အကျဥ်းသားတွေကို သေဒဏ်အကြိမ်ကြိမ်ချမှတ်မှု ရှေ့နေနဲ့ လူ့အခွင့်အရေးသမားတွေ ဝေဖန်

RFA Burmese
2024.03.07
အကျဥ်းသားတွေကို သေဒဏ်အကြိမ်ကြိမ်ချမှတ်မှု ရှေ့နေနဲ့ လူ့အခွင့်အရေးသမားတွေ ဝေဖန် စစ်ကောင်စီမှ ထုတ်ပြန်သည့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအား တွေ့ရစဉ်။
Myanmar Military

ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှာ အကျဥ်းကျနေတဲ့ ကိုသူရဖြိုး၊ ကိုထွန်းထွန်းဦး၊ ကိုကျော်ဆန်းဦး၊ ကိုကိုအောင်၊ ကိုအောင်မိုးမြင့်၊ ကိုဝင်းမြတ်သိန်းဇော်နဲ့ ကိုကောင်းစည်သူတို့ ခုနစ်ဦးကို ဖျာပုံခရိုင် တရားရုံးက ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ ပုသိမ်ထောင်တွင်း ရုံးထုတ်စစ်ဆေးပြီး သေဒဏ်ချမှတ်ခဲ့တယ်လို့ သူတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဖျာပုံမြို့မှာ စစ်ကောင်စီကို သတင်းပေးတယ်လို့ စွပ်စွဲသတ်ဖြတ်ခံရတဲ့ အမျိုးသမီး နှစ်ဦးသေဆုံးမှုကြောင့် ကိုသူရဖြိုးတို့ ခုနစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၁၀၉၊ လူသတ်မှုပုဒ်မ ၃၀၂-၁(ခ)နဲ့ ဖျာပုံခရိုင်တရားရုံးက သေဒဏ်တွေ ချမှတ်ခဲ့တာလို့ ဒေသခံတွေနဲ့ သူ့တို့ရဲ့ မိတ်ဆွေတွေက RFA ကို ပြောပါတယ်။

"သေဒဏ်ပေးတယ်ဆိုတာကိုက လွန်နေပြီ။ ဒီအပေါ်မှာ နှစ်ကြိမ်တောင် ပေးတယ်ဆိုတော့လည်း တော်တော်ရီစရာလည်း ဖြစ်နေတယ်"

အဲဒီထဲက ကိုသူရဖြိုး၊ ကိုထွန်းထွန်းဦး၊ ကိုကျော်ဆန်းဦး၊ ကိုကိုအောင်၊ ကိုအောင်မိုးမြင့်တို့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၀ ရက်နေ့ကလည်း ကိုဝဏ္ဏထွန်း၊ ကိုစံလင်းစံတို့နဲ့အတူ လူသတ်မှု ပုဒ်မ ၃၀၂(၁)ခနဲ့ပဲ သေဒဏ်ချမှတ်ခံထားရပါသေးတယ်။

မြန်မာနိုင်ငံမှာ သေဒဏ်ပေးခံရတဲ့ ဂဠုန်ဦးစော၊ ဦးအုန်းကျော်မြင့်၊ ဦးတင်မောင်ဦး စတဲ့သူတွေတောင် သေဒဏ်တစ်ကြိမ်သာ ပေးခံခဲ့ရတာဖြစ်ပြီး အခုလိုသေဒဏ် အကြိမ်ကြိမ်ပေးတဲ့လုပ်ရပ် မရှိခဲ့ဘူးလို့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

"ပြစ်မှုက တစ်ခုတည်းပဲပေါင်းပြီးတော့ တစ်ပေါင်းတည်း ကျခံရမှာပဲ။ အဲဒီလို မဟုတ်ဘဲနဲ့ ဟိုဟာကို တစ်ခုကိုပေး။ မေ့နေပြန်ရော။ နောက်တစ်ခါ ၃၀၂ နဲ့ တစ်ခါလုပ်ပြန်ရော။ အဲဒီလိုတော့ လုပ်လို့ မရဘူးဗျ။ အဲဒါတော့ ဥပဒေနဲ့ မညီဘူးပေါ့။၁၉၇၂ ခုနှစ် စကားရပ်များဖွင့်ဆိုခြင်း ဥပဒေနဲ့ မညီဘူးပေါ့နော်"

အခု သေဒဏ်ပေးခံရသူတွေ အပါအဝင် ဒေသခံ စုစုပေါင်း ၁၉ ဦးကို စစ်ကောင်စီက ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၉ ရက်ကနေ စက်တင်ဘာ ၁ရက်နေ့အတွင်း ဖမ်းဆီးခဲ့တာပါ။ သူတို့ဟာ မအူပင်၊ ဖျာပုံ၊ ဘိုကလေးမြို့နယ်တွေမှာ စစ်ကောင်စီရဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့ဝင် ရှစ်ဦးသတ်ဖြတ်ခံရတဲ့အမှုတွေအပြင် ဖောက်ခွဲမှုတွေ လုပ်ခဲ့တယ်လို့ စစ်ကောင်စီထုတ် သတင်းစာတွေမှာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ရက်ရဲ့ လေ့လာပြုစုထားချက်အရ ကိုသူရဖြိုး၊ ကိုထွန်းထွန်းဦး၊ ကိုကျော်ဆန်းဦးနဲ့ ကိုကိုအောင်တို့ လေးဦးဟာ အခုဆိုရင် သေဒဏ် သုံးကြိမ်နဲ့ ထောင်ဒဏ် ၂၅ နှစ်စီ ချမှတ်ခံထားရပါတယ်။

ဒါ့အပြင် ကိုဝဏ္ဏထွန်းကတော့ သေဒဏ် နှစ်ကြိမ်နဲ့ ထောင်ဒဏ် ၄၅ နှစ်၊ ကိုအောင်မိုးမြင့်ကလည်း သေဒဏ် နှစ်ကြိမ်နဲ့ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံထားရပါတယ်။ ကိုကောင်းစည်သူကတော့ သေဒဏ် တစ်ကြိမ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်က ပြောပါတယ်။

အခုလို သေဒဏ်အကြိမ်ကြိမ်ပေးတဲ့အပြင် နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်တာဟာ ပြစ်မှုနဲ့ပြစ်ဒဏ် မမျှတဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

"သူတို့ သေဒဏ်ချတာက လုံးဝမဖြစ်သင့်ဘူး။ သေဒဏ်တစ်ကြိမ် ချထားပြီးသား။ ဒါကို ထပ်ပြီးမှ သေဒဏ် အပြင် နောက်ထပ် သေဒဏ်တစ်ခေါက် ထပ်ချတယ်။ အဲဒါအပြင် အဲဒီသေဒဏ်ရဲ့နောက်မှာလည်း လေးဆယ့် ငါးနှစ်အထိ ထပ်ပြီးမှ ကျခံရမယ်ဆိုတဲ့ လူတွေလည်းပါတာကို ကျွန်တော်တို့ တွေ့ရတယ်ပေါ့နော်။ ဒါကတော့ လုံးဝကိုမှ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုလို့ ကျွန်တော်တို့တွေအနေနဲ့ မှတ်ချက်ပေးလိုပါတယ်"

ဖျာပုံမြို့နယ်မှာ စစ်ကောင်စီဆန့်ကျင်သူတွေကို သေဒဏ်ချမှတ်တာဟာ နိုင်ငံရေးအရ အနိုင်ကျင့်တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကွန်ရက်က အမှုဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက RFA ကို ပြောပါတယ်။

"လူတစ်ယောက်ကို နှစ်ခါသတ်တယ်ဆိုတာက အဲဒီလိုမျိုး ရှိမှမရှိတာပေါ့နော်။ သေဒဏ်ပေးတယ်ဆိုတာကိုက လွန်နေပြီ။ ဒီအပေါ်မှာ နှစ်ကြိမ်တောင် ပေးတယ်ဆိုတော့လည်း တော်တော်ရီစရာလည်း ဖြစ်နေတယ်။ ဒါပေမဲ့ တော်တော်လည်း စိတ်မကောင်းစရာ ဖြစ်တယ်ပေါ့နော်"

အဖမ်းခံရသူတွေထဲမှာ ကိုဌေးဝင်းနဲ့ ကိုဝဏ္ဏထွန်းတို့ နှစ်ဦးကလွဲပြီး ကျန်တဲ့သူအားလုံးက အသက်၂၀ ကနေ အသက် ၃၀ ဝန်းကျင် လူငယ်တွေဖြစ်ပါတယ်။

သူတို့အထဲက အဆိုတော်တစ်ယောက်ဖြစ်တဲ့ ကိုစံလင်းစံကတော့ ဦးနှောက်ရေအိတ်တည် ရောဂါအခံရှိတာကြောင့် စစ်ကြောရေးမှာ ရိုက်နှက်နှိပ်စက်ခံခဲ့ရတဲ့ဒဏ်တွေနဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ကွယ်လွန်ခဲ့တယ်လို့ သူရဲ့မိတ်ဆွေတစ်ဦးက ပြောပါတယ်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့အား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့အား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဖျာပုံခရိုင်တရားရုံးကနေ သေဒဏ်ပေးခံလိုက်ရသူတွေရဲ့ မိသားစုဝင်တွေကို RFA က တယ်လီဖုန်းကနေ ဆက်သွယ်ဖို့ကြိုးစားပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အခုလို သေဒဏ်အကြိမ်ကြိမ် ချမှတ်ခဲ့တဲ့အပေါ် အသေးစိတ်သိရဖို့ ဧရာဝတီတိုင်း လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က မတ်လ ၅ ရက်နေ့မှာ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

စစ်ကောင်စီက အခုအချိန်အထိ ဖျာပုံခရိုင်တရားရုံးကနေ ကိုသူရဖြိုး၊ ကိုထွန်းထွန်းဦး၊ ကိုကျော်ဆန်းဦး၊ ကိုကိုအောင်၊ ကိုအောင်မိုးမြင့်၊ ကိုဝင်းမြတ်သိန်းဇော်၊ ကိုကောင်းစည်သူ၊ ကိုပြည့်စုံဖြိုး၊ ကိုဇော်ဝင်းထွန်း၊ ကိုမင်းသူအောင်၊ ကိုနိုင်ဝေလင်း၊ ကိုဝေယံကျော်၊ ကိုဌေးဝင်း၊ ကိုကျော်မိုးလွင်၊ ကိုစံလင်းစံနဲ့ ကိုဝဏ္ဏထွန်းတို့ ၁၆ ဦးကို သေဒဏ်အမိန့်တွေ အသီးသီးချမှတ်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့အထိ သေဒဏ်ချမှတ်ခံထားရသူ ၁၆၄ ဦးရှိလာပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။