ထိုင်းနိုင်ငံ ပိုင်နက်ထဲကို ကျူးကျော်မှု လက်ခံမှာမဟုတ်ကြောင်း ထိုင်း ဒုဝန်ကြီးပြောကြား

RFA Burmese
2024.04.23
ထိုင်းနိုင်ငံ ပိုင်နက်ထဲကို ကျူးကျော်မှု လက်ခံမှာမဟုတ်ကြောင်း ထိုင်း ဒုဝန်ကြီးပြောကြား ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရောက် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ပန်ပရီ ဖဟီထာနုကွန်အား ၂၀၂၄ ခုနှစ် ဧပြီလ ၂၃ ရက်နေ့က တွေ့ရစဉ်။
RFA

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဖဟီထာ နုကွန် (Parnpree Bahiddha-Nukara) ဟာ ဧပြီလ ၂၃ ရက် မနေ့က နေ့လည်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ရောက်လာပြီး သူနဲ့အတူ ထိုင်း ပြည်ထဲရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့လည်း လိုက်ပါလာခဲ့ပါတယ်။

ဝန်ကြီးနိုင်ငံခြားရေးဝန်ကြီး ပန်ပရီနဲ့ အဖွဲ့ဟာ အရင်ဆုံး မဲဆောက်လေဆိပ်ကို သွားရောက်ခဲ့ပြီး မဲဆောက်လေဆိပ်ခန်းမမှာ ထိုင်းအာဏာပိုင်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထိုင်း-မြန်မာနယ်စပ် အမှတ် ၁ တံတားအနီးမှာရှိတဲ့ ဈေးနဲ့ နယ်စပ်အခြေအနေကို လှည့်လည် ကြည့်ရှုခဲ့ပြီး မဲဆောက်လေဆိပ်ခန်းမဆောင်အတွင်း သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

လက်ရှိ အချိန်မှာတော့ မြန်မာနိုင်ငံ မြဝတီဘက်က တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံသားတွေနဲ့ ထိုင်းနိုင်ငံ ပိုက်နက် နယ်မြေကို ထိခိုက်တာ မရှိသေးဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မဲဆောက်လေဆိပ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“ကျွန်တော်တို့ ကိစ္စတိုင်းမှာ အနီးကပ်စောင့်ကြည့်နေပါတယ်။ ထိုင်းနိုင်ငံသားတွေနဲ့ ပိုင်ဆိုင်မှုတွေ ထိခိုက်တာမျိုး မရှိပါဘူး။ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေကို ကာကွယ်ပြီးသား ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ပြည်တွင်းရေးပြဿနာများစွာ ရှိနေပါတယ်။ ကျွန်တော်တို့ကတော့ လက်ရှိအချိန်မှာ ထိုင်းနိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်လာသူတွေထံ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စကိုပဲ အာရုံစိုက်လုပ်ဆောင်နေပါတယ်”

အခုအချိန်မှာ မြဝတီမြို့မှာ တိုက်ပွဲတွေ ခေတ္တငြိမ်သက်နေပြီး ဒီအခြေအနေကို ထိန်းထားနိုင်ပေမဲ့ ထိုင်းပိုင်နက် နယ်မြေကို ကျူးကျော်တိုက်ခိုက်တာမျိုးကို လက်ခံမှာမဟုတ်ဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ထိုင်းအစိုးရဟာ ထိုင်းနယ်စပ် လုံခြုံရေးကို ကာကွယ်သွားမှာ ဖြစ်သလို ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာသူတွေကိုလည်း လက်ခံထားဖို့ အဖွဲ့အစည်းအမျိုးမျိုးနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

"ထိုင်းနယ်စပ်လုံခြုံရေးကို ကာကွယ်မယ်။ ထိုင်းပိုင်နက်နယ်မြေကို အသုံးပြုတိုက်ခိုက်တာမျိုးကို လက်ခံမှာ မဟုတ်ပါဘူး။ ထိုင်းနယ်မြေထဲ ထွက်ပြေးခိုလှုံဖို့ တောင်းဆိုလာတဲ့ ရိုးရိုးအရပ်သားပဲဖြစ်ဖြစ်၊ စစ်သားပဲဖြစ်ဖြစ် လက်ခံနိုင်ဖို့အတွက် ကွဲပြားခြားနားတဲ့ အဖွဲ့အစည်းမျိုးစုံနဲ့ တိုင်ပင်ဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်နေပါတယ်။ လောလောဆယ်တော့ ထိုင်းအစိုးရက အခြေအနေကို ထိန်းချုပ်ထားနိုင်တယ်လို့ပဲ ပြောချင်ပါတယ်။"

မြဝတီမြို့ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)
မြဝတီမြို့ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)

ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင် (Srettha Thavisin) က မဲဆောက်ကို သူကိုယ်တိုင်သွားမယ်လို့ ကြေညာထားပေမဲ့ မနေ့ကတော့ သူ့ရဲ့ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီး ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ပန်ပရီကိုပဲ စေလွှတ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က မြန်မာနိုင်ငံ မြဝတီဘက်ခြမ်း ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ထိုင်းဘက်အခြမ်း မဲဆောက်မြို့ကို အခုလို ထိုင်းအစိုးရ အကြီးအကဲတွေ လာရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။