စစ်တပ်တိုက်ခိုက်မှု တန့်ဆည် ဒေသခံ လေးဦး ဒဏ်ရာရ၊ တစ်သောင်းကျော် ထွက်ပြေး
2023.09.23

စစ်ကိုင်းတိုင်း တန့်ဆည်မြို့ မှာ စစ်တပ်က နေရာယူထားတဲ့ ဒေါင်းမင်းစက်သုံးဆီ ဆိုင်ဟောင်းနေရာနဲ့ လူဝင်မှုကြီးကြပ်ရေးရုံး (လ.ဝ.က) ကို စက်တင်ဘာလ ၂၂ ရက် မနက် ၁ နာရီ ဝန်းကျင်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက တိုက်ခိုက်သိမ်းယူ ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ် PDF တွေ ခိုလှုံနေတယ်ဆိုတဲ့ သံသယနဲ့ သဲကုန်းရွာကို စက်တင်ဘာလ ၂၂ ရက် ညနေပိုင်းမှာ MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့သလို စက်တင်ဘာလ ၂၃ ရက်မှာ တန့်ဆည်မြို့နယ် တောင်ဘက်ခြမ်း ရွာတွေကို စစ်ကြောင်းထိုးနေပါတယ်။
"စက်သေနတ်ကတော့ အချက်ရေ မရေတွက်နိုင်ဘူး။ တရကြမ်းကို ပစ်တာ"
မိနစ် ၂၀ နီးပါးကြာတဲ့ သဲကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အသက် နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကလေးငယ်ဟာ ဒဏ်ရာပြင်းထန်တဲ့အတွက် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ သဲကုန်းရွာဒေသခံတစ်ဦးက ပြောပါတယ်။
"ထိခိုက်ဒဏ်ရာရတာက လေးဦးဗျ၊ ကလေး သားအမိနှစ်ယောက်၊ ယောက်ကျာ်းလေး တစ်ယောက်၊ မိန်းကလေး တစ်ယောက်ပါမယ်။ ကလေးက ဗိုက်ကိုမှန်ပြီး အူတွေ ထွက်လာတယ်။ ဒီကကျေးလက်ဆရာမက ပတ်တီးစည်းပြီး ဆေးရုံကိုလွှဲလိုက်ရတာပေါ့။ ကလေးရဲ့ မိခင်က ခြေထောက်တွေ၊ လက်တွေ မှန်တာ။ နောက်ထပ် ယောက်ျားလေး တစ်ယောက်က ပေါင်ကိုမှန်တယ်။ နောက်ထပ်မိန်းကလေး တစ်ယောက်က ကျောကို ရှပ်မှန်တယ်။ ဒီမှာ ကျေးလက်ဆရာမနဲ့ ခဏဆေးကုသမှုပေးပြီး ရွှေဘိုဆေးရုံကို တန်းလွှဲတာ။ ရွှေဘိုကနေ အခု မန္တလေးကို လွှဲပေးလိုက်ပြီကြားတယ်"
ဒဏ်ရာရသူတွေဟာ အသက်နှစ်နှစ်အရွယ် မောင်နေသူရိန်ဦးနဲ့ မိခင်ဖြစ်သူ အသက် ၃၁ နှစ်အရွယ် ဒေါ်ဝတ်ရည်အောင်၊ အသက် ၂၂ နှစ်အရွယ် မပြည့်ပြည့်ဝင်းနဲ့ အသက် ၃၅ နှစ်အရွယ် ကိုတရုတ်ကြီး တို့ဖြစ်ပါတယ်။ ဒီအပြင် သဲကုန်းရွာက အိမ် ၁၀ လုံးနီးပါးနဲ့ အိမ်မွေးတိရိစ္ဆာန်တွေလည်း ပျက်စီးခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် သဲကုန်းရွာက အရပ်သားတွေ တောတောင်တွေထဲ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
"လေယာဉ်နဲ့လာတာကျတော့ အနောက်တောင်ကနေ အရှေ့ကိုသွားပြီး အရှေ့ကနေ အနောက်ကိုလှည့်ပစ်တာ။ လက်နက်ကြီးနဲ့ရော၊ စက်သေနတ်နဲ့ရော တအားပစ်တာ။ လက်နက်ကြီးကလည်း အချက်ရေ လေးဆယ်လောက် ရှိမယ်။ စက်သေနတ်ကတော့ အချက်ရေ မရေတွက်နိုင်ဘူး။ တရကြမ်းကို ပစ်တာ။ ဆူပွတ်ခတ်နေတာပဲ၊ တစ်ခါတစ်ခါ လှည့်ပတ်ပစ်ရင်။ ကျွန်တော်တို့ဆို တောထဲ တဲထိုးနေရတာ။ လွတ်အောင် ပုန်းရတာ၊ ခဲရာခဲဆစ်ကို ရှောင်ရတာ"
လက်ရှိမှာ သဲကုန်းရွာက လူဦးရေ ၆၀၀ကျော်၊ အက်တောရွာက လူဦးရေ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စက်တင်ဘာလ ၂၃ ရက် ဒီကနေ့ မနက်မှာလည်း တန့်ဆည်နဲ့ ရေဦးမြို့နယ် အစပ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၁၇ ရွာက ဒေသခံ တစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
တန့်ဆည်မြို့နယ် တောင်ဘက်ခြမ်းက ရွှေတံကျေးရွာ၊ ခပေါင်းကြိုင်ရွာ၊ ချောင်းရိုးရွာ၊ ဖန်းခါးဇင်ရွာ၊ စိမ်းစားရွာ၊ ဒယ်ရောက်ရွာ၊ အောင်သာရွာတွေနဲ့ ရေဦးမြို့နယ် မြောက်ဘက်ခြမ်းက ကန်ပေါက်ရွာ၊ ပန်းကုံးရွာ၊ ဖလံဂုဏ်ရွာ၊ ဗိုလ်ရုံရွာ၊ ဆပ်သေရွာ၊ အင်တောရွာ၊ လှည်းသွင်းရွာ၊ ပုဏ္ဏကားရွာ၊ တူမောင်းရွာနဲ့ ရွာသာယာရွာက ဒေသခံတွေ ထွက်ပြေးနေရတာပါ။
မိုးတွင်းကာလဖြစ်လို့ အခုလို ထွက်ပြေးတိမ်းရှောင်ရတဲ့အခါ အခက်အခဲတွေရှိနေတယ်လို့ တန့်ဆည်မြို့နယ် စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူ တစ်ဦးက ပြောပါတယ်။
"လက်နက်မပါတဲ့ ပြည်သူတွေဆိုတော့ စိုးရိမ်ကြောက်လန့်မှုတွေက တော်တော် များများတော့ ရှိကြပါတယ်။ ပြီးရင် ရှောင်ရတိမ်းရပြီဆို အခုခေတ်ကာလက မိုးတွင်းကာလဖြစ်တော့ လှည်းနွားနဲ့မှ သွားတဲ့သူက သွားရတယ်။ လှည်းနွား မရှိတဲ့သူတွေကျ ခြေလျင်သွားရတယ်။ အဲဒီလို ဒုက္ခမျိုးစုံတွေအပြင် ချောင်းရေရှိတာတို့ လယ်ကွင်းပြင်တွေ ဖြတ်ရတာတို့ သူတို့မှာ တော်တော်လေးကို ခက်ခဲကြတယ်"
စစ်ကောင်စီကတော့ တန့်ဆည်မြို့ပေါ်က စခန်းတွေ တိုက်ခိုက်ခံရတာအပြင် နောက်ဆက်တွဲ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စက်တင်ဘာလ ၂၃ ရက် ဒီကနေ့အထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောခွင့်ရသူ ဦးတင်သန်းဝင်းကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။
စစ်ကောင်စီ အာဘော်ကိုရေးသား ဖြန့်ဝေနေတဲ့ တယ်လီဂရမ်ချန်နယ်က ဖော်ပြချက်တွေ မှာတော့ တန့်ဆည်မြို့ပေါ် တိုက်ခိုက်ခံရမှုမှာ ရဲတပ်ဖွဲ့ဝင် ခြောက်ဦးနဲ့ ပြည်သူ့စစ် လေးဦး သေဆုံးခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေ အရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းမှာ အရပ်သား ရှစ်သိန်းကျော် (၈၁၃၂၀၀) အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။