ဒေါ်လာကန့်သတ်ချက် မူဝါဒကြောင့် တရုတ်နယ်စပ်ကုန်သည်တွေ အခက်တွေ့

2022.07.22
ဒေါ်လာကန့်သတ်ချက် မူဝါဒကြောင့် တရုတ်နယ်စပ်ကုန်သည်တွေ အခက်တွေ့ မြန်မာ - တရုတ်နယ်စပ် ကျင်စန်းကျော့ဂိတ်ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်
Photo: Zaw Min

ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲ စတဲ့ သီးနှံတွေကို တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရာမှာ တရုတ်ယွမ်အစား အမေရိကန်ဒေါ်လာကို အစားထိုးအသုံးပြုဖို့ စစ်ကောင်စီရဲ့ ကုန်သွယ်ရေးဌာနက ဇူလိုင် ၁၄ ရက်နေ့မှာ နယ်စပ်ကုန်သည်တွေကို ညွှန်ကြားခဲ့တာပါ။

ကုန်သည်တွေအနေနဲ့ ပို့ကုန်ရငွေကို ကြိုတင်ငွေပေးချေတဲ့စနစ်ကို ကျင့်သုံးဖို့နဲ့ ငွေလွှဲဝင်မှ လိုင်စင် ထုတ်ပေးရမယ်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် ဒေါ်လာမရှိတဲ့ ကုန်သည်တွေ လိုင်စင်မလုပ်နိုင်တဲ့အတွက် မူဆယ်နယ်စပ်မှာ တရုတ်ကိုပို့မယ့် ပဲ၊ နှမ်း၊ မြေပဲတင်တဲ့ ကုန်ကားတွေ ရာနဲ့ချီ ပိတ်မိနေတယ်လို့ မူဆယ်နယ်စပ် ပဲ၊ ပြောင်း၊ နှမ်း ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးလှမောင်က ပြောပါတယ်။

“အခုက လိုင်စင်မလုပ်နိုင်ဘူး ပိုက်ဆံမသွင်းနိုင်ဘူးလေ။ တရုတ်ပြည်ထဲကို မဝင်နိုင်ဘူး ဖြစ်နေတာ ကားအစီး ၁၅၀ လောက်ရှိမယ်ထင်တယ်။ နှမ်းနဲ့ ပဲတွေပဲ ကျန်တဲ့ မြေပဲဆန် တွေလည်း ပါတယ်။ တရုတ်ပြည်ကနေ သွင်းလို့ မရဘူးလေ၊ ဒေါ်လာက စင်ကာပူတို့၊ ရန်ကုန်ကနေ ဝယ်သွင်းရမှာ။ ဝယ်ဖို့လည်း အခက်အခဲရှိတယ်။ ဝယ်ပြီးသွင်းတော့လည်း အများကြီး ရှုံးတာကော”

ပို့ကုန်ရငွေတွေကို ဗဟိုဘဏ်ပေါက်ဈေး ကျပ် ၁၈၅၀ နဲ့ သွင်းရတာဖြစ်ပြီး လက်ရှိမှာ ပြင်ပပေါက်ဈေးက အမေရိကန် တစ်ဒေါ်လာ မြန်မာကျပ်ငွေ ၂၄၀၀ လောက် ရှိနေတာ ကြောင့် ပို့ကုန်လိုင်စင်လျှောက်ဖို့ ဒေါ်လာဝယ်ရာမှာ ငွေကြေးကွာဟချက်ကြောင့် ကုန်သည်တွေ အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ နယ်စပ်ကုန်သည်အချို့က ပြောပါတယ်။

ကုန်သည်တွေအနေနဲ့ လက်ထဲရှိတဲ့ ကုန်ပစ္စည်းတွေကို တရုတ်နိုင်ငံထဲ တင်ပို့နိုင်ရေး အတွက် ဒေါ်လာကို အရှုံးခံဝယ်ပြီး လိုင်စင်လျှောက်ရတာကြောင့် အရှုံးခံပြီး အရင်းထပ်ဖြည့်ရသလို ဖြစ်နေတဲ့အတွက် ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲကုန်သည်ကြီးတွေ အများစုက အလုပ် မလုပ်ကြတော့တဲ့ အခြေအနေရှိတယ်လို့ မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးကျော်သွင်က ပြောပါတယ်။

“ဒီပစ္စည်း ကိုယ့်ဟာ ပြန်ရောက်လာမှ လိုင်စင်ချပေးမှာကိုး။ အဲတော့ အရင်းက သုံးရင်း လောက်ကို ဖြစ်သွားတာ။ ဒေါ်လာ လွယ်လွယ်ကူကူ ဝယ်လို့မရတာကလည်း အတော်လေး ဒုက္ခရောက်ကြတော့ ကုန်တင်ပို့မှုကလည်း နည်းသွားတယ် အတော်လေး။ ကြားအညှပ်မခံချင် ကြဘူးပေါ့ဗျာ ဟုတ်တယ် မဟုတ်လား၊ နိုင်ငံတော်က တိကျတဲ့ ဥပဒေတစ်ခုထွက်လာရင် ကိုက်ရင်လည်းလုပ်မယ်၊ မကိုက်တော့လည်း ထိုင်နေရုံပဲ။ တကယ့် လက်ကြီးသမားတွေဆိုရင် အခုဘာမှ သိပ်မလုပ်ကြတော့ဘူး။ ဒီအချိန်မှာ တင်လိုက်လို့ ကားက လမ်းမှာကြာနေရင်လည်း အဆင်မပြေဘူး။ ကားသမားအတွက် ရက်သတ်မှတ်ချက်နဲ့ ပေးရမှာက ရှိသေးတာ”

ပဲတီစိမ်းအများဆုံးတင်ပို့တဲ့ ချင်းရွှေဟော်နယ်စပ်မှာဆိုရင်လည်း ဒေါ်လာဝယ်ယူနိုင်ဖို့ အခက်အခဲကြောင့် ပဲ၊ ပြောင်း၊ နှမ်း၊ ကုန်သည်တွေအနေနဲ့ လုပ်ငန်းတွေ ခေတ္တရပ်ထားပြီး အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ ချင်းရွှေဟော်နယ်စပ်ကုန်သည်အချို့က ပြောပါတယ်။

"ဒေါ်လာ လွယ်လွယ်ကူကူ ဝယ်လို့မရတာကလည်း အတော်လေး ဒုက္ခရောက်ကြတော့ ကုန်တင်ပို့မှုကလည်း နည်းသွားတယ်"

လက်ရှိ ချင်းရွှေဟော်နယ်စပ်ဂိတ်မှာဆိုရင် ယွမ်နဲ့ ငွေပေးချေလို့ရတဲ့ ကုန်ပစ္စည်း အနည်းငယ်သာ တရုတ်ကို တင်ပို့နေကြပြီး မူဆယ်နယ်စပ်မှာဆိုရင်လည်း ဆန်၊ ဆန်ကွဲ၊ ရေထွက်ကုန် စတဲ့ ယွမ်နဲ့ ပေးလို့ရတဲ့ ကုန်တွေသာ တရုတ်ထဲ ပုံမှန်ဝင်နိုင်ပြီး ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံသမားတွေ ကတော့ အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ မူဆယ် နယ်စပ် ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။

“ဆန်နဲ့ ဆန်ကွဲကတော့ အမေရိကန်ဒေါ်လာနဲ့ ဆောင်စရာမလိုဘူး။ ဆန်သမားတွေ ကတော့ ကြီးကြီးမားမား မထိခိုက်ဘူး။ ပဲတို့၊ ပြောင်းတို့၊ နှမ်းတို့ကတော့ လောလောဆယ် မဝင်ဘူး၊ ခဏလေး စောင့်ကြည့်နေကြတယ်။ နယ်စပ်ဒေသမှာ ဒီကနေ့ဆိုရင် ဆန်ကားတွေ၊ ဆန်ကွဲကားတွေ၊ ဆီးသီးခြောက်တို့၊ ကွမ်းသီးခြောက်၊ ကွမ်းသီးခွံတို့၊ ငါးရှဉ့်တို့၊ ကဏန်းတို့၊ သတ္တုတို့ ဒီပစ္စည်းတွေကတော့ တစ်ရက်ကို လေးဆယ်၊ ငါးဆယ်၊ ခြောက်ဆယ်လောက်တော့ ဝင်တယ်၊ ပဲမျိုးစုံနဲ့ ဆီထွက် သီးနှံကျတော့ အမေရိကန်ဒေါ်လာနဲ့ သွားရမယ်ဆိုတော့ လေလောဆယ် စောင့်ကြည့်နေကြတယ်”

တရုတ်ကို ပို့ကုန်တင်ပို့တာမှာ ပြောင်းတစ်တန်ကို ဒေါ်လာ ၃၆၀ နဲ့ အရောင်းအဝယ်လုပ်ဖို့ ပဲတီစိမ်း၊ နှမ်း၊ မြေပဲ တွေကိုလည်း မြန်မာဘက်က ဈေးနှုန်းသတ်မှတ်ရေးအဖွဲ့ ညွှန်ကြားချက် အရ တင်ပို့ရတာလို့ ဆိုပါတယ်။

china-border-trade
တရုတ်-မြန်မာနယ်စပ် ချင်းရွှေဟော်ဂိတ်မှ သွားလာနေကြသည့် ကုန်ကားများကို ၂၀၂၀ ခုနှစ် ဧပြီလက တွေ့ရစဉ် (Photo: RFA)

ဒီလိုသတ်မှတ်ချက်တွေကြောင့် တရုတ်ကုန်သည်တွေနဲ့ အရောင်းအဝယ်ပြုလုပ်တာမှာ ငွေကြေးကွာဟမှုတွေ ရှိသလို တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြား မတူညီတဲ့ ပို့ကုန်သွင်းကုန် မူဝါဒကြောင့် ရေရှည်မှာ ကုန်သည်တွေ အတွက် အဆင်မပြေနိုင်ဘူးလို့ မန္တလေးတိုင်းဒေသကြီး ငါးရှဉ့်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတိုင်းကျော်က ပြောပါတယ်။

“ကျနော်တို့ မြန်မာပြည်က လက်ရှိမူဝါဒတွေအရဆိုရင် ပို့ကုန်တန်ဖိုး လေးထောင်ဆိုရင် လေးထောင်နဲ့ ညီမျှတဲ့ ဒေါ်လာပြန်ဝင်ရမယ်။ ဒါမှမဟုတ် လေးထောင်နဲ့ ညီမျှတဲ့ ယွမ်ငွေ ပြန်ဝင်ရမယ်။ တရုတ်မှာကျတော့ သူတို့ အင်ပို့အတွက် တရားဝင် ပြန်လွှဲခွင့် ပြုတဲ့ ငွေက ဒေါ်လာနှစ်ထောင်ပဲ လွှဲရမယ်ပေါ့နော်။ အဲဒါလေးတွေ ပြဿနာလေးတွေ တော်တော်လေး တက်လာနိုင်တယ်။ အခုလည်း ကျနော်တို့ ရေထွက်တွေတော့ ပို့တော့ ပို့နေကြတယ်၊ ဒါပေမဲ့ ငွေပြန်ဝင်မယ့်ကိစ္စမှာ အဲဒီပြဿနာလေးတွေရှိတယ်။ ကျနော်တို့က ဆယ်သိန်းဖိုး ပို့လိုက်လို့ ဟိုဘက်က ဆယ်သိန်းဖိုး ပြန်ပို့ခွင့်မရှိတာမျိုးပေါ့။ ဟိုဘက်က သူတို့ အင်ပို့ဈေးနှုန်း၊ ဒီဘက်က ကျနော့်ဘက်က ဈေးနှုန်းသတ်မှတ်ရေး အဖွဲ့က သတ်မှတ်တဲ့ ဈေးနှုန်းပေါ့။ အဲလိုလေးတွေ ရှိတော့ ဈေးနှုန်းကွာခြားမှုတွေ ရှိတော့ ရေရှည်မှာ ပြဿနာလေးတွေ တက်နိုင်တယ်”

နယ်စပ်ကုန်သွယ်ရေးမှာ ဒီလိုမူဝါဒတွေ မကြာခဏ ပြောင်းလဲနေတာကြောင့် ကုန်သည်တွေ အတွက် များစွာ ထိခိုက်မှုရှိလာသလို ဒီရိုက်ခတ်မှုဟာ ရေရှည်မှာ အောက်ခြေတောင်သူတွေ အထိ ခံစားရနိုင်တယ်လို့ နယ်စပ် ကုန်သည်အချို့က ဆိုပါတယ်။

ဒါ့အပြင် ဒေါ်လာအသုံးပြုဖို့ သတ်မှတ်တဲ့အတွက် ကုန်သည်တွေအခက်တွေ့ပြီး လုပ်ငန်း ရပ်ဆိုင်းလိုက်ရင် ပြည်ပပို့ကုန်ရငွေ လျော့နည်းလာမှာဖြစ်ပြီး ကုန်သွယ်ရေးမှာ ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ ကုန်သည်တွေက သုံးသပ်ကြပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စီးပွားကူးသန်းဌာနကို RFA က မေးမြန်းတာ မှာတော့ လက်ရှိ နိုင်ငံခြားသုံးငွေ မူဝါဒနဲ့ အညီ ကုန်ပစ္စည်းတင်ပို့ တင်သွင်းမှုကို ထိန်းကျောင်းနိုင်ဖို့ ဆောင်ရွက်တာမှာ နိုင်ငံလိုအပ်ချက်အရ ပဲ၊ ပြောင်းနဲ့ ဆီထွက်သီးနှံ တင်ပို့မှုကို အမေရိကန်ဒေါ်လာနဲ့ တင်ပို့ရေးအတွက် ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ပြန်လည်ဖြေဆိုပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အခုရက်ပိုင်းထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံရဲ့ စီပွားရေးဟာ ပြိုလဲမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပြီး အဲဒီထဲမှာ စစ်ကောင်စီက လတ်တလော ထုတ်ပြန်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ဝန်ပိစေတဲ့ မူဝါဒတွေဖြစ်တဲ့ ကုန်သွယ်လိုင်စင် ကန့်သတ်ချက်၊ နိုင်ငံခြားငွေလဲမှုကိန်းရှင်ထားတာကို ဖျက်သိမ်းလိုက်တာ အပြင် နိုင်ငံခြားငွေကို မြန်ကျပ်ငွေနဲ့ လဲဖို့ စည်းကမ်းသတ်မှတ်ချက်တွေကြောင့် ပြည်ပပို့ကုန်နဲ့ သွင်းကုန်သမား တွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပါရှိပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။