ဆန့်ကျင်သူတွေကို ရည်ရွယ်တဲ့ အကြမ်းဖက်နည်းဥပဒေ စစ်ကောင်စီပြဋ္ဌာန်း

RFA Burmese
2023.03.15
ဆန့်ကျင်သူတွေကို ရည်ရွယ်တဲ့ အကြမ်းဖက်နည်းဥပဒေ စစ်ကောင်စီပြဋ္ဌာန်း စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြပွဲကို ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်ကို တွေ့ရစဉ်။
RFA

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ပတ်သက်ပြီး အရေးယူနိုင်မယ့်အချက်တွေ အသေးစိတ် ထပ်ရေးသားထားတဲ့ နောက်ဆက်တွဲ နည်းဥပဒေကို စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှာ ပြဋ္ဌာန်းလိုက်ပါတယ်။

အခန်းပေါင်း ၂၀ နဲ့ ပုဒ်မပေါင်း ၁၂၀ ပါဝင်တဲ့ အဲဒီနည်းဥပဒေကို မတ်လ ၁၀ ရက်နေ့ကစလို့ စစ်ကောင်စီရဲ့ မြန်မာ့အလင်းသတင်းစာမှာ အခန်းဆက်နဲ့ဖော်ပြခဲ့ပြီး စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က လက်မှတ်ရေးထိုးထားပါတယ်။

ဥပဒေအခန်း (၄) မှာ အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စု ဒါမှမဟုတ် ဆက်နွှယ်ပါဝင်တဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေပိုင်တဲ့ ငွေကြေးနဲ့ပစ္စည်းတွေကို ထိန်းချုပ်ဖို့ပါဝင်သလို အခန်း (၁၃) စုံစမ်းစစ်ဆေးခြင်းနဲ့ အရေးယူခြင်းမှာလည်း စွပ်စွဲခံရသူတွေရဲ့ ပိုင်ဆိုင်မှုနဲ့ ဘဏ်အကောင့်တွေကအစ ထိန်းချုပ်ဖို့ ပါဝင်ပါတယ်။

ဒီဥပဒေဟာ စစ်ကောင်စီက အကြမ်းဖက်လို့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေကို ဖိဖိစီးစီးအရေးယူဖို့ ရည်ရွယ်ပြဋ္ဌာန်းတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။

“အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံရတဲ့လူတွေနဲ့ပတ်သက်ပြီး တော်တော်လေး တင်းကျပ်တဲ့ နည်းဥပဒေတွေ ချမှတ်ထားတယ်။ အမှုနဲ့ဆက်နွှယ်ပြီးတော့မှ သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ ပေါ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းအားလုံး သိမ်းဆည်းဖို့ဆိုတဲ့ ပြဋ္ဌာန်းချက်တွေ ပါတယ်။ အဲဒီတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ စွဲဆိုခံရသူတွေကို ဖိဖိစီးစီး အရေးယူဖို့ အတွက် ရည်ရွယ်ပြီးတော့ ပြဋ္ဌာန်းတယ်လို့ ဒီလိုပဲ ပြောရမှာပေါ့”

ဒါပေမဲ့ နည်းဥပဒေ အခန်း (၁၆) မှာတော့ တရားစွဲသူဘက်က သက်သေကို အကာအကွယ်ပေးဖို့ အသေးစိတ် ရေးထားပြီး တရားခွင်မှာ စွပ်စွဲခံရသူတွေနဲ့ မျက်နှာချင်းမဆိုင်ဘဲ ဗီဒီယိုဆက်သွယ်ရေးစနစ်နဲ့ သက်သေထွက်ဆို နိုင်ဖို့အထိ ပါဝင်ပါတယ်။

အခန်း (၁၄) မှာတော့ အီလက်ထရွန်နစ် သတင်းအချက်အလက် ကြားဖြတ်ဖမ်းယူတာ၊ ဖြတ်တောက်တာ၊ ကန့်သတ်တာနဲ့ တည်နေရာ အတည်ပြုတာတွေကို ပုဒ်မခြောက်ခုနဲ့ အသေးစိတ် ရေးသား ထားပါတယ်။

"အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ စွဲဆိုခံရသူတွေကို ဖိဖိစီးစီး အရေးယူဖို့အတွက် ရည်ရွယ်ပြီးတော့ ပြဋ္ဌာန်းတယ်လို့ ဒီလိုပဲ ပြောရမှာပေါ့”

ရလာတဲ့ အချက်အလက်တွေကို အကြမ်းဖက်မှု ဒါမှမဟုတ် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနဲ့ဆိုင်တဲ့ စုံစမ်းထောက်လှမ်းမှုနဲ့ စစ်ဆေးမှုတွေမှာ အသုံးပြုနိုင်ပြီး သက်သေအဖြစ်ပါ တင်သွင်းနိုင်တယ် လို့လည်း ဆိုပါတယ်။

နိုင်ငံတကာမှာ မှုခင်းတွေအတွက် အခုလိုနည်းပညာကို အသုံးပြုပေမယ့် မြန်မာမှာတော့ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေသူတွေအတွက်သာ ရည်ရွယ်အသုံးပြုနေတာလို့ IT နည်းပညာရှင်တစ်ဦးက ပြောပါတယ်။

“ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်အစိုးရမဆို ကြားဖြတ်နားထောင်နိုင်တဲ့ စွမ်းဆောင်ရည်ရှိတယ်။ ဒီတစ်ခုကတော့ ကျနော် တို့ကို ဒုက္ခပေးဖို့ လုပ်တာပေါ့နော်။ လူအများကြီးကို စောင့်ကြည့်ဖို့အတွက် မဖြစ်နိုင်ဘူး ဆိုပေမယ့် ကိုယ်တိုင်တောင် မသိလိုက်ဘဲနဲ့ စောင့်ကြည့်ခံရတာမျိုးတွေ ဖြစ်နိုင်တယ်ဗျ။ ကျနော်တို့ဆီကို တစ်ယောက် ယောက်က ငွေလွှဲလိုက်တာတို့ အကြောင်းအရင်း တစ်ခုခုပေါ့ အဲဒီလိုလုပ်လိုက်တဲ့ အချိန်မှာတောင်မှ ကျနော်တို့က မသိလိုက် မသိဘာသာ ပါသွားနိုင်တာတွေ ရှိတယ်။ ကိုယ်ကိုယ်တိုင် မပါဝင် မပတ်သက်ပေမယ့်လည်း ကိုယ်က စောင့်ကြည့်ခံရတဲ့ လူစာရင်းထဲမှာ အမြဲတမ်းပါနိုင်တယ် ဆိုတာကို သိထားရမယ်ဗျ”

သတင်းအချက်လက် ကြားဖြတ်ဖမ်းယူတာ၊ ဖြတ်တောက်တာ၊ ကန့်သတ်တာနဲ့ တည်နေရာရှာဖို့ တစ်ခါခွင့်ပြုရင် ရက်ပေါင်း ၆၀ (နှစ်လ) အထိလုပ်ဆောင်နိုင်ပြီး လိုသေးရင် သက်တမ်းတိုးနိုင်တယ်လို့လည်း ပါဝင်ပါတယ်။

ရှေ့နေတွေနဲ့ နိုင်ငံရေးသုံးသပ်သူတွေကတော့ ဒါဟာ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေထံ ပြည်သူတွေထောက်ပံ့နေမှုကို ဖြတ်တောက်ဖို့ ရည်ရွယ်တာလို့ ပြောကြပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CRPH ကို ထောက်ခံကြောင်း ရန်ကုန်မြို့နေ ပြည်သူများ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်။ (Photo: RFA)
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CRPH ကို ထောက်ခံကြောင်း ရန်ကုန်မြို့နေ ပြည်သူများ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်။ (Photo: RFA)

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအင်စတီကျုရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ နည်းပဒေအတိုင်း တိတိကျကျဆောင်ရွက်နိုင်ရင် လက်ရှိဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်လိမ့်မယ်လို့ ပြောပါတယ်။

“အဓိကကတော့ ဥပဒေက ပြဋ္ဌာန်းပြီးသွားပြီ။ ပြဋ္ဌာန်းပြီးသွားတဲ့အချိန်မှာ ဒီဥပဒေအတိုင်း ဘယ်လောက်ထိ လုပ်နိုင်မလဲ။ ဒီဥပဒေဟာ တကယ်တမ်းသာ မှန်မှန်ကန်ကန်ကျင့်သုံးနိုင်မယ် ဥပဒေပါ ပြဋ္ဌာန်းချက် တွေအတိုင်း တိတိကျကျဆောင်ရွက်နိုင်တယ် ဆိုရင်တော့ သေချာပါတယ်။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အကြမ်းဖက်မှုပိုင်း ဆိုင်ရာပေါ့နော်။ အဲဒီနောက် ပဋိပက္ခတွေ ဒါတွေကို တော်တော်များများ အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်”

စစ်ကောင်စီဥက္ကဋ္ဌဟာ အာဏာသိမ်းပြီးကာစမှာပဲ တည်ဆဲဥပဒေတွေထဲက နိုင်လွတ်လုံလို့ခေါ်တဲ့ နိုင်ငံသားတွေရဲ့ လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့လုံခြုံမှု ကာကွယ်ရေး ဥပဒေပုဒ်မ-၅၊ ၇ နဲ့ ၈ ပါ ပြဋ္ဌာန်းချက် တွေကို ယာယီရပ်ဆိုင်းကြောင်း လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီပုဒ်မတွေဟာ တစ်ဦးနဲ့တစ်ဦးကြား ဆက်သွယ်ရေးပစ္စည်း ကိရိယာတစ်မျိုးမျိုးနဲ့ ဆက်သွယ်ပြောဆိုတာကို ကြားဖြတ်ဖမ်းယူ နားထောင်တာ၊ အနှောင့်အယှက်ပေးတာ၊ ဆက်သွယ်ရေး အော်ပရေတာတွေထံကနေ သတင်းအချက်အလက်တွေ တောင်းယူတာနဲ့ ထုတ်ပေးတာ မလုပ်ရဆိုပြီး တားမြစ်ထားတာပါ။

နိုင်ငံသားတွေရဲ့ လွတ်လပ်မှုနဲ့လုံခြုံမှုကို ကာကွယ်ထားတဲ့ဥပဒေကို ရပ်ဆိုင်းတဲ့အပြင် သတင်းအချက်အလက် ကြားဖြတ်ရယူတာတွေကို တရားဝင်ခွင့်ပြုလိုက်တာဟာ နိုင်ငံသားတွေရဲ့ ဥပဒေပါရပိုင်ခွင့်တွေ ဆုံးရှုံးသွားတာလို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ဝေဖန်ပါတယ်။

“နိုင်ငံသားတွေရဲ့ အခြေခံလူ့အခွင့်အရေးတွေ အခြေခံနိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေး မယ့် ဥပဒေ ပြဋ္ဌာန်းပြီးသား၊ အဲဒီပြဋ္ဌာန်းပြီးသားကိုလည်းပဲ ယာယီအားဖြင့် ရပ်ဆိုင်းတယ်ဆိုပြီး ကြေညာလိုက် တယ်။ အခုကျတော့ ဒါကို တရားဝင်ပြဋ္ဌာန်းလိုက်တယ်ဆိုတော့ မှုခင်းတွေကို ဖော်ထုတ်တဲ့အခါမှာ နိုင်ငံသား တွေရဲ့ ပုဂ္ဂလိက လွတ်လပ်မှုတို့ ပုဂ္ဂလိကလုံခြုံမှုတို့ကို ထည့်သွင်းမစဉ်းစားတော့ဘူး၊ အရေးယူမယ့်အပိုင်းကိုပဲ ပိုပြိး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ဇောင်းပေးပြီးတော့ ပြဋ္ဌာန်းထားတယ်လို့ ဒီလိုတော့ မြင်ပါတယ်”

ဒီဥပဒမှာ ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အရေးယူနိုင်ဖို့ အသေးစိတ်ပြဋ္ဌာန်းထားပြီး “အကြမ်းဖက်မှုများအား တားဆီးနှိမ်နင်းရေး လုပ်ငန်းကော်မတီ” အပါအဝင် ကော်မတီခြောက်ခုထက်မနည်း ဖွဲ့နိုင်သလို ပြည်ထောင်စု အဆင့်ကနေ အောက်ခြေမြို့နယ်အဆင့်ထိ လုပ်ပိုင်ခွင့်တွေ ပေးထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီတပ်ဟာ သူတို့ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို ကာကွယ်ချင်တဲ့အတွက် အခုလို နည်းဥပဒေပြဋ္ဌာန်းတာလို့ သုံးသပ်ပါတယ်။

“စစ်ကောင်စီက ပြည်တွင်းစစ်အတွင်းမှာ သူတို့လုပ်ရင် ဒါကနည်းဥပဒေအရ အကြမ်းဖက်တာမဟုတ်ဘူး ။ ကျန်တဲ့ PDF တွေ မြို့ပြပြောက်ကျားတွေက သူတို့လူတွေကို သတ်ဖြတ်တယ်ဆိုရင်တော့ ဒါ အကြမ်းဖက်တာပေါ့ ဗျာ။ ရွာတွေမီးရှို့တာ၊ ပစ္စည်းတွေသိမ်းတာ၊ ကျွဲနွားတွေ သတ်ဖြတ်စားသောက်တာဟာ ဒါတွေက ဥပဒေနဲ့ မငြိစွန်းဘူး ဆိုတာမျိုးဖြစ်အောင် လုပ်တယ်လို့ ကျနော်တော့ ယူဆပါတယ်”

စစ်ကောင်စီဟာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ တရားသူကြီးအသစ်တွေ ခန့်အပ်တာ၊ တည်ဆဲဥပဒေ တချို့ကို ရပ်ဆိုင်းထားတာ၊ ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းကို အချောသတ်ပြင်ဆင်တာ၊ အမိန့် ပြန်တမ်းတွေ ထုတ်ပြီး ကန့်သတ်တာ စသဖြင့် ဥပဒေကို လိုသလိုအသုံးပြုနိုင်အောင် လုပ်ဆောင်လာတယ်လို့ ရှေ့နေတွေနဲ့ နိုင်ငံရေးသုံးသပ်သူတွေက ပြောကြပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်မင်းကြီးရုံးရဲ့ မတ်လ ၃ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း လူသုံးထောင်နီးပါး အသတ်ခံရပြီး တစ်သောင်းရှစ်ထောင်နီးပါး ဖမ်းဆီးခံခဲ့ရသလို မြို့နယ် ၃၃၀ အနက် ၂၅၅ မြို့နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။