်။ အဲ့လိုလူတွေချည်းပဲမဟုတ်ဘူး ကျွန်တော်တို့လို တစ်သွေးတည်း တစ်သားတည်း ရှိတဲ့လူတွေလည်း အများကြီးပဲ ရှိပါသေးတယ်ဆိုတာကို ပြတဲ့အနေနဲ့ ကျွန်တော်တို့ ဆက်လက်ရှိနေရခြင်းဖြစ်ပါတယ်။”
ထောင်ဝင်စာပို့ကြမယ်အဖွဲ့က ထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား တစ်ယောက်မှ မရှိတော့တဲ့ အချိန်ထိ အကူအညီတွေပေးနိုင်ဖို့ ရည်မှန်းထားကြတယ်လို့ပြောပါတယ်။