အကျဉ်းထောင်တွင်း ရေမလုံလောက်မှုကြောင့် အရေပြားရောဂါဖြစ်ပွားနေ

သီရိမင်းဇင် (ဝါရှင်တန်ဒီစီ)
2024.05.18
အကျဉ်းထောင်တွင်း ရေမလုံလောက်မှုကြောင့် အရေပြားရောဂါဖြစ်ပွားနေ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က တွေ့ရစဉ်။
RFA

ထောင်ထဲမှာ ရေမသန့်တဲ့အတွက် ယားနာတွေ ပေါက်နေတယ်လို့ သာယာဝတီအကျဉ်းထောင်က သမီးဖြစ်သူ နိုင်ငံရေးအကျဉ်းသူတစ်ဦးကို လစဉ်ထောင်ဝင်စာသွားတွေ့နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိခင်က RFA ကို ပြောပါတယ်။

“အခုလက်ရှိကတော့ သာယာဝတီထောင်မှာလေ၊ ပုံမှန်ကတော့ တစ်လတစ်ခေါက်သွားတွေ့ရတယ်။ ယားနာတွေပေါက်တယ်ဆိုတော့ ဆေးတွေ လတိုင်းထည့်ပေးရတယ်။ လိမ်းဆေးနဲ့မသက်သာလို့ ထောင်က ထိုးဆေးနဲ့လည်းထိုးရတယ်။ ပွေးတွေဖြစ်တာ၊ ရေက မကောင်းဘူးဆိုတော့ ပွေးတွေဖြစ်တယ်၊ အင်းစိန်ထောင်မှာ အမိန့်ချပြီးကတည်းက သူက အများကြီးနဲ့ရောနေရတော့ သူကအဲမှာထဲကဖြစ်နေတာ သာယာဝတီရောက်တော့ ပိုဆိုးသွားတယ်...”

သောက်သုံးရေတွေက တော်တော်မကောင်းဘူးလို့လည်း ပြောပါတယ်။

“ရေတွေက နံတာ၊ နံတာတဲ့၊ သူပြောပြတာ။ ပလုတ်ကျင်းရင်တောင်မှ သူပျို့ချင် အန်ချင်တာ အဲလိုမျိုးတွေထိ၊ ရေတွေက တော်တော်မကောင်းဘူးတဲ့။”

လေးနာရီခြားမှတစ်ခါ မီးပေးတဲ့စနစ်‌ကြောင့် သာယာဝတီထောင်မှာ ‌ရေအလုံအလောက် မရဘူးလို့လည်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဆိုပါတယ်။

အကျဉ်းထောင်တွေတွင်း သောက်‌သုံးရေ မလုံလောက်တဲ့အတွက် အကျဉ်းသားတွေ ပွေး၊ ဝဲ၊ ညှင်း ယားနာတွေ ဖြစ်နေတယ်လို့ PPNM က မေ ၁၄ ရက်က သတင်းထုတ်ပြန်ပါတယ်။

အခုလို မေလလယ်ပိုင်း မြန်မာနိုင်ငံမှာ အပူချိန်က ပျမ်းမျှ ၄၀ ဒီဂရီ ဆဲလ်ဆီးယပ်စ် ကနေ ၄၆ ဒီဂရီ ဆဲလ်ဆီးယပ်စ် ထိ (၁၀၄ ဒီဂရီ ဖာရင်ဟိုက် ကနေ ၁၁၄ ဒီဂရီ ဖာရင်ဟိုက်) အထိမြင့်တက်နေတာကြောင့် ထောင်တွင်းမှာ တကိုယ်ရည်ကျန်းမာရေးပြဿနာတွေ ပိုပြီး အဖြစ်များနေတာပါ။

ကလေးအကျဉ်းထောင်မှာလည်း နှုန်းတွေ၊ အနယ်တွေပါတဲ့ရေတွေကို နှစ်ရှည်သောက် နေကြရပြီး ရေညှိတွေနဲ့ အနီရောင်ပြောင်းနေတဲ့ရေတွေကို ချိုးကြရတာကြောင့် အကျဉ်းသားတွေ အရေပြားရောဂါတွေ ဖြစ်ကြရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဆိုပါတယ်။

ထုံးဓာတ်ပါတဲ့ရေတွေကို သောက်ရတာ၊ ရေဝဝလင်လင် မရတာတွေကြောင့် ဗီတာမင်ဓာတ်ချို့တဲ့ပြီး၊ အောက်ပိုင်းချည့်နဲ့ လေဖြန်းရောဂါ ဖြစ်ရတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံအလယ်ပိုင်း‌ အပူပိုင်းဒေသမှာရှိတဲ့ မြင်းခြံ ဗဟိုအကျဉ်းထောင် ဆိုရင်လည်း အခုလိုနွေရာသီမှာ ရေအလုံအလောက်မရဘူးလို့ ပြောပါတယ်။ ဒါ့အပြင် ‌အပူချိန် ၄၀ ဒီဂရီ ဆဲလ်ဆီးယက်စ် (၁၀၄ ဒီဂရီ ဖာရင်ဟိုက်) လောက်ရှိတဲ့ ညနေ ၄ နာရီမှာ ရေချိုးရတဲ့အတွက် မသန့်ရှင်းတဲ့ရေပူတွေကြောင့်လည်း ယားနာတွေဖြစ်ကြရတယ်လို့ ပြောပါတယ်။

ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်အား တွေ့ရစဉ်။ (ဓာတ်ပုံ - မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်)
ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်အား တွေ့ရစဉ်။ (ဓာတ်ပုံ - မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်)

အလားတူ ရန်ကုန်မြို့က အင်းစိန်ဗဟိုအကျဉ်းထောင်မှာ မီးမလာတဲ့အချိန်ကများပြီး အကျဉ်းသားတွေဟာ ခွက်အရေအတွက်နဲ့ ရေချိုးရတဲ့အပြင် ရေကမသန့်ရုံမက ဝအောင် မချိုးရတာကြောင့် အပူနာနဲ့ ယားနာတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပွားနေတယ်လို့လည်း PPNM က ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတစ်ဦးအတွက် အင်းစိန်အကျဉ်းထောင်ကို အပတ်စဉ်ပါဆယ်သွားပို့နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖခင်တစ်ဦးကတော့ သားဖြစ်သူက မမှာစဖူးမှာလို့ ယားနာပျောက်ဆေးပါ ပို့ပေးရတယ်လို့ ပြောပါတယ်။

“ထောင်ထဲမှာ ဗမာဆေးလေးတစ်မျိုး တမာယားနာလိမ်းဆေးဆိုတာ သေးသေးလေးပဲ ဘူးပြားလေးနဲ့၊ အဲဒီဆေးမှာတယ်၊ ပထမတုန်းက တစ်ခါမှ သူမမှာဘူး၊ အင်္ဂလိပ်ဆေးပဲ၊ မှာသမျှဆေးတော့ပို့ပေးတယ်။ ယားနာလိမ်းဆေးကတော့ ဒီနေ့ပဲ ပါဆယ်သွားပို့တော့ ယားနာလိမ်းဆေးကတော့ ထပ်ထည့်ပေး လိုက်တယ်။ တမာဆေးမှာတာကတော့ ၂ ပတ်လောက်ပဲရှိသေးတယ်။”

မိတ္ထီလာအကျဉ်းထောင်မှာ ထောင်ကရေမပေးနိုင်လို့ ‌ရေကားတစ်စီးကို ငွေကျပ် ၆ သောင်းခွဲလောက်နဲ့ အကျဉ်းသားတွေစုဝယ်ပြီး ရေချိုးနေရတယ်လို့လည်း ပြောပါတယ်။

အကျဉ်းထောင်တွေထဲမှာ ရေမသန့်တာ၊ ရေမလုံလောက်တာနဲ့ အရေပြားပြဿနာတွေ ဖြစ်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ နေပြည်တော်အကျဉ်းဦးစီးဌာနကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့မရပါဘူး။

အင်းစိန်၊ မိတ္ထီလာ၊ ပုသိမ်၊ ပြည်၊ မြစ်ကြီးနား၊ သာယာဝတီ၊ ပခုက္ကူ၊ ဖျာပုံ၊ မြင်းခြံ၊ ဂန့်ဂေါ၊ ကသာနဲ့ ကလေး စတဲ့ အကျဉ်းထောင် ၁၂ ခုမှာ ကြုံတွေ့နေရတာတွေကို PPNM က အချက်အလက်စုဆောင်းပြီး ကြေညာချက် ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။