မိသားစုဝင်မဟုတ်ရင် ထောင်ဝင်စာ လက်ခံမှာမဟုတ်ကြောင်း စစ်ကောင်စီ ကန့်သတ်

RFA Burmese
2024.05.25
မိသားစုဝင်မဟုတ်ရင် ထောင်ဝင်စာ လက်ခံမှာမဟုတ်ကြောင်း စစ်ကောင်စီ ကန့်သတ် ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

နိုင်ငံတစ်ဝန်းက အကျဉ်းထောင်အသီးသီးမှာ အခုမေလကစပြီး မိသားစုဝင်မဟုတ်ရင် ထောင်ဝင်စာပစ္စည်း ပို့လို့မရတော့သလိုအကျဥ်းသားနဲ့ပါ တွေ့ခွင့်ပါ မရတော့ဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အကျဉ်းကျခံနေရသူနဲ့ အိမ်ထောင်စုစာရင်းမှာ အတူတူပါတဲ့ မိသားစုဝင်တွေကိုပဲ ထောင်ဝင်စာပေးပို့ဖို့ လက်ခံတော့မှာလို့ ဆိုပါတယ်။

"အိမ်ထောင်စုစာရင်းထဲမပါရင် တွေ့မရတော့ဘူး အဲလိုဖြစ်သွားတာ"

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးက အင်းစိန်ထောင်မှာအကျဉ်းကျနေတဲ့ တူမဖြစ်သူကို အရင်က မိသားစုကိုယ်စား ပါဆယ်ပို့ပေးနေပေမဲ့ အခုမေလကစပြီး ပို့ခွင့်မရတော့ဘူးလို့ RFA ကို ပြောပါတယ်။

“အရင်က ရပ်ကွက်ရုံးက ထောက်ခံစာနဲ့ အိမ်ထောင်စုစာရင်းထဲမရှိပေမဲ့ သူတို့တောင်းတဲ့ ထောက်ခံစာအပြည့်စုံ ယူသွားတာ တစ်ခါတွေ့ရတယ်။ ပြီးခဲ့တဲ့ လကပေါ့နော်။ ဒီလကို တွေ့မရတာ။ အိမ်ထောင်စုစာရင်းထဲမပါရင် တွေ့မရတော့ဘူး အဲလိုဖြစ်သွားတာ"

ကိုဗစ်ကာလက အကျဉ်းထောင်တွေမှာ ဧည့်တွေ့ခွင့်ပိတ်ထားခဲ့ပြီး ပစ္စည်းပို့ခွင့်ကိုသာ ခွင့်ပြုခဲ့ပေမဲ့ ၂၀၂၃ ခုနှစ် မှာတော့ တစ်လကို ပစ္စည်းပို့ခွင့် နှစ်ကြိမ်နဲ့ ဧည့်တွေ့ခွင့် တစ်ကြိမ် ပြန်လည်ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ရှေ့အား ၂၀၂၄ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ရှေ့အား ၂၀၂၄ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က အင်းစိန်ထောင် ပါဆယ်လက်ခံတဲ့ဌာနမှာ ဗုံးပေါက်ကွဲပြီးနောက်ပိုင်း ပါဆယ်လက်ခံတာကို ထောင်အာဏာပိုင်တွေဘက်က တင်းကျပ်လိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တာဝန်ရှိသူတစ်ဦးကတော့ နိုင်ငံရေး အကျဉ်းသားတွေကို ဖိနှိပ်ချင်တာကြောင့် အခုလို တင်းကျပ်လိုက်တာလို့ RFA ကို ပြောပါတယ်။

"ရည်ရွယ်ချက်ရှိရှိနဲ့ကို ဒုက္ခရောက်အောင်လုပ်တာ ဖြစ်တယ်။ တချို့ နိုင်ငံရေးအကျဉ်းသားတွေက မိသားစုက အရမ်းဝေးတယ်။ ထောင်ပါဆယ်လာပို့ဖို့၊ ထောင်ဝင်စာ လာပို့ဖို့ဆိုတာက အခြေအနေအရ ဘယ်လိုမှမဖြစ်နိုင်တဲ့အခါမှာ သူတို့ရဲ့နီးစပ်ရာ အပေါင်းအသင်းတွေကနေ ပါဆယ်ပစ္စည်းတွေပို့တယ်။ အဲဒါတွေကို လက်မခံတဲ့အခါကျတော့ အကျဉ်းထောင်ထဲမှာ အရမ်းကို အခက်အခဲတွေဖြစ်မယ်"

အကျဉ်းထောင်ထဲမှာ စားရေးသောက်ရေးနဲ့ ဆေးဝါးကုသမှု အလုံအလောက်မရတာကြောင့် နိုင်ငံရေး အကျဉ်းသား အများစုဟာ မိသားစုပို့ပေးတာကိုပဲ အဓိက မှီခိုနေရလို့ အခက်အခဲတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

ထောင်ဝင်စာပို့ကြမယ်အဖွဲ့ တာဝန်ရှိသူတွေကလည်း အခုလို တင်းကျပ်လိုက်တာကြောင့် အကျဉ်းသားတွေမှာ စားနပ်ရိက္ခာပိုင်း ဒုက္ခရောက်နိုင်တယ်လို့ RFA ကို ပြောပါတယ်။

အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးကတော့ အခြေအနေအမျိုးမျိုးကြောင့် အကျဉ်းထောင် စည်းကမ်းတွေထဲမှာရှိပြီးသား ထောင်ဝင်စာပို့ခွင့်ကို တင်းကျပ်လိုက်တာဖြစ်နိုင်တယ်လို့ ပြောပါတယ်။

"နိုင်ငံရေးအရ အခက်ခဲဖြစ်တဲ့အခါမျိုးမှာ ပြင်ပနေပြည်သူလူထုနဲ့ ပဋိပက္ခမဖြစ်အောင်ဆိုပြီး တချို့ကိုယ့်ဘက်က လိုက်လျောနိုင်တဲ့ အခက်အခဲလေးတွေ လိုက်လျောနိုင်တဲ့ဟာတွေက စည်းကမ်းနဲ့အညီ လျှော့ပြီးပေးရတာ ရှိတာပေါ့။ အဲထဲမှာမှ အကျဉ်းထောင်တစ်ခုခုမှာ လျှော့ပေါ့ပြီးပေးတာ တစ်စုံတစ်ရာပေါ်လာပြီဆို မူလ ညွှန်ကြားချက်အတိုင်း လိုက်နာကြရတာ။ ညွှန်ကြားချက်ကတော့ ရှိခဲ့တာကြာပါပြီ"

အကျဉ်းထောင်နဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တွေနဲ့ ထောင်ဝင်စာပို့ခွင့် ညွှန်ကြားချက်တွေကို ၁၈၉၄ ခုနှစ်၊ အကျဉ်းထောင်များ အက်ဥပဒေမှာ အတိအလင်းပြဋ္ဌာန်းထားတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာနပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၂၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့ဆက်စပ်တဲ့ လူ နှစ်သောင်းကျော် (၂၆,၇၂၈ ဦး) ဖမ်းဆီးခံထားရပြီး အဲဒီအထဲက နှစ်သောင်းကျော် (၂၀,၄၈၂ ဦး) ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။