ထိုင်းက မြန်မာ့အရေးဆွေးနွေးပွဲ အာဆီယံမူနဲ့ဆန့်ကျင်နေကြောင်း ကန်စစ်တက္ကသိုလ် ပါမောက္ခပြော
2022.12.23

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထိုင်းနိုင်ငံက လက်ခံကျင်းပတဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲမှာ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ မြန်မာစစ်ကောင်စီ တာဝန်ရှိသူတွေအကြား ပွင့်လင်းပြီး အပြုသဘောဆောင်တဲ့ ပြောဆိုဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Kanchana Patarachoke က သောကြာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
အဲဒီအလွတ်သဘော ဆွေးနွေးပွဲဟာ မြန်မာစစ်ကောင်စီဘက်က အသံတွေကို နားထောင်ဖို့ အခွင့်အရေးဖြစ်သလို ပြဿနာတွေကို အဆုံးသတ်ပြီး မြန်မာနိုင်ငံ ပုံမှန်အခြေအနေ ပြန်ရောက်စေမယ့် လမ်းကြောင်းကို ရှာဖွေဖို့၊ အမြင်တွေဖလှယ်နိုင်ဖို့ အခွင့်အရေးလည်း ဖြစ်ခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Kanchana Patarachoke က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။
ကြာသပတေးနေ့က မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဗီယက်နမ်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးတို့ဟာ နေ့လယ်စာ စားပွဲဝိုင်းမှာ အလွတ်သဘောအစည်းအဝေး နှစ်နာရီကြာ ပြုလုပ်ခဲ့ပြီး၊ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးဆက်ဆံရေးဝန်ကြီး နဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးတို့ကလည်း အစည်းအဝေးမှာ ပါဝင်ဆွေးနွေးခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက ပြောပါတယ်။
“အဲဒီနေ့က ဆွေးနွေးပွဲမှာ ပွင့်လင်းပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ ထိရောက်တဲ့ ရလဒ်တွေ ထွက်လာဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အရှေ့တောင်အာရှမှာရှိနေတဲ့ အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံ အကျပ်အတည်းရဲ့ သက်ရောက်မှုကို ခံစားရပါတယ်။ ဒါကြောင့်မို့ ဒီနိုင်ငံတွေအနေနဲ့ မြန်မာစစ်ကောင်စီနဲ့ အစည်းအဝေးကျင်းပပြီး ဆွေးနွေးရတာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးဟာ အာဆီယံရဲ့ ဆောင်ရွက်ချက်တွေကို အထောက်အကူပြုနိုင်ဖို့ ဖြစ်ပါတယ်။ အခုဆိုရင် အာဆီယံဟာ မြန်မာဘက်က ဝန်ကြီး အဆင့် တာဝန်ရှိသူတွေနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှု မရှိခဲ့တာ တစ်နှစ်ကျော်ကြာခဲ့ပါပြီ။ ဒီအစည်းအဝေးက လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်အောင် အကူအညီပေးဖို့နဲ့ မြန်မာပြည်သူတွေနဲ့ နယ်စပ်ဒေသ တစ်လျောက်က ပြည်သူတွေ ခံစားနေရတဲ့ ထိခိုက်မှုတွေ လျော့ကျဖို့ ရည်ရွယ်ပါတယ်။ နောက်ပြီး အာဆီယံနဲ့ ရထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အထောက်အကူဖြစ်စေဖို့လည်း ရည်ရွယ်ပါတယ်။“
ဒါဟာ အာဆီယံအစည်းဝေးမဟုတ်ဘဲ အာဆီယံရဲ့ ဆောင်ရွက်ချက်တွေအတွက် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီး ကျင်းပခဲ့တာဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီးက သတင်းစာရှင်းလင်းပွဲမှာပြောသွားပါတယ်။
ဝါရှင်တန်ဒီစီ အမျိုးသားစစ်တက္ကသိုလ်က မြန်မာ့အရေးနဲ့ အရှေ့တောင်အာရှရေးရာ လေ့လာသုံးသပ်သူ ပါမောက္ခ Zachary Abuza ကတော့ ထိုင်းနိုင်ငံက ပြုလုပ်တဲ့ ဆွေးနွေးပွဲဟာ မြန်မာစစ်ကောင်စီ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး အာဆီယံကချမှတ်ထားတဲ့ မူဝါဒကို ဆန့်ကျင်ရာရောက်နေတယ်လို့ သုံးသပ်ပါတယ်။
“ထိုင်းအစိုးရက ဒီဆွေးနွေးပွဲဟာ အာဆီယံ အစည်းအဝေး မဟုတ်ဘူးလို့ ပြောထားပါတယ်။ ဒါပေမဲ့ တကယ်တော့ အာဆီယံ မိုင်းနပ်စ် အစည်းအဝေးပဲ ဖြစ်ပါတယ်။ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်တို့က ဒီအစည်းအဝေးကို မတက်ရောက်ကြပါဘူး။ အာဏာရှင်နိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ လာအိုတို့ကပဲ တက်ရောက်ကြတာပါ။ ဒီအစည်းအဝေးက မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အာဆီယံ အဖွဲ့တွင်းမှာ နှစ်ခြမ်းကွဲနေတာကို ပြသနေပါတယ်။ အမေရိကန်နိုင်ငံမှာ မြန်မာ့ တော်လှန်ရေး အင်အားစုတွေကို ကူညီထောက်ပံ့မယ့် အစီအစဉ်တွေ NDAA ဥပဒေမှာ ထည့်သွင်း အတည်ပြုလိုက်တာကို ထိုင်းနိုင်ငံက တော်တော်လေး မကျေမနပ် ဖြစ်နေတယ်လို့ သုံးသပ်ပါတယ်။ လာမယ့်နှစ် အင်ဒိုနီးရှား ဥက္ကဋ္ဌ အဖြစ် တာဝန်ယူတဲ့အခါ မြန်မာစစ်ခေါင်းဆောင်တွေကို ပိုပြီးပြင်းပြင်းထန်ထန် ဆောင်ရွက်မှာကိုလည်း ထိုင်းနိုင်ငံက စိုးရိမ်နေပါတယ်။ ကိုယ်တိုင်အာဏာရှင်ဖြစ်တဲ့ ထိုင်းအစိုးရဟာ မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေ အာဏာဆက်ပြီး တည်မြဲနေတာကို မြင်ချင်တဲ့ သဘောရှိပါတယ်။ ဒါကြောင့် အလားတူ အိမ်နီးချင်း အာဏာရှင်နိုင်ငံတွေကို ခေါ်ပြီး အစည်းအဝေးထိုင်တာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ မြန်မာစစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို အာဆီယံဆိုင်ရာ အစည်းအဝေးတွေ မဖိတ်ဖို့ သဘောတူထားပြီး ဖြစ်တဲ့အတွက် ဒီအစည်းအဝေးဟာ အာဆီယံရဲ့ သဘောတူညီချက်တွေကို ဆန့်ကျင်ရာ ရောက်ပါတယ်။”
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS ရဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကလည်း ထိုင်းနိုင်ငံက ပြုလုပ်တဲ့ အလွတ်သဘော ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။
“ထိုင်းနိုင်ငံ အပါအဝင်ပေါ့နော်။ သူတို့ကလည်း ကျွန်တော်တို့ အိမ်နီးချင်းပါပဲ။ လက်တွေ့ကျတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ဒုက္ခကလည်း သူတို့ မျှဝေခံစားနေရတာပဲ။ ကျွန်တော်တို့ ပြည်သူတွေကို သူတို့ အများကြီး လက်ခံထားတာ။ အဲဒီအတွက် ကျွန်တော်တို့ ကျေးဇူးလည်း တင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းပြည် ပြဿနာ ပြေလည်ရေးက ကျွန်တော်တို့ ပြည်သူတွေရဲ့ ဆန္ဒက အဓိကဖြစ်တယ်။ ကျွန်တော်တို့ ပြည်သူတွေက စစ်အုပ်စုကို မလိုချင်တော့ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောပြီးသား ဖြစ်တယ်။ ကနေ့အထိ ပြောနေဆဲလည်း ဖြစ်တယ်။ အဲဒါကို ထိုင်းနိုင်ငံက အကြီးအကဲတွေလည်း အသေအချာ သဘောပေါက်သင့်တယ်။ ကျွန်တော်တို့ တိုင်းပြည်ပြဿနာကို ပြေလည်စေချင်တယ်ဆိုရင် ပြည်သူတွေရဲ့ ဆန္ဒကို အလေးအနက်ထားပြီး ထည့်သွင်းစဉ်းစားသင့်တယ်လို့ ကျွန်တော့် အနေနဲ့ ပြောချင်ပါတယ်။”

စစ်ကောင်စီဘက်ကတော့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်နဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်တို့ ပါဝင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွန်းဝီနိုင်းရဲ့ ဖိတ်ကြားချက်အရ ဒီဇင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်တဲ့ အလွတ်သဘောဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီး အာဆီယံ ဘုံသဘောတူညီချက်နဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့တယ်လို့ ကြေညာထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က မြန်မာ့အရေးနဲ့ ပတ်သက်လို့ ထိုင်းအစိုးရက စစ်ကောင်စီ ကိုယ်စားလှယ်တွေကို ဖိတ်ကြားဆွေးနွေးတာက အဖြေမရနိုင်ဘဲ မတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုတွေပဲ ပိုများလာလိမ့်မယ်လို့ မနေ့က RFA ကို ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အခက်အခဲ၊ အကျပ်အတည်းတွေကို ကူညီပေးချင်တယ်ဆိုရင် NUG အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဖို့လိုတယ်လို့ ဦးကျော်ဇော် က ပြောပါတယ်။
ဒီအစည်းအဝေးဟာ ပြီးခဲ့တဲ့ မတ်လက တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်ကလွဲရင် မြန်မာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အတွက် ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ပြီး၊ မြန်မာစစ်ကောင်စီ ထိပ်ပိုင်းတာဝန်ရှိသူတွေကို အာဆီယံနဲ့ဆိုင်တဲ့ အစည်းအဝေးတွေကို တက်ရောက်ခွင့်မပြုဖို့ ဆုံးဖြတ်လိုက်တဲ့ နောက်ပိုင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအချို့နဲ့လည်း ပထမဆုံးအကြိမ် လူကိုယ်တိုင် တွေ့ခွင့်ရခဲ့တာ ဖြစ်တယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့အပတ်က အမေရိကန် လွှတ်တော်ကနေ ဒီမိုကရေစီအရေး လှုပ်ရှားနေသူတွေကို ကူညီထောက်ပံ့မယ့် အစီအစဉ်တွေ ပါဝင်တဲ့ NDAA ဥပဒေကို အတည်ပြုခဲ့ပြီး၊ မနေ့ကလည်း ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို မဲခွဲ ဆုံးဖြတ်ခဲ့တဲ့နောက် ထိုင်းနိုင်ငံက အခုလို မြန်မာနိုင်ငံ အကျပ်အတည်းနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးဖို့ အလွတ်သဘော ဆွေးနွေးပွဲ ကျင်းပလာတာ ဖြစ်တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။