မြန်မာနဲ့ဆက်ဆံရေးမှာ ထိုင်းစစ်တပ်သြဇာရှိကြောင်း သုံးသပ်
2023.06.28

ပြီးခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ အမတ်နေရာ အများဆုံး အနိုင်ရထားတဲ့ Move Forward ပါတီ ခေါင်းဆောင် ပီတ လင်ဂျာရွန်ရက် ဦးဆောင်တဲ့ ထိုင်းပါလီမန် အမတ်လောင်း အသစ်တွေဟာ ထိုင်း ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုပေးလိုက်တဲ့နောက် ဇွန်လ ၂၇ ရက်မှာ ပထမဆုံး အကြိမ်အဖြစ် ထိုင်းပါလီမန်ကို ဝင်ရောက်လာကြတာ ဖြစ်ပါတယ်။
မြန်မာ့အကျပ်အတည်းကို ပြေလည်အောင် ဆောင်ရွက်မယ်လို့ လေ့လာသူတွေ မျှော်လင့်ထားတဲ့ Move Forward ပါတီအပါအဝင် ရှစ်ပါတီ ပူးပေါင်းပြီး မဟာမိတ်ဖွဲ့ထားတဲ့ ညွန့်ပေါင်းအဖွဲ့ဟာ ထိုင်းပါလီမန်မှာ အမတ်နေရာ ၃၁၂ နေရာ ရရှိထားပါတယ်။
စစ်တပ်က ရေးဆွဲပြဌာန်းလိုက်တဲ့ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်အသစ်အဖြစ် အတည်ပြု ခန့်အပ်နိုင်ဖို့ အထက်နဲ့ အောက်လွှတ်တော် နှစ်ရပ်ပေါင်း မဲ ၃၇၆ မဲ လိုအပ်မှာ ဖြစ်ပါတယ်။
အထက်လွှတ်တော်မှာ ထိုင်းစစ်တပ်က ခန့်အပ်ထားတဲ့ အမတ် ၂၅၀ အထိရှိနေတာကြောင့် ထိုင်းစစ်တပ်ကို နိုင်ငံရေး နယ်ပယ်ထဲက ဖယ်ထုတ်ဖို့ ကြွေးကြော်သံနဲ့ တက်လာတဲ့ Move Forward ပါတီရဲ့ ခေါင်းဆောင် ပီတ ဟာ ထိုင်းဝန်ကြီးချုပ်ရာထူးကိုရဖို့ မသေချာဘဲ ဖြစ်နေတာပါ။
ဇွန်လ ၂၇ ရက်က ထိုင်းပါလီမန်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရာမှာတော့၊ သူ့အနေနဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရဖို့ ထိုင်းပါလီမန်မှာ လုံလောက်တဲ့ ထောက်ခံမဲ ရထားပြီးပြီလို့ ပီတ က ပြောလိုက်ပါတယ်။
Move Forward ပါတီ ခေါင်းဆောင် ပီတက သူ့အနေနဲ့ အမတ်တော်တော်များများနဲ့ တွေ့ဆုံစကားပြောခဲ့ရာမှာ၊ ဝန်ကြီးချုပ်ရာထူးအတွက် ပြည်သူတွေ ရွေးကောက်တင်မြှောက်တဲ့ အမတ်တွေက ခန့်အပ်တဲ့သူကို ဆန့်ကျင်မှာ မဟုတ်တဲ့အကြောင်း ကတိကဝတ် ရခဲ့တဲ့အကြောင်း ပြောသွားတာ ဖြစ်ပါတယ်။
ထိုင်းအစိုးရသစ်ရဲ့ မူဝါဒ ဘယ်လိုပဲ ပြောင်းလဲသည် ဖြစ်စေ၊ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ ထိုင်းစစ်တပ်ရဲ့ သြဇာလွှမ်းမိုးမှုကတော့ ရှိနေမှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။
“ထိုင်းနဲ့ မြန်မာ ဆက်ဆံရေး ပေါ်လစီက တစ်လျှောက်လုံးမှာ ထိုင်းစစ်တပ်က အဓိက နေရာယူထားတယ်။ အဲဒီတော့ လှည့်ပြောင်းချင်ရင်တောင် အများကြီး မရတဲ့ သဘောမှာ ရှိပါတယ်။ နောက်တစ်ခုက ပြီးခဲ့တဲ့ ကာလတွေမှာ ဒီမိုကရက် အစိုးရ တက်လာတော့မှ ပိုပြီး ကျပ်လာတာမျိုးလည်း ကြုံဖူးတယ်။ ထိုင်းစစ်တပ်က မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ရင် လုံခြုံရေး အကြောင်းပြချက်နဲ့ နေရာဝင်ယူလေ့ရှိတယ်။ ထိုင်းနဲ့ မြန်မာ နယ်စပ်ကလည်း ကီလိုမီတာ ၂၄၀၀ ကျော်ရှိတယ်။ သူကတော့ သူတို့ ပါတီရဲ့ မူဝါဒကို Human Security လို့ ဆိုပြီး တင်လာတယ်။ လုံခြုံရေး ဆိုတာက ကျယ်ပြန့်တယ်။ ကျွန်တော်တို့ သမားရိုးကျ လုံခြုံရေးအပြင် ဒုက္ခသည်တွေနဲ့ IDP တွေ ပြည်တွင်းက စစ်ဘေးရှောင်တွေ အဲဒီလို ကိစ္စတွေကို အဓိက ဆောင်ရွက်လိမ့်မယ်လို့ ယူဆပါတယ်။ ”
Move Forward ပါတီ ခေါင်းဆောင် ပီတ လင်ဂျာရွန်ရက်က သူထိုင်းဝန်ကြီးချုပ် ဖြစ်လာတဲ့အခါ၊ မြန်မာနိုင်ငံအရေးမှာ ကျင့်သုံးမယ့် မူဝါဒ ဘယ်လို ဖြစ်မယ်ဆိုတာနဲ့ ပတ်သက်လို့ အချက်ငါးချက်ပါတဲ့ ထုတ်ပြန်ချက်တစ်ခု ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်က သူ့ရဲ့ Facebook နဲ့ တွစ်တာ စာမျက်နှာတွေမှာ ရေးသားထုတ်ပြန်ထားပါတယ်။
Move Forward အာဏာရလာရင်၊ စစ်ကောင်စီ အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်လာပြီး ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်လာမှာ စိုးရိမ်ပူပန် ဝေဖန်ပြောဆိုမှုတွေ ရှိလာတဲ့အတွက် အခုလို ပါတီရဲ့ ရပ်တည်ချက်ကို အကျဉ်းချုံး ထုတ်ပြန်လိုက်တာဖြစ်တဲ့အကြောင်း အင်္ဂလိပ်ဘာသာစကားနဲ့ ထုတ်ဝေတဲ့ Thai Enquirer မဂ္ဂဇင်းရဲ့အကြီးတန်း အယ်ဒီတာ Erich Parpart က ပြောပါတယ်။
“မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ပီတ ရေးခဲ့တာကို ကြည့်မယ်ဆိုရင် သူ ဝန်ကြီးချုပ် ဖြစ်လာရင် အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ပေါ်လာအောင် ဆက်လုပ်မယ်ဆိုတာရယ်၊ မြန်မာနိုင်ငံကို လူသားချင်း စာနာမှုအကူအညီတွေ ပေးအပ်ဖို့ စင်္ကြန်လမ်း တည်ထောင်ပြီး မြန်မာနိုင်ငံကလာတဲ့ ဒုက္ခသည်တွေကို ပိုပြီး လက်ခံဖို့ဆိုတာရယ်က ထင်ထင်ရှားရှား အရှိဆုံး ဖြစ်ပါတယ်။ Move Forward ပါတီအနေနဲ့ လူ့အခွင့်အရေးကို အလေးထားမယ်၊ စည်းမျဉ်းစည်းကမ်းကို အခြေခံတဲ့ မူဝါဒကို ကျင့်သုံးမယ်လို့ ပြောခဲ့တာ ရှိပါတယ်။ ဒါကြောင့် ထိုင်းအစိုးရသစ်ဟာ မြန်မာ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ပိုပြီး ဆန့်ကျင် ရှုတ်ချကြောင်း ပြလာပါလိမ့်မယ်။ အရင်တစ်ခေါက်က မြန်မာစစ်တပ်ရဲ့ ဂျက်တိုက်လေယာဉ်တွေ ထိုင်းနိုင်ငံ ပိုင်နက်ထဲကို ဝင်ရောက်ခဲ့တဲ့ ဖြစ်စဉ်မှာ ထိုင်းအစိုးရဘက်က ပြင်းထန်တဲ့ တုံ့ပြန် ရှုတ်ချမှု မရှိခဲ့ပေမဲ့၊ အခုတက်လာမယ့် အရပ်သား အစိုးရလက်ထက်မှာတော့ ဒီထက် ပြင်းထန်တဲ့ တုံ့ပြန်မှုမျိုး တွေ့လာရနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ထိုင်း အစိုးရသစ်ဟာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ရင် ထိုင်းစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်မှာ သေချာပါတယ်။ အခုအထိတော့ မြန်မာနိုင်ငံအရေးအတွက် Move Forward ပါတီ ခေါင်းဆောင် ပီတရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ထိုင်းစစ်တပ်ဘက်က ဘာမှ ပြောဆိုလာတာ မရှိသေးပါဘူး။”
လာမယ့် ဇူလိုင်လ ၃ ရက်နေ့မှာ ထိုင်းပါလီမန် အစည်းအဝေးတွေ စတင်မှာဖြစ်ပြီး ဇူလိုင်လ ၁၃ ရက်နေ့မှာ ဝန်ကြီးချုပ်အသစ်ကို စတင်မဲပေးရွေးချယ်မယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။