တန့်ဆည်မှာ စစ်ကြောင်းထိုးလို့ နေအိမ် ၈၅၀ မီးရှို့ခံရပြီး အရပ်သား ၂၅၀၀၀ နီးပါး ထွက်ပြေး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်က စက်တင်ဘာ ၉ ရက်ကနေ ၂၉ ရက်အထိ နယ်မြေရှင်းလင်းရေး လုပ်ခဲ့စဉ်အတွင်း ရွာပေါင်း ၂၁ ရွာက နေအိမ် ၈၅၀ မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံနှစ်သောင်းခွဲနီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက RFA ကိုပြောပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းနဲ့ ကြည်းကြောင်းတွေကို သုံးပြီး နယ်မြေရှင်းလင်းရေး လုပ်ခဲ့တာပါ။
အုတ်ဖိုအိုင်ရွာ၊ အောင်ချမ်းသာ၊ ရေဦးကုန်းရွာ၊ အင်းပတ်ရွာ၊ အိုးသည်ကုန်း၊ ပေကုန်းရွာ၊ ဂွေးကုန်း၊ ဘေရင်းရွာသစ်၊ အရှေ့တိုက်ရွာ၊ နဘက်ကြီး၊ နဘက်ငယ်၊ သစ္စေးကုန်း၊တဆယ်ကျေး၊ အင်တောသာ၊ သဲစားအရှေ့ရွာ၊ သဲစားအနောက်ရွာ၊ အင်းနားရွာ၊ ဌက်ပျောတောရွာ၊ သစ်တော်ပေါက်(မ)၊ ကာပေါင်းကျရွာနဲ့ ရွာရှည်မြောက်ရွာ စတဲ့ရွာတွေက နေအိမ် ၈၅၀ မီးလောင်ခဲ့တာပါ။
အဲဒီရွာတွေက အနည်းဆုံးအရပ်သား နှစ်သောင်းခွဲနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အခက်အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင်နေရတယ်လို့ ဒုက္ခသည်တွေကို ကူညီနေတဲ့ တန့်ဆည် အသံအဖွဲ့ (Voice of Taze) က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ဒီမှာ စောင်၊ မိုးကာကတော့ အဓိကလိုတယ်။ အဓိက စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ကတော့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ သွားနေတာ ရှိတယ်။ ဒီမှာ အဆင်ပြေမယ့် နေရာမျိုးပေါ့ ဘုန်းကြီးကျောင်းတွေနဲ့ စုပေါင်းနေလို့ရမယ့် နေရာတွေမှာ ဖြစ်သလို နေရတယ်။ စစ်ကြောင်းနဲ့ ဝေးရင်တော့ တဲထိုးပေးဖို့၊ စစ်ဘေးဒုက္ခသည်စခန်း သဘောမျိုး လုပ်ပေးဖို့ ရှိပါတယ်"
ဒေသခံတချို့ နေရပ်ပြန်တာရှိပေမယ့် စစ်ကောင်စီတပ်တွေ ထောင်ခဲ့တဲ့ မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် အများစု နေရပ်မပြန်နိုင်သေးဘူးလို့ သူကပြောပါတယ်။
နေအိမ် ၄၄ လုံးမီးရှို့ခံခဲ့ရတဲ့ သဲစားအနောက်ရွာ ဒေသခံတစ်ဦးက အိမ်မီးလောင်ခံရ သူတွေဟာ ရွာထဲကိုပြန်မလာတော့ဘဲ တောထဲမှာ တဲထိုးနေတယ်လို့ ပြောပါတယ်။
" ရွာကို မနေ့က တော်တော်များများ ပြန်ဝင်နေကြတယ်။ ဒါပေမဲ့ မီးရှို့ခံရတဲ့ လူတွေကတော့ ကုန်းတော၊ ယာတောဘက်မှာ တဲထိုးနေကြတာ၊ မိုးကာတဲ ထိုးနေတာ၊ အိမ်ကတော့ အကုန်ပြောင် ဘာမှမကျန်ဘူး။ တချို့ကတော့ရွာထဲမှာပဲ တဲထိုး နေကြတယ်၊ တချို့ကတော့ ယာတောမှာပဲ နေကြတယ်"
အုတ်ဖိုအိုင်ရွာက ဒေသခံတစ်ဦးကလည်း သူတို့ရွာမှာ စက်တင်ဘာ ၁၆ ရက်က တိုက်ပွဲဖြစ်ပြီး ဒေသခံအရပ်သားခြောက်ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
"ရွာထဲမှာ ပိတ်မိသွားတဲ့အခါကျတော့ အကုန်မီးရှို့ပြီး သတ်ခံလိုက်ရတာ။ ကာကွယ်ရေးက လေးယောက်ထဲပါ။ ကျန်တာ ခြောက်ယောက်က ပြည်သူတွေ။ ရဲဘော်တွေက အသက် ၂၀ ကျော်၊ ၃၀ ဝန်းကျင်တွေပေါ့။ ပြည်သူကတော့ အရွယ်စုံပဲ။ သင်္ဂြိုဟ်တာကတော့ သူတို့စစ်ကြောင်း ထွက်တာနဲ့ လုပ်ဖြစ်ပါတယ်။ သူတို့ စစ်ကြောင်း ထွက်ပြီး ၁၇ ရက်နေ့မှာပဲ သင်္ဂြိုဟ်လိုက်တာပဲ"
စက်တင်ဘာ ၂၀ ရက်မှာလည်း ဂွေးကုန်းရွာက ဒေသခံအမျိုးသားနှစ်ဦးကို စစ်ကောင်စီ တပ်သားတွေက ထပ်မံသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တန့်ဆည်မြို့နယ် အခြေစိုက် ခမရ (၃၆၇)၊ ဟုမ္မလင်းအခြေစိုက် ခမရ (၃၆၉)၊ မိတ္ထီလာအခြေစိုက် တပ်မ (၉၉) နဲ့ တပ်မ (၉၉) လက်အောက်ခံ ခမရ (၁၁၃)၊ တပ်မ (၃၃) စတဲ့ စစ်ကြောင်းတွေက တန့်ဆည်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး လုပ်ခဲ့တာလို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
နယ်မြေရှင်းလင်းရေးကာလအတွင်း တိုက်ပွဲဆယ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံရှစ်ဦး နဲ့ PDF တပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ စစ်ကောင်စီ တပ်ဘက်ကလည်း အနည်းဆုံး ၄၀ ဦးနီးပါး သေဆုံးခဲ့တယ်လို့ PDF တွေက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။
"မီးရှို့ခံရတဲ့ လူတွေကတော့ ကုန်းတော၊ ယာတောဘက်မှာ တဲထိုးနေကြတာ"
တန့်ဆည်မြို့နယ်က အရပ်သားထိခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီစစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က အောက်တိုဘာလ၁ရက် ဒီကနေ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖြေဆိုဖို့ငြင်းဆန်ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) ရဲ့ စက်တင်ဘာ လဆန်းက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းအတွင်း အရပ်သား ၅၂၈,၃၀၀ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဖော်ပြထားသလို Data For Myanmar အဖွဲ့ကလည်း ဒီနှစ် သြဂုတ်လကုန်အထိ စစ်ကိုင်းတိုင်းအတွင်း နေအိမ် နှစ်သောင်းကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။