နိုင်ငံရေးအကျဉ်းသားတချို့ကို ကြိုးပေးဖို့ပြင်နေတယ်ဆိုတဲ့သတင်းကြောင့် ပြည်တွင်းပြည်ပ စိုးရိမ်နေ

RFA Burmese
2024.09.23
နိုင်ငံရေးအကျဉ်းသားတချို့ကို ကြိုးပေးဖို့ပြင်နေတယ်ဆိုတဲ့သတင်းကြောင့် ပြည်တွင်းပြည်ပ စိုးရိမ်နေ ရန်ကုန်မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် သေဒဏ်ချမှတ်ခံရသူ မမြတ်ဖြိုးပွင့်၊ ကိုကောင်းပြည့်စုံဦး၊ ကိုဆန်းမင်းအောင်၊ ကိုကျော်ဝင်းစိုးနဲ့ ကိုဇေယျာဖြိုးတို့ကို တွေ့ရစဉ်။
Myanmar Military

အင်းစိန်ထောင် အပါအဝင် အကျဉ်းထောင်တချို့မှာ သေဒဏ်အမိန့်ချခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတချို့ကို ကြိုးပေးကွပ်မျက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာကြောင့် မိသားစုဝင်တွေ၊ ဒီမိုကရေစီလိုလားသူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်ပူပန်နေကြပါတယ်။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့က ရန်ကုန်မြို့ အလုံဘူတာမှာ ရထားရဲတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးတဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ တရားစီရင်မှုမဟုတ်ဘဲ ထောင်တွင်းအထူးတရားရုံးနဲ့ သေဒဏ်အမိန့်ချထားတဲ့ လူငယ်ငါးယောက်ကို စက်တင်ဘာ ၂၄ ရက် နေ့မှာ ကြိုးပေးကွပ်မျက်ဖို့ အင်းစိန်ထောင်ထဲမှာ ပြင်ဆင်နေတယ်ဆိုတဲ့အကြောင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာမှာ ဒီလဆန်းကပေါ်ထွက်လာပြီး စိုးရိမ်နေကြတာပါ။

"ကွပ်မျက်တယ်ဆိုတဲ့အခါမှာ ဥပဒေက ဘာပြဋ္ဌာန်းထားလဲဆိုရင် ၂၄ နာရီကြိုပြီးတော့ အကျဉ်းသားကို အသိပေးရတယ်"

ဒီသတင်းကြားထားပေမဲ့ အဲဒီထက်ပို မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်းစိန်ထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ အတွင်းသတင်းရတာပေါ့နော်။ လောက်ကိုင်မှာ လက်နက်ချခဲ့တဲ့ ဒစက ဗိုလ်မှူး တစ်ယောက်လည်း ပါတယ်လို့ ကျွန်တော်တို့ အသံကြားနေတယ်ပေါ့နော်။ ဆိုတော့ ကြိုးစင်ကတော့ ပြင်ထားတယ်ဆိုတာ သတင်းကတော့ ကျွန်တော်တို့ အခိုင်အမာရထားတယ်။ သို့သော် ဘယ်အချိန် ကြိုးပေးမယ် မပေးဘူးဆိုတာတော့ ကျွန်တော်တို့ မသိထားဘူး။ မိသားစုနဲ့ တွေ့ဆုံခွင့် ပေးထားတယ် ဆိုတာလည်း အတိအကျ သတင်းရထားပါတယ်ခင်ဗျ”

ကိုကောင်းပြည့်စုံဦး၊ ကိုကျော်ဝင်းစိုး၊ ကိုဆန်းမင်းအောင်၊ ကိုဇေယျာဖြိုးနဲ့ မမြတ်ဖြိုးပွင့်တို့ ငါးဦးကို ရထားရဲတွေကို တိုက်ခိုက်တဲ့ဖြစ်ရပ်အတွက် ၂၀၂၁ ခုနှစ် စက်တင်ဘာလထဲမှာ ဖမ်းဆီးခဲ့ပြီး၊ ၂၀၂၃ ခုနှစ် မေလမှာ သေဒဏ်တွေ ချမှတ်ထားတာပါ။


ဆက်နွှယ်သော သတင်းများ

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်ကို စစ်ကောင်စီက သေဒဏ်ချမှတ်

အကျဥ်းသားတွေကို သေဒဏ်အကြိမ်ကြိမ်ချမှတ်မှု ရှေ့နေနဲ့ လူ့အခွင့်အရေးသမားတွေ ဝေဖန်

ဒီမိုကရေစီရေးလှုပ်ရှားသူ ငါးဦးကို ကွပ်မျက်မဲ့ကိစ္စ ချက်ချင်းရပ်ဖို့ APHR တောင်းဆို


အခုထွက်နေတဲ့ သတင်းနဲ့ပတ်သက်လို့ RFA က မိသားစုကို တိုက်ရိုက်စကားပြောခွင့်ရဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။ ဒါပေမဲ့ သေဒဏ်ချခံထားရတဲ့လူငယ် ငါးယောက်ထဲက တစ်ယောက်ရဲ့ မိသားစုဟာ စက်တင်ဘာလဆန်းမှာ လူကိုယ်တိုင် ပုံမှန်ထောင်ဝင်စာ တွေ့ခဲ့ရပြီး အဲဒီအချိန်က ထူးခြားချက်ဘာမှ မတွေ့ခဲ့ရဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေကတဆင့် သိရပါတယ်။ စစ်ကောင်စီ လက်အောက်ခံ တရားရေးဆိုင်ရာနဲ့ ပြည်ထဲရေးက ထိပ်တန်းအရာရှိတွေ ထောင်ထဲကို ဝင်ထွက်တာလည်းမရှိဘူးလို့ ထောင်အသိုင်းအဝိုင်းကတဆင့် သိရတယ်လို့ ဆိုပါတယ်။

စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ ဒီသတင်းပေါက်ကြားအောင် စစ်ကောင်စီက လုပ်တာဖြစ်နိုင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက သုံးသပ်ပါတယ်။

“မိသားစုတွေအတွက် သူတို့ ပူပန်နေကြမလဲ။ ဒါတွေဟာ ရည်ရွယ်ချက်ရှိရှိကို လုပ်နေတယ်လို့ ကျွန်တော်တို့ မြင်တယ်ပေါ့နော်။ ဒါဟာ အကျဉ်းထောင်ဘက်ကစပြီး သတင်းမလွှင့်ဘဲနဲ့ ဒီသတင်းက ပြင်ပကို ရောက်ဖို့မရှိဘူးပေါ့။ အဲတော့ တချို့သတင်းတွေက ကျွန်တော်တို့ကို သိအောင်လို့ ပေးသိတဲ့ သတင်းတွေလည်းရှိတယ်ပေါ့။ တစ်ခါတစ်ခါမှာ ကျွန်တော်တို့ကို သိအောင်လို့ကိုမှ သတင်းကို ဖောက်ချတာမျိုးတွေလည်း ရှိတယ်ပေါ့နော်။ ဒါဟာ ကျွန်တော် ထင်တယ်။ စိတ်ဓာတ်စစ်ဆင်ရေး တစ်ခုသွားနေတယ်လို့တော့ ကျွန်တော် မြင်တယ်ပေါ့နော်”

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကို RFA က မေးကြည့်တဲ့အခါ သူတို့လည်း ဒီသတင်းကို သိရတဲ့အတွက် စုံစမ်းကြည့်တဲ့အခါ အင်းစိန်ထောင် တစ်ခုတည်းမှာတင် မဟုတ်ဘဲ တခြားထောင်တချို့မှာလည်း သေဒဏ်အမိန့် ချခံထားရတဲ့သူတွေကို ကြိုးပေးခါနည်းလုပ်လေ့ရှိတဲ့ ကျန်းမာရေးစစ်တာမျိုးတွေ ရှိနေတယ်လို့သိရတဲ့အကြောင်း၊ ဒီကိစ္စတွေကို အတည်မပြုနိုင်ပေမဲ့ စစ်ကောင်စီကို လျှော့တွက်လို့မရတဲ့အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ သံတမန်တွေကို အကြောင်းကြားထားတယ်လို့ ပြောပါတယ်။

“လျှော့တွက်လို့ မရဘူး။ ဘယ်လိုပဲဖြစ်ဖြစ် စိုးရိမ်နေရတယ်။ နိုင်ငံတကာကိုတော့ တပ်လှန့်ထားတာပဲ။ အဲဒီမှာ တချို့တွေက ဒါနဲ့ပတ်သက်ပြီးတော့ မလုပ်ဖို့ concern (စိုးရိမ်တယ်) ဖြစ်တယ်ဆိုတဲ့အကြောင်း Statement (ကြေညာချက်) ထုတ်ဖို့ တချို့က ပြောနေတာရှိတယ်”

ဒီအတောအတွင်းမှာပဲ၊ ကွပ်မျက်ဖို့ စီစဉ်နေတာကို ချက်ချင်းရပ်ဆိုင်းဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (APHR) က စစ်ကောင်စီကို တောင်းဆိုတဲ့ကြေညာချက် စက်တင်ဘာ ၂၀ ရက်နေ့မှာ ထွက်လာပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ကို အီးမေးနဲ့ ဆက်သွယ်မေးမြန်းတဲ့အခါ အတည်မပြုနိုင်သေးပေမယ့်၊ သေဒဏ်စီရင်မှုတွေ ပြန်လုပ်လာမယ့်အပေါ် အထူးစိုးရိမ်ကြောင်း AI အဖွဲ့ရဲ့ ဒေသဆိုင်ရာရုံး ပြောခွင့်ရသူက RFA ကိုပြောပါတယ်။ သေဒဏ်စီရင်တယ်ဆိုတာ အဖြေမဟုတ်သလို လူ့အခွင့်အရေးချိုးဖောက်တဲ့လုပ်ရပ် ဖြစ်တဲ့အတွက် ဆန့်ကျင်တယ်လို့ AI အဖွဲ့က ပြောပါတယ်။

မြန်မာစစ်တပ်အနေနဲ့ သေဒဏ်စီရင်တာတွေ နောက်ထပ်မလုပ်တော့ဘူးလို့ မျှော်လင့်ကြောင်း၊ အာဏာသိမ်းပြီးနောက် အရပ်ဘက်တရားရုံးတွေကို အထူးတရားရုံး၊ စစ်ခုံရုံးတွေအဖြစ် ပြောင်းလဲပြီး သေဒဏ်အပါအဝင် ထောင်ဒဏ်တွေ ချမှတ်နေတာဟာလည်း မျှတတဲ့ တရားစီရင်ရေး မဟုတ်ကြောင်း AI ပြောခွင့်ရသူက ပြောပါတယ်။

ဒီလို စိုးရိမ်ချက်တွေကြောင့် စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းပေမဲ့ အကြောင်းမပြန်ပါဘူး။ ဒါပေမဲ့ အဲဒီသတင်းကို သူ့အနေနဲ့ မကြားသေးဘူးလို့ BBC မြန်မာပိုင်းကို ပြီးခဲ့တဲ့ရက်ပိုင်းက ပြောဆိုတာ တွေ့ရပါတယ်။

စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ရုံးကိုလည်း RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

လူသိများထင်ရှားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု (ခ) ကိုဂျင်မီနဲ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်းဖြစ် ဟစ်ဟော့အဆိုတော်လည်းဖြစ်တဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လထဲမှာ ကြိုးပေးကွပ်မျက်ခဲ့တဲ့ ဖြစ်ရပ်ရှိခဲ့ပါတယ်။ အဲဒီလိုကြိုး မပေးခင်ကလည်း အခုလို သတင်းတွေကြိုထွက်ခဲ့လို့ အဲဒီအချိန်က ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့အခါမှာ၊ ဒီသတင်းကို အတည်ပြုလို့မရဘူးလို့ ပြောခဲ့ပေမဲ့ လက်တွေ့မှာ ကွပ်မျက်လိုက်တဲ့အကြောင်း နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြတာရှိခဲ့ပါတယ်။

ဒါကြောင့် အခုလို သတင်းထွက်နေတဲ့ လူငယ်ငါးဦးအတွက် စိုးရိမ်မိတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့က ဦးထွန်းကြည်က ပြောပါတယ်။

“ဓာတ်ပုံတွေနဲ့၊ နာမည်တွေနဲ့ တက်နေတဲ့အခါကျတော့ ဒီလူငယ်ငါးဦးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ကတော့ အလွန်တစ်ရာမှ စိုးရိမ်တယ်ပေါ့နော်”

ဒီလိုသတင်းတွေကြားရတိုင်း စိတ်မကောင်းဖြစ်ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန် မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ထွက်နေတဲ့ သတင်းတွေကတော့ အများကြီးပဲ။ မှန်ချင်လည်း မှန်မယ်။ မမှန်ချင်လည်း မမှန်ဘူး။ ဘာပဲပြောပြော ကျွန်တော်တို့ကတော့ ဒီလိုသတင်းတွေ ကောလာဟလပဲဖြစ်စေ၊ ဆိုက်ဝါးပဲဖြစ်စေ၊ တကယ်ပဲဖြစ်စေပေါ့နော် ကြားရတိုင်း၊ ကြားရတိုင်းမှာ ကျွန်တော်တို့ ရင်နဲ့အမျှခံစားရပါတယ်”

ဒီသတင်းနဲ့ပတ်သက်ပြီး အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေအနေနဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ကို ဆက်သွယ်အကူအညီတောင်းခံထားတာ ရှိ၊ မရှိ ICRC ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ ပုဂ္ဂိုလ်တစ်ဦးချင်းဆိုင်ရာ အကူအညီတောင်းခံတဲ့ အချက်အလက်တွေကို တင်းတင်းကြပ်ကြပ် ထိန်းသိမ်းထားဖို့ မူဝါဒရှိတဲ့အတွက် မသက်ဆိုင်တဲ့သူတွေကို မမျှဝေဘူးလို့ ပြန်လည်ဖြေကြားပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့မြင်ကွင်း။ (RFA Photo)
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့မြင်ကွင်း။ (RFA Photo)

ဥပဒေအရ အကျဉ်းသားတွေကို ကြိုးပေးကွပ်မျက်မယ်ဆိုရင် လုပ်ထုံးလုပ်နည်းအရ မိသားစုဝင်တွေကို တစ်ရက်ကြိုတင် အသိပေးရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော် ရှေ့နေတစ်ဦး က RFA ကို ပြောပါတယ်။

“သေဒဏ်ကို အတည်ပြုတယ်။ တစ်နည်းအားဖြင့် ကွပ်မျက်တယ်ဆိုတဲ့အခါမှာ ဥပဒေက ဘာပြဋ္ဌာန်းထားလဲဆိုရင် ၂၄ နာရီကြိုပြီးတော့ အကျဉ်းသားကို အသိပေးရတယ်။ ပြီးရင် သူ့မိသားစုကို အသိပေးရတယ်။ အဲဒီ ၂၄ နာရီ အတွင်းမှာ လာရောက်တွေ့ဆုံနိုင်တဲ့ သူ့မိသားစုတွေရဲ့ အရေအတွက် ကန့်သတ်မထားဘူး တွေ့ဆုံခွင့်ပေးရတယ်။ အဲတော့ မိသားစုတွေနဲ့ တကယ်တွေ့ဆုံခွင့် ပေးပြီလား။ တွေ့ဆုံပေးဖို့ ကမ်းလှမ်းလာပြီလား။ ပြောလာပြီလား။ အကြောင်းကြားလာပြီလား။ အဲဒါက အဓိကကျလိမ့်မယ်လို့ ကျွန်တော်တော့ မြင်ပါတယ်”

သတင်းတွေထွက်နေတဲ့ လူငယ် ငါးယောက်ထဲက မမြတ်ဖြိုးပွင့်က သူ့မိသားစုရဲ့ မော်တော်ကားကို သုံးထားလို့ သူ့ဖခင်ကိုပါ စစ်ကောင်စီက ထောင်ဒဏ်ချမှတ်ထားတဲ့အတွက် မိခင်လည်း အတော်စိတ်ထိခိုက်နေတယ်လို့ သိရပါတယ်။ အလားတူ အခြားသေဒဏ်ကျ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုတွေလည်း အလွန်စိုးရိမ်နေကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ် မတ်လ ၄ ရက်နေ့အထိ သေဒဏ်အမိန့်ချမှတ်ခံထားရတဲ့သူ ၁၆၄ ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

(မှတ်ချက် - ဤသတင်းတွင် Amnesty International ၏ ပြောဆိုချက်ကို ထပ်မံဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။