တော်လှန်ရေးကာလမှာ လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှုများလာကြောင်း စာတမ်းတစ်စောင်ထွက်
2022.10.16

မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက်မှာ စစ်တပ်က အာဏာသိမ်းတာတွေကြောင့် အမုန်းတရားတွေ၊ အစွန်းရောက်အယူအဆတွေ ဖြစ်ခဲ့ပြီး အဓိကရုဏ်းတွေ၊ ပဋိပက္ခတွေ ပေါ်ပေါက်လာတဲ့အကြောင်းပြုစုထားတဲ့ စာတမ်းတစ်စောင်ကို ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၁၃ ရက်နေ့က အွန်လိုင်းကနေဖြန့်ဝေလိုက်တာပါ။
“အမျိုးသားရေးလှုပ်ရှားမှုနဲ့ အမုန်းတရားတို့ရဲ့စိန်ခေါ်ချက်များ” လို့ နာမည်ပေးထားတဲ့ အဲဒီစာတမ်းမှာ ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကစလို့ စစ်တပ်ထောက်ခံသူတွေ၊ အမျိုးသားရေးနဲ့ဘာသာရေး အစွန်းရောက်တွေရဲ့ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ လှုပ်ရှားမှုတွေကို လေ့လာစုဆောင်းဖော်ပြထားပါတယ်။
“ဒီလိုတိုင်းပြည်မျိုးမှာ သေနတ်တွေကို တရားဝင်ကိုင်နေတယ်၊ စစ်သင်တန်းတွေ ပေးနေတယ်။ အဲဒီမှာ သံဃာတော်တွေနဲ့လူပုဂ္ဂိုလ်တွေ တွဲပြီးပါနေတယ်”
စစ်အာဏာသိမ်းပြီးနောက်မှာ အမျိုးသားရေးအစွန်းရောက်တွေက လက်နက်ကိုင်အစုအဖွဲ့တွေ၊ သတင်းမီဒီယာသမားတွေအဖြစ် အသွင်ပြောင်းပေါ်ထွက်လာတာတွေ့ရတယ်လို့ ဒီစာတမ်းကို ထုတ်ပြန်တဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ သုတေသနနဲ့နိုင်ငံရေးအကြံပေး ကိုမိုးထက်နေ က RFA ကို ပြောပါတယ်။
“ပျူစောထီးလို အဖွဲ့မျိုး။ အရင်ကတော့ ပြည်သူ့စွမ်းအားရှင်တို့ မဘသတို့ ၉၆၉ တို့လို အဖွဲ့တွေလို့ ခေါ်တယ်။ ဟိုးအရင်တုန်းကတော့ အဲဒီအဖွဲ့တွေသည် လူပုဂ္ဂိုလ်တစ်ယောက်က တာဝန်ခံပြီးလုပ်တာမျိုး၊ အဖွဲ့အစည်းတစ်ခုက တာဝန်ခံပြီး လုပ်တာမျိုးနဲ့ပုံဖော်ခဲ့ကြတယ်။ ဒါပေမဲ့ ၂ဝ၂၁ အာဏာသိမ်းပြီး နောက်ပိုင်းမှာ စစ်အုပ်စုအနေနဲ့ သူတို့ကို တကယ့်နိုင်ငံတော်ဇာတ်ခုံလို့ ပြောလို့ရတဲ့နေရာမျိုးကို နိုင်ငံတော်အထောက်အပံ့နဲ့ ဆွဲတင်လာတယ်လို့ ကျွန်တော်တို့မြင်တယ်။ အဲဒါတွေအားလုံးကို လက်ရှိ စစ်အုပ်စုက တိုက်ရိုက်ပံ့ပိုးပေးတယ်လို့ ယူဆတယ်။”
ပျူစောထီး၊ သွေးသောက်၊ ပြည်သူ့စစ်စတဲ့အဖွဲ့တွေက စစ်ကောင်စီကိုတော်လှန်တဲ့အဖွဲ့တွေ၊ ဒီမိုကရေစီလိုလားတဲ့ ပါတီအဖွဲ့ဝင်တွေနဲ့ သတင်းမီဒီယာသမားတွေ၊ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်သူတွေကို တန်ပြန်တိုက်ခိုက်ဖို့ ပေါ်ပေါက်လာတာတွေ့ရတယ်လို့ဆိုပါတယ်။ စစ်ကောင်စီ ဘက်ကတော့ ပျူစောထီးတို့ သွေးသောက်အဖွဲ့တို့ဆိုတာ မရှိဘူးလို့ ငြင်းဆိုတတ်ပြီး၊ သူတို့လက်နက်ထောက်ပံ့ထားတဲ့အဖွဲ့တွေကို ပြည်သူ့စစ်လို့ပဲနာမည်တပ်ထားပါတယ်။
“ကျွန်တော်တို့ ဗမာပြည်သည် အစောကြီးကတည်းက လက်နက်ကိုင်ဖို့ဆိုတာ တော်တော်ခဲယဉ်းတဲ့ တိုင်းပြည်။ အဲဒီလိုတိုင်းပြည်မျိုးမှာ ကန့်ဘလူဘက်ပဲကြည့်ကြည့် တောင်ကြီးဘက်မှာ ဒီလိုနေရာမျိုးမှာ သေနတ်တွေကို တရားဝင်ကိုင်နေတယ်၊ တပ်ဖွဲ့တွေ ဖွဲ့နေတယ်၊ စစ်သင်တန်းတွေပေးနေတယ်။ အဲဒီမှာ သံဃာတော်တွေနဲ့လူပုဂ္ဂိုလ်တွေ တွဲပြီးပါနေတယ်။ အဲဒါတွေကို စောင့်ကြည့်နေတယ်ဆိုတာ စစ်ကောင်စီရဲ့ ခွင့်ပြုချက်တစ်စုံတစ်ရာ၊ ပံ့ပိုးမှုတစ်စုံတစ်ရာမရဘဲနဲ့ ဒီလိုစစ်သင်တန်းတွေပေးဖို့ သူတို့ လက်ထဲကို လက်နက်တွေရောက်ဖို့မဖြစ်နိုင်ဘူးပေါ့နော်။ နောက်ပြီးတော့ သွေးသောက်အဖွဲ့တွေလုပ်တဲ့ သတ်ဖြတ်မှုတွေ၊ လူတွေကို ဖမ်းဆီးသွားတာတွေ၊ အဲဒီအမှုတွေ ပေါ်မလာတာမျိုးတွေက အခု လက်ရှိအုပ်ချုပ်နေတဲ့စစ်ကောင်စီအုပ်စုနဲ့ အမျိုးသားရေးသမားတွေကြားထဲမှာ ကြီးမားတဲ့အဆက်အသွယ်တွေ ရှိနေတယ်၊ ကြီးမားတဲ့ ပံ့ပိုးမှုတွေ ရှိနေတယ်ဆိုတာ မြင်ရတယ်။”
ကိုမိုးထက်နေ ပြောသွားတာပါ။ သူတို့အဖွဲ့ရဲ့စာတမ်းကို သတင်းမီဒီယာ၊ ဆိုရှယ်မီဒီယာပေါင်းစုံမှာ ဖော်ပြခဲ့တဲ့သတင်းတွေကိုအခြေခံစုစည်းထားသလို၊ သူတို့အနေနဲ့လည်း သီးခြားလေ့လာထားတာတွေပါတယ်လို့ ဆိုပါတယ်။
အမျိုးသားရေးတက်ကြွလှုပ်ရှားတဲ့အဖွဲ့တွေအဖြစ် နာမည်ခံခဲ့တဲ့ စွမ်းအားရှင်၊ မဘသအဖွဲ့အစည်းတွေက အရင်က ဘာသာရေး၊ လူမျိုးရေးကိုအခြေခံတဲ့အမုန်းတရားတွေ လူတွေကြားထဲ ဖြန့်ဝေခဲ့ပြီး ပဋိပက္ခတွေဖြစ်အောင် လှုံ့ဆော်ခဲ့တာတွေရှိတယ်လို့ စာတမ်းထဲမှာဖော်ပြထားပါတယ်။
ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲနဲ့အမုန်းတရားတွေ ပြန့်ပွားအောင်လုပ်တာတွေလည်း ရွေးကောက်ပွဲကာလတွေမှာ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အခုတော့ စွမ်းအားရှင်၊ မဘသဆိုတဲ့နာမည်နဲ့အဖွဲ့တွေကို မတွေ့ရတော့ဘဲ ပျူစောထီး၊ သွေးသောက်၊ တပ်မတော်ထောက်ခံသူများအဖွဲ့စတဲ့ အဖွဲ့အစည်းတွေရဲ့လှုပ်ရှားမှုတွေပဲတွေ့ရတယ်လို့ ဆိုပါတယ်။ သူတို့က စစ်တပ်အာဏာသိမ်းတာကို ထောက်ခံတဲ့ပွဲတွေ အပြိုင်ကျင်းပကြသလို အာဏာသိမ်းတာကိုဆန့်ကျင်တဲ့သူတွေ၊ အဖွဲ့အစည်းတွေကို ခြိမ်းခြောက်တာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိခဲ့တယ်လို့လည်းဆိုပါတယ်။
အခု လက်နက်ကိုင်တော်လှန်ရေးမှာ လူမျိုးခြား၊ ဘာသာခြားတွေပါဝင်တာကိုလည်း သူတို့က ထောက်ပြဝါဒဖြန့်ပြီး သွေးထိုးလှုံ့ဆော်တာတွေရှိနေတယ်လို့ ကိုမိုးထက်နေ ကပြောပါတယ်။
“မြေပြင်တပ်ဖွဲ့တွေထဲမှာ မွတ်စလင်ဘာသာဝင်တွေပါတယ်။ ဒါက ကောင်းတဲ့ကိစ္စမဟုတ်ဘူးဆိုတာမျိုးတွေ။ တချို့ဟာတွေက OIC အထောက်အပံ့နဲ့လုပ်တယ်ဆိုတဲ့ ပြောဆိုချက်တွေလုပ်နေတာ တောက်လျှောက်တွေ့နေရတယ်။ အခုဆိုရင် ပြည်သူ့လွတ်မြောက်ရေး မွတ်စလင်တပ်ဦး။ ဒီလိုတပ်ဖွဲ့ ပေါ်လာတဲ့အခါမှာ ဒါ ဘာသာရေးကိုအခြေပြုတဲ့အဖွဲ့ဆိုပြီး ဝါဒဖြန့်တာတွေ့ရတယ်။ အဆိုးဆုံးက ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကိုယ်တိုင်ဦးဆောင်ပြီး လက်နက်ကိုင်တပ်ဖွဲ့တွေ ဖွဲ့စည်းနေတာ၊ သူတို့ ဖေ့စ်ဘွတ်ခ်တွေ ဆိုရှယ်မီဒီယာတွေကနေ တရားဝင်ဖြန့်နေတာတွေက အင်မတန်ကြီးမားတဲ့ပြဿနာတွေလို့ ကျွန်တော်ယူဆတယ်”
မြန်မာစစ်တပ်က သူတို့ကိုယ်သူတို့ ဗုဒ္ဓဘာသာ၊ ဗမာလူမျိုးနဲ့ မြန်မာနိုင်ငံကို ကာကွယ်စောင့်ရှောက်တဲ့ အဖွဲ့အစည်းအဖြစ်ပုံဖော်ပြီးတော့ အမျိုးသားရေးသမားလို့ ခံယူထားတဲ့သူတွေကို စဉ်ဆက်မပြတ် အားပေးထောက်ခံခဲ့တာလို့ ဆိုပါတယ်။ မြန်မာပြည်နိုင်ငံရေးသမိုင်းတစ်လျှောက်မှာ လူနည်းစုတွေအပေါ် ဖိနှိပ်ခဲ့သလို၊ အစ္စလာမ်ဘာသာဝင်တွေအပေါ် ဦးတည်တဲ့ ဖိနှိပ်တိုက်ခိုက်မှုတွေကတော့ ပိုထင်ရှားခဲ့တယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။

ဒီပဋိပက္ခတွေက ကောလာဟလတွေ၊ ဆူပူအောင်သွေးထိုးလှုံ့ဆော်မှုတွေကနေ စတင်ခဲ့တာပါ။ အခုလိုကာလမှ ာအစွန်းရောက်အဖွဲ့တွေက စစ်တပ်အလိုကျဝါဒဖြန့်တာ၊ အမုန်းတရားဖြန့်ဝေတာတွေကြောင့် အဖန်တလဲလဲဖြစ်ခဲ့တဲ့ ပဋိပက္ခတွေဆီ ပြန်ပြီးဦးတည်သွားမှာကိုလည်း စိုးရိမ်တယ်လို့ဆိုပါ တယ်။
အဲဒီလိုမဖြစ်ရအောင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတစ်ယောက်ချင်းစီက သတိထားဖို့လိုသလို လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း အမုန်းတရား ဖြစ်စေမယ့် အရေးအသားတွေရှောင်ကြဉ်သင့်တယ်လို့ စာတမ်းက အကြံပြုထားပါတယ်။
ဒါမှလည်း နွေဦးတော်လှန်ရေးကာလအလွန်မှာ လူမျိုးရေး၊ ဘာသာရေးနဲ့ပတ်သက်တဲ့အမုန်းတရား တွေ၊ အစွန်းရောက်အတွေးအခေါ်တွေကင်းစင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်နိုင်မယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့စာတမ်းမှာ တိုက်တွန်းထားတာတွေ့ရပါတယ်။