ထိုင်းနယ်စပ် တပ်စခန်းတွေပြန်ဆုတ်ရေး နှစ်နိုင်ငံအဆင့် ညှိနှိုင်းရမယ်လို့ “ဝ” တပ်ဖွဲ့ပြော
2024.11.26

[Updated: 7:30 pm, November 26, 2024]
ထိုင်းနဲ့ မြန်မာနိုင်ငံကြား နယ်မြေအငြင်းပွားမှု ပြဿနာတွေရှိနေတဲ့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်နယ်စပ်က UWSA “ဝ” တပ်ဖွဲ့ ရဲ့ ၁၇၁ စစ်ဒေသတပ်စခန်း ကိုးခုကို ပြန်ဆုတ်ပေးဖို့ ထိုင်းတော်ဝင် တပ်မတော်က အခုရက်ပိုင်းမှာ တောင်းဆိုလိုက်ပါတယ်။
ရှမ်းပြည်နယ် အရှေ့ပိုင်း မြန်မာ-ထိုင်း နယ်စပ်မှာရှိတဲ့ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ၊ ဟွေအော်နဲ့ ပုံပါကျင် ဒေသအတွင်း မြို့နယ်တွေကို “ဝ” တောင်ပိုင်း ၁၇၁ စစ်ဒေသလို့ UWSA “ဝ” တပ်ဖွဲ့က သတ်မှတ်ထားတာပါ။
လက်ရှိ ပြဿနာဖြစ်နေတဲ့ ဒေသတွေဟာ မြန်မာဘက်အခြမ်း မိုင်းတုံနဲ့ မိုင်းဆတ် မြို့နယ်တွေအတွင်းက နယ်စပ်နေရာတွေလို့ ဆိုပါတယ်။
ရှမ်းပြည်နယ် အရှေ့ပိုင်း အခြေစိုက် “ဝ” တပ်ဖွဲ့ဆက်ဆံရေးရုံး တာဝန်ခံတစ်ဦးကတော့ ထိုင်းဘက်က တောင်းဆိုတဲ့ ဒီကိစ္စတွေဟာ နှစ်နိုင်ငံ အစိုးရကြား ဖြေရှင်းရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
“ဒါက အစိုးရချင်း ပြောလေနော်။ သက်ဆိုင်ရာ နှစ်နိုင်ငံ အစိုးရချင်းပြောပေါ့ ဒါက”
လားရှိုးအခြေစိုက် “ဝ” ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းကတော့ “ဝ” ပြည် တောင်ပိုင်းမှာရှိတဲ့ တပ်စခန်းကိုးခုကို ဖယ်ပေးဖို့ ထိုင်းနိုင်ငံက တောင်းဆိုတာ မှန်တယ်လို့ပြောပါတယ်။ သူတို့အနေနဲ့ စစ်ကောင်စီ ထိပ်ပိုင်း ခေါင်းဆောင်တွေကို အကြောင်းကြားထားတယ်လို့ ပြောပါတယ်။
"ထိုင်းက ဘယ်လိုလုပ်မှာလဲ၊ စစ်ရေးအရ အရေးယူရင် တိုက်ပွဲတွေ ဖြစ်လာနိုင်စရာရှိတာပေါ့”
နိုဝင်ဘာလ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့တွေမှာ ထိုင်းတော်ဝင် စစ်တပ်အရာရှိတွေနဲ့ UWSA ထိပ်ပိုင်းခေါင်းဆောင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း အဲဒီတပ်စခန်းတွေ ပြန်ဆုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
UWSA “ဝ” တပ်ဖွဲ့ကတော့ ဌာနချုပ် ပန်ဆန်းမှာရှိတဲ့ အထက်အရာရှိတွေကို တင်ပြပြီး ရက်ပေါင်း သုံးဆယ်အတွင်း အကြောင်းပြန်မယ်လို့ ပြောခဲ့တယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။ ထိုင်းနိုင်ငံကတော့ လာမဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ အဲဒီစခန်းတွေ အပြီးဖယ်ပေးဖို့ တောင်းဆိုထားတယ်လို့ ထိုင်း အခြေစိုက်သတင်းတွေမှာ ဖော်ပြပါတယ်။
နိုဝင်ဘာလ ၂၅ ရက်နေ့ကစပြီး အဲဒီနေရာတွေကို ထိုင်းတော်ဝင်စစ်တပ်က အင်အားတွေဖြည့်တင်းနေပြီး နှစ်ဖက်စစ်ရေး တင်းမာနေတယ်လို့ ထိုင်းနိုင်ငံနယ်စပ်မှာ နေထိုင်တဲ့ ဦးအောင်ကျော် က ပြောပါတယ်။
“အခုတော့ ဟိုဘက် ဒီဘက်ကို ပစ်တာ၊ ခတ်တာတော့ မလုပ်သေးဘူးပေါ့ဗျာ။ ဟိုဘက်ကလည်း အသင့်ပြင်၊ ဒီဘက်ကလည်း အသင့်ပြင် ချိန်ထားကြတဲ့ သဘောပေါ့။ အသက်အိုးအိမ်စည်းစိမ်တွေ ဒုက္ခရောက်မဲ့ သဘောတော့ မဖြစ်စေချင်ဘူးပေါ့နော်။ ညှိညှိနှိုင်းနှိုင်းနဲ့ ပြေလည်အောင် ဖြေရှင်းနိုင်ပါစေလို့ပဲ ပြောချင်တယ်”
စစ်ရေးပြင်ဆင်နေတာတွေကြောင့် ဒေသခံတွေ စိုးရိမ်နေတယ်လို့လည်း သူက ပြောပါတယ်။
ထိုင်းနိုင်ငံ နဲ့ “ဝ”တပ်ဖွဲ့ကြား နယ်မြေပြဿနာ ဖြစ်နေတဲ့ နေရာတွေဟာ အရင် MTA (မုံတိုင်းအာမီ) ခေါင်းဆောင် ခွန်ဆာ ထိန်းချုပ်ခဲ့တဲ့ နယ်မြေတွေဖြစ်ပြီး စစ်တပ်နဲ့ MTA (မုံတိုင်းအာမီ) တပ်ဖွဲ့တွေ တိုက်ပွဲအပြီးမှာ စစ်တပ်ဘက်က “ဝ” တပ်ဖွဲ့ တွေကို နေရာချပေးခဲ့တဲ့ နေရာတွေ ဖြစ်တယ်လို့ တိုင်းရင်းသားအရေး လေ့လာသူတွေက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
'ဝ'တပ်စခန်း ငါးခု ဆုတ်ခွာဖို့ ထိုင်းရဲ့ တောင်းဆိုချက် UWSA လက်မခံ
စစ်ကောင်စီရဲ့ ဝေဟင်ကျူးကျော်မှု ထိုင်းအစိုးရ သတိပေး
ထိုင်းဘက်ရောက်နေတဲ့ မြန်မာစစ်သားတွေကိစ္စ ရှင်းဖို့ ထိုင်းအမတ်တောင်းဆို
၁၉၈၉ ခုနှစ်မှာ နဝတ စစ်တပ်နဲ့ “ဝ” တပ်ဖွဲ့ကြား ငြိမ်းချမ်းရေး လက်မှတ်ရေး ထိုးပြီးနောက်ပိုင်း “ဝ” လူမျိုး ရှစ်သောင်းကျော် ရှမ်းပြည်နယ်အရှေ့ပိုင်းကို ရွှေ့ပြောင်းခဲ့ပြီး ထိုင်းနယ်စပ်မှာ “ဝ”တပ်ဖွဲ့ စခန်းတွေ ခိုင်ခိုင်မာမာ အခြေချခဲ့တာလို့ တိုင်းရင်းသားအရေး လေ့လာသူတွေက ပြောပါတယ်။
လက်ရှိ “ဝ” တပ်ဖွဲ့ထိန်းချုပ်တဲ့ ၁၇၁ စစ်ဒေသမှာ လူဦးရေ တစ်သိန်းကျော်ရှိနေပြီး ဆယ်စုနှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာနေလာတဲ့ နေရာကို “ဝ” တပ်ဖွဲ့က ဖယ်ပေးမှာ မဟုတ်ဘူးလို့ စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“ထိုင်းဘက်က ခွန်ဆာတို့ လိုအပ်တဲ့ အဲဒီပစ္စည်းတွေသွင်းတဲ့ အဲဒီနေရာကို “ဝ” တပ်ဖွဲ့က ဗိုလ်ခင်ညွန့်ရဲ့ သဘောတူညီချက်နဲ့ နေရာဝင်ယူထားတဲ့ နေရာဖြစ်တယ်။ ထိုင်းမြေလား၊ မြန်မာပြည်မြေလား ဆိုတာကတော့ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုက ထိုင်းက ဒါသူတို့နယ်မြေလို့ လုပ်ပြီးတော့ စစ်စခန်းတွေ ဖယ်ခိုင်းတယ်ဆိုရင် UWSA က လည်း အဲဒါက ချက်ချင်း လက်ခံဖို့ သိပ်မလွယ်ဘူးဗျ။ အဲတော့ ထိုင်းက ဘယ်လိုလုပ်မှာလဲ၊ စစ်ရေးအရ အရေးယူရင် တိုက်ပွဲတွေ ဖြစ်လာနိုင်စရာရှိတာပေါ့”
ထိုင်းနယ်စပ်က “ဝ” တပ်ဖွဲ့စခန်းတွေ ဖယ်ပေးဖို့ ထိုင်းနဲ့ မြန်မာအစိုးရကြား မကြာခဏ ဆွေးနွေးခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၂၃ ဇွန်လ အတွင်းကလည်း ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့ မှာပြုလုပ်တဲ့မြို့နယ်အဆင့် ဆွေးနွေးပွဲမှာလည်း နယ်စပ်မှာရှိတဲ့ “ဝ” တပ်ဖွဲ့စခန်းတွေကို ဆုတ်ခွာပေးဖို့ ထိုင်းအစိုးရဘက်က တောင်းဆိုခဲ့ပါတယ်။
ဒီတစ်ကြိမ်မှာတော့ လာမဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ပေးဖို့ ထိုင်းက တောင်းဆိုထားပြီး စစ်ရေးပါ ပြင်ဆင်နေတာပါ။
ဒီအခြေအနေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကို RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ အကြောင်းပြန်လာတာ မရှိသေးပါဘူး။
ထိုင်းနိုင်ငံ ဖစ်စနူလော့ခရိုင်၊ ထိုင်းတပ်မတော် အမှတ် (၃) စစ်ဒေသဌာနချုပ်မှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ရန်ခွန် မဟာပညာဝန် (Rungkhun Mahapanyawong) က နှစ်နိုင်ငံနယ်စပ်မှာ အခြေအနေတွေ ပုံမှန်အတိုင်း ရှိနေတယ်လို့ ပြောပါတယ်။
"ချင်းမိုင်နဲ့ မယ်ဟောင်ဆောင်နယ်စပ်မှာ အခြေအနေတွေ ပုံမှန်အတိုင်းပါပဲ။ လူတွေ ပုံမှန် သွားလာနေကြပါတယ်။ နယ်စပ်တစ်လျှောက် နှစ်ဖက်ဆက်ဆံရေး ကောင်းပါတယ်။ အဲဒီဒေသတွေက နယ်နိမိတ် မသတ်မှတ်ရသေးပါဘူး၊ လောလောဆယ် နှစ်ဖက်အစိုးရချင်း ဆွေးနွေးညှိနှိုင်းနေပါတယ်"
အငြင်းပွားမှုတွေ အမြန်အဆုံးသတ်ဖို့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံပူးတွဲကော်မတီတွေ ဆွေးနွေးနေကြတယ်လို့ ဆိုပေမဲ့ "အမှတ် (၃) စစ်ဒေသဟာ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ထိုင်းပြည်သူတွေကို အစွမ်းကုန်ကာကွယ်ဖို့ အသင့်ရှိနေတယ်" လို့လည်း ဗိုလ်မှူးကြီး ရန်ခွန် မဟာပညာဝန်က သတင်းထောက်တွေကို ပြောပါတယ်။
နယ်မြေအငြင်းပွားမှု ပြဿနာနဲ့ပတ်သက်ပြီး စစ်ကောင်စီကို တင်ပြထားတယ်ဆိုတဲ့ “ဝ” တပ်ဖွဲ့ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
စစ်တပ်အရာရှိဟောင်း နိုင်ငံရေးလေ့လာသူ တစ်ဦးကတော့ “ဝ” တပ်ဖွဲ့နဲ့ ထိုင်းအစိုးရကြားပြဿနာအပေါ် စစ်ကောင်စီဘက်က စိတ်ဝင်စားမှာ မဟုတ်ဘူးလို့ သူ့အမြင်ကို ပြောပါတယ်။
“ဒီနယ်နိမိတ် ပြဿနာသည် ထိုင်းနိုင်ငံနဲ့ နှစ်ငံချစ်ကြည်ရေး၊ ပေါင်းစည်းမှုရဲ့ တစ်ရာပုံတစ်ပုံလောက်တောင် အရေးမပါပါဘူး။ ဒီပြဿနာအတွက်လောက်ကြောင့် မြန်မာနိုင်ငံအစိုးရက ထိုင်းနဲ့ ပြဿနာလုံး၀ အဖြစ်ခံမှာ မဟုတ်ဘူး။ တပ်မတော်ကလည်း ဘာမှကိုင်တွယ်စရာမလိုဘူး။ ကိုင်တွယ်ရအောင်လည်း ကိုယ့်ဟာကိုတောင် ပြည်တွင်းမှာ အလုပ်ရှုပ်နေတာ။ စစ်တပ်က ကိုင်တွယ်မှာလည်း မဟုတ်ဘူး၊ စိတ်ဝင်စားမှာလည်းမဟုတ်ဘူး”
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ဆက်စပ်ပြီး UWSA “ဝ”တပ်ဖွဲ့ကို တရုတ်နိုင်ငံက ဖိအားပေးနေပြီး နယ်စပ် ကုန်စည်စီးဆင်းမှုတွေလည်း ကန့်သတ်ခံနေရတာပါ။
ဆယ်စုနှစ် တစ်ခုကြာအောင် ညှိနှိုင်းမရဖြစ်နေတဲ့ ဒီပြဿနာအပေါ် ထိုင်းအစိုးရက အခုချိန်မှာဖိအားပေးတာဟာ မြန်မာပြည်တွင်း ပဋိပက္ခတွေကြောင့် မြန်မာစစ်တပ်ရော “ဝ” တပ်ဖွဲ့ပါ ဖိအားနဲ့ ကြုံနေရချိန်ကို ထိထိရောက်ရောက် အသုံးချလာတာလို့ မြန်မာ့နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
(မှတ်ချက်။ ထိုင်းတပ်မတော် အမှတ် (၃) စစ်ဒေသ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်ကို ဖြည့်စွက်ရေးသားထားပါသည်။)