ထီးချိုင့်မြို့မှာ နေအိမ် ၃၀၀ ကျော် မီးရှို့ခံရပြီး ဒေသခံတစ်ထောင်နီးပါး ထွက်ပြေးရ
2022.12.03

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ကြက်သေချောင်းရွာကို ဒီဇင်ဘာလ ၂ ရက် မနေ့က စစ်ကောင်စီ တပ်သားတွေ ထပ်မံဝင်ရောက်မီးရှို့ခဲ့တာကြောင့် ဒီရက်ပိုင်းမှာတင် ရွာပေါင်းခြောက်ရွာက နေအိမ် ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး အနီးအနားရွာတွေ အပါအဝင် ဒေသခံတစ်ထောင်နီးပါး ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၂၀၀ နီးပါးလောက်ပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ကစပြီး ထီးချိုင့်မြို့နယ်ထဲက ရွာတွေကို ဝင်ရောက်မီးရှို့နေတာလို့ ထီးချိုင့်ဒေသခံ တွေက ဆိုပါတယ်။
“ရွာတွေကို မီးရှို့တော့ ရွာသူရွာသားတွေက မခံနိုင်ကြဘူး။ တိမ်း(ရှောင်)နေကြတာပေါ့ဗျာ လောလောဆယ်"
ကြက်သေချောင်းရွာကို မနေ့က စစ်ကောင်စီတပ်သား အင်အား ၈၀ ခန့် ထပ်မံ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ခုနစ်လုံး မီးထပ်လောင်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က လေသာကနေ ပြန်ဆုတ်လာတဲ့အဖွဲ့ဆီကို စားနပ်ရိက္ခာအကူအညီသွားပို့ဖို့ ထွက်လာတာ အင်အား ၈၀ လောက်ရှိတယ် ပေါ့လေ။ အဲဒါနဲ့ဒီဘက်က (ဒေသကာကွယ် ရေးတပ်ဖွဲ့) နဲ့ တိုက်ပွဲလေးဖြစ်ကြတယ်။ ၁၅ မိနစ်လောက် ဖြစ်သွားတာပေါ့။ ဖြစ်ပြီး သွားတဲ့နောက်ပိုင်းမှာ အဲဒီရွာကို သူတို့ မီးရှို့တယ်။ မီးရှို့ပြီးတော့မှ တောင်ပေါ်ကို ချက်ချင်း ပြန်ဆုတ်သွားတယ် စစ်သားတွေက”
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာလည်း ထီးချိုင့်မြို့နယ်ထဲက ရွာအချို့ လေကြောင်းကနေ တိုက်ခိုက်မှု ငါးကြိမ် ခံခဲ့ရပြီး ဒေသခံတွေ ထိခိုက်သေဆုံးတာတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ လက်ရှိအချိန်အထိ အင်ကြင်းကုန်း၊ လေသာကုန်း၊ အလယ်တော၊ အင်းတိန်၊ ဆူးပုတ်ချောင်၊ ကြက်သေချောင်း စတဲ့ရွာတွေကို မီးရှို့ခဲ့တယ်လို့ ထီးချိုင့်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အလယ်တောက ၇၅ အိမ်၊ အင်ကြင်းကုန်းက အကုန်လုံးပြောင်တယ်။ ဆူးပုတ်ချောင် က ၃၇ အိမ်၊ ကြက်သေချောင်းက မနေ့က ခုနစ်အိမ်နဲ့ ပထမတုန်းက ၁၅ အိမ်ဆိုတော့ ၂၂ အိမ်ဖြစ်မှာပေါ့။ အင်ကြင်းကုန်းက တစ်ရွာလုံးပြောင်။ အင်းတိန်ကလည်း ပြောက်ကျားပဲ ကျန်တော့တယ်။ လေသာကလည်း ပြောက်ကျားပဲ ကျန်တော့တယ်။ ပြောက်ကျားဆိုသဘောပေါက်တော့ နည်းနည်းစီ ဟိုနားတစ်အိမ် ဒီနားတစ်အိမ်ပဲ ကျန်တော့တာ”
မီးရှို့ခံရတဲ့ ရွာခြောက်ရွာက ဒေသခံ ၅၀၀ ခန့်နဲ့ အနီးအနားရွာတွေက ဒေသခံတွေအပါ အဝင် စုစုပေါင်း တစ်ထောင်နီးပါး ဘေးလွတ်ရာထွက်ပြေးခဲ့ရသလို ထီးချိုင့်- မြစ်ကြီးနား လမ်းပိုင်းတစ်လျှောက်မှာရှိတဲ့ ရွာပေါင်း ၁၅ ရွာက ဒေသခံငါးထောင်နီးပါးလည်း ဒီနေ့ အချိန်အထိ နေရပ်စွန့်ခွာထွက်ပြေးနေရဆဲ ဖြစ်တယ်လို့ ထီးချိုင့်ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့က အလယ်တောစံပြရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်သား တွေ ကျည်ဆန် ကုန်သွားချိန်မှာ ဒေသခံအချို့ ရရာလက်နက်ကိုင်ပြီး ခုခံခဲ့ကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ရွာတွေကို မီးရှို့တော့ ရွာသူရွာသားတွေက မခံနိုင်ကြဘူး။ တိမ်း(ရှောင်)နေကြတာ ပေါ့ဗျာ လောလောဆယ်။ သူတို့ဘက်က ကျည်ကုန်တဲ့အခါကျတော့၊ ကျည်ကုန်မှန်းသိ တော့ PDF တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး ပြည်သူတွေကပါ တုတ်တွေ၊ ဓားတွေနဲ့ စစ်သားတွေကို သွားပြီးတော့ ရိုက်တာတို့၊ ခုတ်တာထစ်တာတို့ လုပ်ကြတာပေါ့။ သေတာတွေလည်းရှိတယ် စစ်ကောင်စီဘက်က”
အလယ်တောရွာမှာ ပြန်လည်ခုခံ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး နှစ်ဖက်ထိခိုက်မှုအခြေအနေ အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သူက ဆက်ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကတော့ နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာလ ၃ ရက် ဒီကနေ့အထိ နှစ်ဖက်တိုက်ပွဲတွေအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့သလို ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ် လို့ RFA ကို ပြောပါတယ်။
“ကလေးတွေကတော့ နည်းနည်း ထိခိုက်ရှနာလေးတွေတော့ ရှိကြတယ်ဗျ။ တစ်ယောက်ကတော့ လက်ကို လိမ်ချိုးခံလိုက်ရတဲ့ကလေးက သွေးထွက်လွန်ပြီး နှလုံးထဲထိသွားတယ်။ အဲဒါကြောင့်မို့လို့ တစ်ယောက်ကတော့ ကျဆုံးသွားတယ်။ ပထမတိုက်ပွဲမှာတော့ ခုနစ်ယောက် ဒဏ်ရာရတယ်ဗျ။ ဒါပေမဲ့ မစိုးရိမ်ရဘူး။ ဒုတိယအကြိမ်မှာတော့ လေးယောက်ပါ။ တစ်ယောက်က ကျဆုံးသွားတယ်။ နှစ်ယောက် ခြေထောက် ဒဏ်ရာရထားတယ်”
စစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့ ရွာတွေထဲ စစ်ကြောင်းထိုးနေတာ ကြောင့် လာမယ့် သီတင်းပတ်တွေအတွင်း တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့လည်း ထီးချိုင့်မြို့နယ်အခြေစိုက် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
နေအိမ်တွေ မီးရှို့ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကို RFA က ဒီကနေ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြည်သူတွေရဲ့နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေ မီးရှို့တာမရှိဘူးလို့ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန် ငြင်းဆိုထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဒီဇင်ဘာလ ၃ ရက် ဒီနေ့ထုတ်ပြန်ချက် အရ စစ်တပ် အာဏာသိမ်ပြီးချိန်ကနေ အခုနှစ် နိုဝင်ဘာလအထိ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ ဒသမ ၁ သန်းကျော် ရှိလာပြီး စစ်ကိုင်းတိုင်းမှာတော့ ၆၁,၆၅၀၀ ဦးပါဝင်ပါတယ်။