နို့ဖိုးစခန်း ငွေရတု သို့မဟုတ် နိုင်ငံမဲ့ဒုက္ခသည်ဘဝ ငွေရတု
2023.01.09

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှာရှိတဲ့ နို့ဖိုးဒုက္ခသည်စခန်းဟာ မြန်မာနယ်စပ်ကနေ ၈ ကီလိုမီတာပဲဝေးပြီး မဲဆောက်မြို့ကနေ ကားနဲ့သွားမယ်ဆိုရင် ကီလိုမီတာ ၂၃ဝ ခန့်ခရီးကို ငါးနာရီနီးပါး ကြာပါတယ်။ ဒုက္ခသည်တစ်သောင်းနီးပါးရှိနေတဲ့ ဒီစခန်းကို ၁၉၉၇ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်လို့ အခု ငွေရတုရောက်ပါပြီ။ အလားတူပဲ စခန်းကလူတချို့အတွက်လည်း ဒုက္ခသည်ဘဝ ငွေရတုဖြစ်ပါတယ်။
နေဝင်လုဆဲဆဲမှာ နို့ဖိုးစခန်းကို RFA က ရောက်သွားခဲ့ပါတယ်။ စခန်းမှာနေထိုင်သူ အများစုက ကရင်တိုင်းရင်းသား ခရစ်ယာန်တွေဖြစ်ပြီး ဗုဒ္ဓဘာသာနဲ့ မွတ်စလင်တွေလည်း အများအပြားရှိပါတယ်။
“ဒုက္ခသည် သက်တမ်း နှစ်ပေါင်း ၅၀ လောက်ရှိပြီဆိုတော့ ဒီမှာမွေးဖွားတဲ့သူတွေက ရပ်ရွာတွေလည်း ဘယ်မှာရှိတယ် မသိရ။ ဘာနိုင်ငံသားလည်း ပြောလို့မရ“
ကရင်ဒုက္ခသည်ကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ဆရာဘွယ်ဆေးနဲ့အတူ ကလေးတစ်သိုက်စုဝေးနေတဲ့ နေရာကို ဖြတ်သွားတဲ့အခါ ဆေးရုံကိုရောက်ပါတယ်။ ဆေးရုံမှာ တာဝန်ကျနေတဲ့ သူနာပြုဆရာမလေးကို ဘယ်လိုလူနာတွေ အရောက်များသလဲဆရာမလို့ ကျွန်တော်က မေးပါတယ်။
“အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ သွေးအားနည်း၊ သွေးတိုး၊ ဆီးချိုတွေ များတယ်။ အခုရက်ပိုင်း ငှက်ဖျားရောဂါလူနာတွေလည်း များလာတယ်။”
အဲဒီရုံးခန်းနဲ့ တစ်ဆက်တည်းရှိတဲ့အမျိုးသမီးလူနာဆောင်မှာလူနာ ၁ဝ ယောက်လောက် တွေ့ရပါတယ်။ ကျွန်တော်တို့ လှည့်ပတ်ကြည့်ရှုနေဆဲမှာပဲ ဆေးမှူး ဦးကျော်မြ ရောက်လာပါတယ်။ ဆရာတို့ ဆေးဝါးတွေ ပြည့်ပြည့်စုံစုံရှိရဲ့လားလို့ RFA က မေးတဲ့အခါ-
“ ဒီမှာတော့ ပြည့်ပြည့်စုံစုံ မရှိဘူးပေါ့နော်၊ အာထရာဆောင်းလည်းမရှိ၊ ကျွန်တော်တို့ဆီမှာ နားကြပ်နဲ့ အောက်ဆီဂျင်ပဲရှိတယ်။”
စခန်းရုံးခန်းအပြင်ဘက်မှာထိုင်ရင်း အထွေထွေအတွင်းရေးမှူးချုပ် ဆရာဘွယ်ဆေးကဒီထိုင်းနိုင်ငံမှာ ဒုက္ခသည်စခန်းတွေကို ထူထောင်ခဲ့တာ အနှစ် ၅ဝ လောက်ရှိပြီလို့ ပြောပါတယ်။
“ပထမဦးဆုံးဒုက္ခသည်အဖြစ်နဲ့ ဝင်ရောက်နေထိုင်တဲ့သူက သိပ်မရှိတော့သလောက်ပဲ။ တတိယနိုင်ငံကို ထွက်သွားကြတာပဲ ပိုပြီးတော့များတယ်။ ကျန်ခဲ့တဲ့ သူတွေကလည်း ဘယ်လိုမှ သွားလို့လည်းမရ။ ပြန်လို့လည်းမရ။ နေတော့လည်းပဲ အချုပ်တစ်ခုမှာ ကျဉ်းကျဉ်းကျပ်ကျပ်နေရသလိုပဲ။ ဘယ်လိုမှထွက်လို့လည်း မရတော့ ဘဝကအညွန့်တုံးသွားတယ်လို့ ပြောလို့ရတယ်။ ဘာအခွင့်အရေးမှလည်း မည်မည်ရရ တိတိကျကျ တရားဝင် ရရှိတယ်ဆိုတာ မရှိဘူး။ ဒုက္ခသည်တွေအတွက် တစ်ခုခုတော့ လုပ်သင့်ပြီ။ မလုပ်ဘူး ဆိုလို့ရှိရင် ဒီစခန်းထဲမှာ မွေးဖွားလာတဲ့သူက ဒုက္ခသည် သက်တမ်း နှစ်ပေါင်း ၅၀ လောက်ရှိပြီဆိုတော့ ဒီမှာမွေးဖွားတဲ့သူတွေက ရပ်ရွာတွေလည်း ဘယ်မှာရှိတယ် မသိရ။ ဘာနိုင်ငံသားလည်း ပြောလို့မရ။ ဒုက္ခသည် စခန်းထဲမှာပဲ ရရှိတဲ့ ပညာရေးကိုပဲ ပြောမယ်ဆိုလည်း လူမျိုးနဲ့ ဘာသာစကားတွေ မပပျောက်လောက်တဲ့ အနေအထားလောက်ပဲ ရရှိတယ်။ ရရှိတဲ့ ပညာအရည်အချင်းတွေကလည်း ဘယ်နေရာမှ သွားသုံးစားလို့ မရဘူး။ မရဘူးဆိုတာကလည်း တရားဝင်အထောက်အထား ပေးမယ့်သူတွေ မရှိဘူး။ ကြာကြာနေတဲ့အခါကြတော့ ထွက်ပေါက်တွေ ရှာကြတယ်။ ထွက်ပေါက်ရှာကြတဲ့အခါကျတော့ စခန်းပြင်ကို ထွက်တာနဲ့ မှားပြီ။ ဒုက္ခသည်ဆိုတာ စခန်းပြင်ကို ထွက်လို့မရဘူးပေါ့နော်။”
စခန်းအပြင်ကို တရားဝင်သွားလာလို့မရတဲ့အခါ အလုပ်အကိုင်ကိစ္စ၊ ပညာရေး၊ ကျန်းမာရေးကိစ္စအစရှိတဲ့ မလွှဲမရှောင်သာကိစ္စတွေအတွက် စခန်းကနေခိုးပြီးထွက်နေကြတယ်လို့ သူကပြောပါတယ်။ လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကျဆင်းမှုနဲ့အတူ အလိုလိုသိမ်ငယ်နေကြရတဲ့ ဘဝတွေပါပဲတဲ့။
“ဒီမှာထွက်လာတာကြာတဲ့အခါကျတော့ မြန်မာနိုင်ငံသားလို့လည်း ပြောလို့မရဘူး။ ထိုင်းနိုင်ငံသားလို့လည်း မသတ်မှတ်ထားပေးတဲ့အတွက် ဘာနိုင်ငံသားလည်း ပြောမတတ်ဘူး။ ဒါကြောင့်မို့လို့ တချို့လူက အခြေအနေကို ကြည့်တဲ့အပေါ်မှာ ဘယ်လိုမှ အားကိုးအားထားစရာမရှိတဲ့အတွက် တတိယနိုင်ငံကိုပဲ သူတို့ရည်မှန်းကြတယ်။ တတိယနိုင်ငံကို သွားထားတဲ့သူတွေကလည်း အဲ့ဒီမှာ စည်းနဲ့ကမ်းနဲ့ သွားရတယ် လာရတယ် ဆိုတဲ့အခါကျတော့ လုံလည်း လုံခြုံတယ်ဆိုတော့ အဲဒါကို သဘောကျကြတယ်။ သဘောကျကြပေမယ့်လည်း ဒီအခွင့်အရေးက မရှိတော့ဘူး သူတို့အတွက် ဒီထိုင်းနိုင်ငံထဲမှာ။ အဲ့ဒီအချက်တစ်ချက်ကို သူတို့က စခန်းထဲမှာရှိတဲ့ ပြည်သူလူထုအများစုက အဲ့ဒါကို တောင်းတင်တယ်။ စခန်းအပြင်ကို တရားဝင်အလုပ်ထွက်နိုင်ဖို့အတွက် ဒေါ့ကွန်မန်ထေးရှင်း-Documentation (စာရွက်စာတမ်း)အဲ့ဒါကို လိုအပ်တယ်။ နောက်ဆုံးတစ်ခုက လူငယ်တွေအတွက်ပဲ။ လူငယ်တွေအတွက် ပညာရေးက အဓိကပဲ။ ပညာရေးကလည်း အပြင်မှာ ထွက်ပြီးသင်ကြားနိုင်ဖို့။ ထွက်သင်ကြားပြီးတော့ တရားဝင်သတ်မှတ်ထားတဲ့ အောင်လက်မှတ်ပဲဖြစ်ဖြစ် Certificate တွေ ရမယ်ဆိုလို့ရှိရင် အလုပ်တွေ ဘာတွေ ရှာလို့လည်း လွယ်မယ်။ အပြင်လောကမှာ ရှိနေတဲ့ ပညာရေးလေးတွေကိုလည်း လေ့လာချင်တယ် သင်ချင်တယ်”
အဲဒီညဟာ နို့ဖိုးစခန်းတည်ထောင်တဲ့ ၂၅ နှစ်ပြည့်တဲ့အတွက် ငွေရတုအခမ်းအနားတွေ စတင်တဲ့ညပါ။ ကရင်နှစ်သစ်ကူးပွဲတော်လည်း ဖြစ်ပါတယ်။ တခြားကို သွားစရာမရှိတဲ့ တောကြီးမျက်မည်းထဲက စခန်းမှာနေထိုင်ကြသူတွေဟာ သူတို့မှာရှိတဲ့ အကောင်းဆုံးအဝတ်အစားတွေကို ဝတ်၊ မိန်းကလေးတွေကလည်း မျက်နှာတွေကို ခြယ်သလို့ ပွဲတော်ကျင်းပရာ ကွင်းကြီးထဲကို ရောက်လာကြပါတယ်။ တချို့ကလည်း ဒီစခန်းမှာမွေးဖွားပြီး တတိယနိုင်ငံတွေကို ရောက်သွားရာကနေ မိဘဆွေမျိုးတွေနဲ့ တွေ့ဆုံဖို့ ပြန်လာကြတာဆိုတော့ အနောက်တိုင်းစတိုင်အဝတ်အစားတွေနဲ့ပါ။ ပွဲလာသူ ၁ဝဝ မှာ ၉၉ ယောက်က နှာခေါင်းစည်းမတပ်ပါဘူး။ ဖုန်တွေက တထောင်းထောင်း၊ စားသောက်ဆိုင်တွေမှာ လူတွေအလုအယက်၊ အကောင်းဆုံး နိုင်ငံခြားရေမွှေးနံ့တွေနဲ့ အတူ စွန့်ပစ်အညစ်အကြေးနံ့တွေ၊ ကြက်ကြော် ဘူးသီးကြော်လိုဆိုင်တွေက အညှော်နံ့တွေလည်း ရပါတယ်။ စင်မြင့်ပေါ်မှာတော့ ကလေးငယ်တွေရဲ့လှယဉ်ကျေးမယ်ပြိုင်ပွဲတဲ့။ လက်ခုပ်သံတွေညံလို့။ သူတို့မှာ ပျော်စရာက ဒါပဲရှိတာကိုး။

နောက်တစ်နေ့ မနက်စောစောမှာ စခန်းတွင်းကို ဆရာဘွယ်ဆေးနဲ့အတူ ကျွန်တော်လှည့်ကြည့်ပါတယ်။ ပလာတာဆိုင်၊ မြန်မာမုန့်မျိုးစုံ ရောင်းတဲ့ဆိုင်၊ အသီးအရွက်၊ အသားငါးရောင်းတဲ့ဆိုင်၊ ကုန်စုံဆိုင်စသဖြင့် စုံလိုပါပဲ။
တစ်နေရာမှာ ငှက်ပျောသီးတွေကို အခိုင်လိုက်ရော တစ်ဖီးချင်းပါရောင်းတဲ့ ဆိုင်တစ်ဆိုင်တွေ့လို့ မေးကြည့်တဲ့အခါ ရခိုင်ငှက်ပျောသီး တစ်ဖီးကို ငါး ဘတ်တဲ့။ ဘန်ကောက်မှာ လက်လီဝယ်ရင် တစ်ဖီးကို ဘတ်ငွေ ၅ဝ လောက်ကျမှာဆိုတော့ ဈေးက ၁ဝ ဆမက ပေါလှပါတယ်။ ဒါက တောကြို အုံကြားက ဒုက္ခသည်စခန်းလေ။ ငှက်ပျောသီးတွေက ရင့်မှည့်ပြီး တကယ်လည်း အရသာရှိလှပါတယ်။
လမ်းမတစ်နေရာမှာတော့ ရိုဟင်ဂျာခေါင်းဆောင် ဦးမွတ်တား ခေါ် ဦးအေးရဲ့ လျှပ်စစ်ပစ္စည်းဆိုင်ရှိပါတယ်။ သူ့သားဖြစ်သူက ဆိုင်ဖွင့်စပါ။ ဦးအေး ရဲ့ဒုက္ခသည်သက်တမ်းက စခန်းရဲ့သက်တမ်းနဲ့ အတူတူပါပဲ။
“နှစ်ပေါင်း ၂၅ နှစ်ဆိုတာ ခဏလေးလို့ထင်ပေမယ့် ကလေးတွေက ဒီမှာမွေး သူတို့ရဲ့ ဘဝအနာဂတ်ပျောက်နေတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး UNHCR ကိုလည်း အကြိမ်ကြိမ်တင်ပြခဲ့ပြီးပြီ။ သက်ဆိုင်ရာ ခရိုင်ဆီကိုလည်း အကြိမ်ကြိမ် တင်ပြခဲ့ပြီးပြီ။ ဘာမှမဖြစ်လာဘူး။ ဒီတိုင်းပဲ ကျွန်တော်တို့ ဟိုလူလာတင်ပြ ဒီလိုလာတင်ပြ အဲဒါနဲ့ပဲ ဘဝကို နှစ်မြှုပ်ပြီးနေနေတာ ဘာမျှော်လင့်ချက်မှ မရှိဘူး။”
စခန်းတစ်နေရာမှာတော့ အိုမန် ဆိုသူက လက်ဖက်ရည်နဲ့ ထမင်းကြော်ဆိုင်ဖွင့်ထားပါတယ်။ သူဒီရောက်တာ ၁၅ နှစ်ရှိပြီတဲ့။ ထမင်းကြော် ရောင်းနေတာက သူ့သမီးလေးပါလို့ ပြောပါတယ်။
“ကျွန်တော်အကြီးမားဆုံး လက်ရှိကြုံတွေ့နေရတာကတော့ ကျွန်တော့်ကလေးနဲ့ ပတ်သက်တဲ့ ပညာရေး ခင်ဗျ။ ကလေးတွေ ပညာရေး တော်တော်ခက်ခဲနေတယ်။ ကျွန်တော့်သမီးက အခုဆိုရင် ကိုးတန်းနဲ့ဆက်ပြီးတက်ဖို့အတွက် ကျွန်တော့်သမီးအနေနဲ့ ကျောင်းမရှိဘူး ဒီမှာ။ အဲ့တော့ ကျွန်တော် မဲဆောက်မှာ ထားဖို့အတွက်လည်း ကျွန်တော့်အတွက် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကျွန်တော့်ရဲ့ ဒီမှာနေရတဲ့ အခက်အခဲတွေကြောင့် မဲဆောက်သွားထားနိုင်တဲ့ အနေအထားလည်း မရှိဘူးပေါ့နော်။ ဒုက္ခသည်တစ်ယောက်ဖြစ်တဲ့အတွက်လည်း မဲဆောက်မှာ မထားနိုင်ဘူး။ ကလေးအတွက် ပညာရေးက တော်တော်လည်း ခက်ခဲနေတယ်။”

ကျွန်တော်နဲ့ ဆရာဘွယ်ဆေးတို့ မနေ့ညက ပျော်ပွဲတွေကျင်းပခဲ့တဲ့ ကွင်းကြီးထဲကို ဦးအေးနဲ့အတူပြန်သွားခဲ့ပါတယ်။ သီချင်းသံတွေ မြိုင်ဆိုင်နေပါပြီ။ ခေါင်းမော့ကြည့်ရတဲ့ တောင်ကလပ်တစ်ခုအခြေက အခမ်းအနားကျင်းပရာ ကွင်းပြင်ဟာ နံနက်ခင်းနေရောင်အောက်မှာ လွမ်းစရာလှပနေပါတယ်။
နို့ဖိုးစခန်းမှာ ၁၅ နှစ်ကြာပြီဖြစ်တဲ့ တိုင်းရင်းသားကိုယ်စားလှယ် ဦးစိုင်းသူရစိုးကို ပွဲခင်းမှာ သိကျွမ်းခဲ့ရပါတယ်။ သူတို့စခန်းမှာ ရှိသူတွေ အထူးသဖြင့် လူငယ်တွေဟာ အနာဂတ်မဲ့တဲ့ ဘဝတွေမှာ ဆက်လက်ရှင်သန်လိုခြင်း မရှိတော့တဲ့အတွက် ဆန္ဒပြပွဲတွေပေါ်လာမယ့် အခြေအနေရှိနေပြီး ဒီကိစ္စအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ ကရင်ဒုက္ခသည်ကော်မတီနဲ့ ထိုင်းအစိုးရအာဏာပိုင်တွေအနေနဲ့ အလေးအနက်ထား ဖြေရှင်းပေးစေလိုတယ်လို့ သူက ပြောပါတယ်။
“တအားပဲ ပေါက်ကွဲချင်တဲ့ အခြေအနေတွေ အများကြီးဖြစ်တယ်။ ဥပမာ- ဆန္ဒထုတ်ဖော်ချင်တာတွေဖြစ်တယ်။ သို့သော်အားလုံးစနစ်တကျနဲ့ သွားကြမယ်ဆိုပြီး လူထုကို ဆွေးနွေးတဲ့ အခါမှာ ဆွေးနွေးတိုင်ပင်မှုနဲ့ အဖြေရှာမှုကို လူထုက စောင့်နေတာဖြစ်တယ်။ ကမ္ဘာကို ကျွန်တော်ပြောချင်တာက ဘာဖြစ်တာလဲဆိုတော့ ဒီထဲမှာ လူငယ်တွေ အများကြီးပဲ လာကြည့်ပါ။ ဒီထဲမှာ သေကြောင်းကြံတဲ့ ကိစ္စတွေ အများကြီးရှိတယ်၊ suicide ကိစ္စတွေ အများကြီးရှိတယ်။ ပျက်စီးသွားတဲ့မိသားစုတွေ အများကြီးရှိတယ်၊ ကလေးငယ်လေးတွေ အရွယ်မရောက်သေးဘဲ အိမ်ထောင်ကျကုန်တာတွေ အများကြီးရှိတယ်။ဒီထဲမှာ ဥပဒေဆိုတဲ့ အရာထားတဲ့ဘောင်ထဲမှာပင် တင်းကြပ်စွာ အသက်ရှင်နေရတာကို လာကြည့်စေချင်တယ်။ “
ဆရာဘွယ်ဆေးကလည်း သက်ဆိုင်ရာတွေအနေနဲ့ အဖြေတစ်ခုခုတော့ ရှာဖို့လိုနေပါပြီလို့ မနေ့ကတည်းက ကျွန်တော့်ကို ပြောခဲ့ပါတယ်။
“ထိုင်းနိုင်ငံကလည်း သူတို့ စည်းမျဉ်းစည်းကမ်းအရ ဒုက္ခသည်တွေကို အပြင်ထွက်ခွင့်မပြုဘူး။ သူတို့ကလည်း ၁၉၅၁ ကို အခြေခံပြီးတော့ ကုလသမဂ္ဂပဋိညာဉ်ကို အခြေခံပြီးတော့ သူတို့လက်မှတ်ထိုးထားတဲ့ ဒုက္ခသည်လက်ခံမယ့် နိုင်ငံမဟုတ်တဲ့ အပေါ်မှာ သူတို့လက်ခံထားတာ ကျွန်တော်တို့ကို စစ်ဘေးရှောင် ယာယီခိုလှုံခွင့် စခန်းအနေနဲ့ပဲ ခိုလှုံထားတာ ကနေ့အထိပဲ။ စခန်းကတော့ ၂၀ တချို့ ၂၅ နှစ်တချို့ နှစ်ပေါင်း ၃၀ တချို့ ၄၀ တချို့ ၅၀ တချို့တောင် ဖြစ်ကုန်ပြီ။ ဒါကြောင့်မို့လို့ ယာယီခိုလှုံတာက အဓိပ္ပါယ်က ပြောင်းသွားသင့်ပြီလို့ ဒါကို ကမ္ဘာက စဉ်းစားပြီး တစ်ခုခုလုပ်သင့်ပြီလို့ မြင်တယ်။ ပြောလည်း ပြောချင်တယ်။”
မြို့ပြနဲ့ ဝေးကွာလှတဲ့ တောတွေတောင်တွေအကြားက နို့ဖိုးစခန်းမှာ ငွေရတုအခမ်းအနားတွေကို လေးရက်ကြာမြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပနေဆဲမှာပဲ အဲဒီစခန်းကနေ ကျွန်တော်ပြန်လာခဲ့ပါတယ်။ လမ်းမကြီးမရောက်ခင် ဝါးတောတွေ ပေါလှတဲ့ ကားလမ်းခပ်ကြမ်းကြမ်းကို ဖြတ်သန်းရင်း ဒါဟာ ဒုက္ခသည်တွေအတွက် အမှန်တကယ် ပျော်စရာငွေရတုဟုတ်ပါရဲ့လားလို့ စဉ်းစားနေမိပါတယ်။