တောင်ငူထောင်ဖောက်ပြေးမှုနဲ့ ပတ်သက်ပြီး ထောင်အာဏာပိုင်တွေ အရေးယူခံရ
2023.07.18
တောင်ငူအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတချို့ သေနတ်လုပစ်ခတ်ပြီး လွတ်မြောက်သွားတဲ့ ကိစ္စနဲ့ပတ်သက်လို့ တောင်ငူထောင်ပိုင် ဦးကြည်ဦး အပါအဝင် ဝန်ထမ်း ခုနစ်ဦးကို ဇူလိုင်လ ၁၇ ရက်နေ့မှာ ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက RFA ကို အတည်ပြုပြောဆိုပါတယ်။
အကျဉ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဖြစ်တဲ့ ထောင်ပိုင်ဦးကြည်ဦးကို ထောင်သုံးလ၊ ထောင်ဝန်ထမ်းတွေဖြစ်ကြတဲ့ ထောင်မှူး ဦးသန်းထွန်း၊ ထောင်မှူး ဦးထွန်းထွန်းဦး၊ ဒုတပ်ကြပ် သန့်ဇင်ဝင်း၊ ဒုတပ်ကြပ် ဦးတိုး၊ ကိုခန့်စည်သူနဲ့ ကိုဖိုးကောက်တို့ကို ထောင်ခြောက်လစီ ချမှတ်ခဲ့တာပါ။ ထောင်ချပြီးရင် အားလုံးကို ရာထူးကနေ ထုတ်ပယ်လိမ့်မယ်လို့ RFA က ဒီနေ့ ဆက်သွယ်မေးမြန်းခဲ့တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
“သူတို့ ထောင်ပိုင်ကြီးကိုယ်တိုင်က PDF နဲ့ ဆက်သွယ်တယ်ပေါ့နော်၊ အဲဒီလိုစွပ်စွဲတာနဲ့ ခြောက်လချလိုက်တာပေါ့"
ဘယ်ပုဒ်မတွေနဲ့ အရေးယူတယ်ဆိုတာကို အတိအကျ မသိရသေးပေမယ့် သူတို့ ခုနစ်ဦးကို ထောင်တွင်းကနေ တောင်ငူမြို့နယ်တရားရုံးကို ခေါ်ထုတ်ပြီး အမိန့်ချလိုက်တာလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ မနေ့က အမိန့်ချပြီးနောက် သူတို့အားလုံးကို ထောင်ထဲပြန်ခေါ်ထားတယ်လို့ ဆိုပါတယ်။
တောင်ငူအကျဉ်းထောင်မှာ အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူ တစ်ဦးကလည်း ထောင်ဝန်ထမ်းတွေ အမိန့်ချတာ မှန်ကန်ကြောင်းနဲ့ လက်ရှိ တောင်ငူထောင်ထဲမှာ လုံခြုံရေး တင်းကျပ်ထားကြောင်း RFA ကို အတည်ပြု ပြောဆိုပါတယ်။
“သူတို့ ထောင်ပိုင်ကြီးကိုယ်တိုင်က PDF နဲ့ ဆက်သွယ်တယ်ပေါ့နော်။ သူတို့မှာ အချက်အလက်တွေ အများကြီးရတယ်ပေါ့၊ အဲဒီလိုစွပ်စွဲတာနဲ့ ခြောက်လချလိုက်တာပေါ့။ ခြောက်လချပြီးတာနဲ့ အပြီးပဲ သူတို့ ထုတ်လိုက်တော့မှာပေါ့။ ရာထူးကနေ ရပ်ဆိုင်းမှာပေါ့၊ ပြန်ပြီးတော့ တာဝန်ပေး မထမ်းဆောင်တော့ဘူးပေါ့နော်၊ အဲဒီလိုမျိုး သူတို့ဖယ်ထုတ်လိုက်တာပေါ့။ တောင်ငူထောင်မှာ CCTV တွေလည်း အများကြီး ပြန်တပ်ထားတယ်။ မျှော်စင်တွေလည်း အများကြီး ပြန်တိုးချဲ့ပြန်လုပ်ထားတယ်။ ဘန်ကာတွေလည်း အရှေ့မှာ ထားထားတယ်”
တောင်ငူထောင်မှာ လုံခြုံရေးအတွက် စစ်တပ်အင်အားတွေလည်း တိုးချထားတယ်လို့ သူက ပြောပါတယ်။
တောင်ငူထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀ ဦး ၂၀၂၃ ခုနှစ် မေလ ၁၈ ရက် ထောင်တွင်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ် သေနတ်လုထွက်ပြေးပြီး လွတ်မြောက်သွားခဲ့တာပါ။
ပဲခူးတိုင်းထဲကပဲ ဒိုက်ဦးအကျဉ်းထောင်မှာလည်း နိုင်ငံရေးအကျဉ်းသားတွေကို အပြင်က PDF တွေနဲ့ ဆက်သွယ်ဖို့ ကူညီပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ပိုင်ဖြစ်တဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်း အပါအဝင် ထောင်ဝန်ထမ်း ရှစ်ဦး ဇွန်လ နောက်ဆုံးပတ်ကစလို့ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ထောင်ဝန်ထမ်းတွေထဲက အဆောင်မှူး ဗိုလ်လေး မျိုးထိုက်ကတော့ သေဆုံးသွားကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။
ဒီသေဆုံးမှု အပါအဝင် ထောင်ဝန်ထမ်းတွေ အရေးယူခံနေရတဲ့ ကိစ္စနဲ့ပတ်သက်လို့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။
မန္တလေးတိုင်း မြင်းခြံထောင်မှာလည်း အကျဉ်းသားတွေကို ကူညီပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇူလိုင်လ ၄ ရက်နေ့မှာ တပ်ကြပ် နေမျိုသိန်း၊ ဒုတပ်ကြပ်တစ်ဦးနဲ့ ထောင်ဝန်ထမ်းတစ်ဦးတို့ကို အလုပ်ဖြုတ်ပြီး ထောင်ခြောက်လစီ ချမှတ်ထားတယ်လို့ မြင်းခြံအကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ထောင်ပိုင်အဆင့် အပါအဝင် ထောင်ဝန်ထမ်းတွေကို အရေးယူပြတာဟာ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီနေတာတွေ ရပ်တန့်သွားအောင်နဲ့ ပိုဖိနှိပ်ဖို့ လုပ်ဆောင်နေတာလို့ မကြာသေးခင်ကမှ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုညိုထွန်းက ပြောပါတယ်။
“ထောင်ပိုင်တွေကို အရေးယူတာမျိုးက အရင်ကဆိုရင် တာဝန်ကနေ အနားပေးတာမျိုး ဖြစ်ဖြစ် ရာထူးတစ်ဆင့် နှိမ့်လိုက်တာဖြစ်ဖြစ် ဒီလောက်ပဲ ကြုံဖူးတယ်။ အခုက အဲဒီလိုမျိုး မဟုတ်ဘဲနဲ့ ထောင်ချလိုက်တယ်ဆိုတဲ့ အခြေအနေမျိုးက ပိုပြီးတော့ သူတို့အနေနဲ့ ဗျူရိုကရေစီယန္တရားပေါ့ဗျာ အထက်ကို ဖိလိုက်မယ်ဆိုရင် အထက်ကနေ အောက်ကိုဖိ၊ အောက်ကနေ အောက်ကိုပြန်ဖိ အဲဒီလိုမျိုး အဆင့်ဆင့် ဖိနှိပ်မှုမျိုးနဲ့ လုပ်ဆောင်ပြလိုက်တာပေါ့။ အဲဒီလို လုပ်ဆောင်ပြလိုက်ခြင်းအားဖြင့် တခြား အကျဉ်းထောင်တွေမှာရှိနေတဲ့ အကျဉ်းထောင်ဝန်ထမ်းတွေ၊ ထောင်ပိုင်တွေကလည်း ပိုပြီးတော့ တင်းကျပ်တဲ့ စည်းကမ်းတွေ ပိုပြီးတော့ တင်းကျပ်တဲ့ နည်းလမ်းတွေနဲ့ ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက်ပြီးတော့ ဖိနှိပ်မယ် ဆိုတဲ့ ဟာမျိုးမြင်ရတယ်”
မေလ ၁၈ ရက် တောင်ငူထောင်ဖြစ်ရပ်အပြီး ၂၀၂၃ ခုနှစ် မေလနဲ့ ဇွန်လအတွင်း မြင်းခြံထောင်၊ ဒိုက်ဦးထောင်နဲ့ သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်စစ်ဆေးခံရလို့ တချို့ သေဆုံးခဲ့သလို၊ တချို့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေ ဖြစ်ခဲ့ပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်မှာလည်း ဇန်နဝါရီလကဖြစ်ပျက်ခဲ့တဲ့ ထောင်တွင်းအဓိကရုဏ်းမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံရေးအကျဉ်းသား ၆၂ ဦးကို ဇူလိုင်လ ၆ ရက်နေ့မှာ ထောင်သုံးနှစ်စီ ထပ်တိုးအမိန့်တွေချခဲ့ပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းအရ ၂၀၂၃ ခုနှစ်၊ မေလနဲ့ ဇွန်လအတွင်း ထောင်ပြောင်းစဉ် ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးရတယ်ဆိုတဲ့ အကြောင်းပြချက် အပါအဝင် စစ်ဆေးမေးမြန်းချိန် နှိပ်စက်ညှဉ်းပန်းမှုနဲ့ တခြားအကြောင်းတွေကြောင့် သေဆုံးရတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်ဟာ ဒိုက်ဦးထောင်က ဆယ်ဦး၊ မြင်းခြံထောင်က နှစ်ဦး၊ သာယာဝတီထောင်က တစ်ဦးနဲ့ စစ်ကြောရေး စခန်းက နှစ်ဦး စုစုပေါင်း ၁၅ ဦး ရှိနေပါပြီ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက် ဒီနေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ အကျဉ်းချခံထားရသူ ၁၉,၅၁၃ ဦးရှိပြီး အဲဒီအထဲက ၆,၈၅၃ ဦးက ထောင်မိန့်တွေ ချမှတ်ခံထားရပါတယ်။