စစ်ကောင်စီရဲ့ ဝေဟင်ကျူးကျော်မှု ထိုင်းအစိုးရ သတိပေး
ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံ တပ်ခရိုင်အတွင်းကို မြန်မာတိုက်လေယာဉ်တစ်စင်း ကျူးကျော်ဝင်ရောက်လာတဲ့အပေါ် ထိုင်းအစိုးရက ကန့်ကွက်လိုက်ပြီး စစ်ကောင်စီကို သတိပေးလိုက်ပါတယ်။
မြဝတီမြို့နယ် ဝေါလေဒေသနဲ့ ထိစပ်နေတဲ့ တပ်ခရိုင် ပုပ်ဖရာ့မြို့နယ်မှာ ဇွန်လ ၃၀ ရက် ကြာသပတေးနေ့ မနက်ပိုင်းက မြန်မာတိုက်လေယာဉ်တစ်စင်း ကျူးကျော်ပျံသန်းလာတာကို ရေဒါမှာ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ် ထိုင်းဝေဟင်ပိုင်နက်ထဲကို မြန်မာတိုက်လေယာဉ်တွေ ကျူးကျော် ဝင်ရောက်လာတဲ့အတွက် ထိုင်းလေတပ်က F-16 တိုက်လေယာဉ်နှစ်စင်း အရေးပေါ် ချက်ချင်းတက်ပြီး နယ်စပ်တစ်လျှောက် ကင်းလှည့်ခဲ့တယ်လို့ ထိုင်းလေတပ်က ထုတ်ပြန်ပါတယ်။
ဒီလေကြောင်းကျူးကျော်မှုနဲ့ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ပရာယွတ်ချန်အိုချာက ထိုင်းလေတပ်အကြီးအကဲ နဲ့ ဆွေးနွေးပြောဆိုခဲ့ပြီးနောက် မြန်မာလေတပ်ကို တယ်လီဖုန်းကတစ်ဆင့် ကန့်ကွက်လိုက်ပါတယ်။
မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုလည်း သတိပေးညွှန်ကြားထားပြီး နောင်ကို ဒီလိုချိုးဖောက်မှုတွေကို တားဆီးဖို့ တောင်းဆိုထားတယ်လို့ ထိုင်းလေတပ်က ထုတ်ပြန်ပါတယ်။
မြန်မာလေတပ် အကြီးအကဲကလည်း ဒီဖြစ်ရပ်အပေါ်တောင်းပန်စကားဆိုခဲ့ပြီး နောင်မှာ မဖြစ်စေရကြောင်း ပြောဆိုခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ရပ်က ဖော်ပြပါတယ်။
မြဝတီမြို့နယ်တောင်ပိုင်း ဝေါလေဒေသက စစ်ကောင်စီတပ်က ခြေကုပ်ယူထားတဲ့ ဥကရစ်ထစခန်းကို KNDO၊ KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီက တိုက်လေယာဉ်တွေပါ အသုံးပြုပြီး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။