ဒီပဲယင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ခြောက်ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ
2024.05.12

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တောင်ပိုင်း မကြီးအုပ်ရွာကို မေလ ၁၁ ရက်နေ့ နေ့လယ် ၃ နာရီခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ပစ်ခတ်၊ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ နှစ်ဦးနဲ့ ကာကွယ်ရေးအဖွဲ့ဝင် လေးဦး သေဆုံးပြီး နှစ်ဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ပေါင် ၅၀၀ ဗုံးနဲ့ လေးကြိမ်ကြဲခဲ့သလို စက်သေနတ်နဲ့ပါ ပစ်ခဲ့တာကြောင့် အသက်ရှစ်နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ဒေသခံ ၂၃ ဦး ဒဏ်ရာရခဲ့ပြီး အမျိုးသား ခုနစ်ဦးက အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
"ပေါင် ၅၀၀ ဗုံး လေးလုံးကြဲချပြီးတော့ ရွာထဲကလူတွေ ထွက်ပြေးကြတော့ လေယာဉ်နဲ့ကို လိုက်ပစ်သေးတာဗျ"
မထင်မှတ်ထားတဲ့အချိန်မှာ ရုတ်တရက်တိုက်ခိုက်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မကြီးအုပ်ရွာခံ တစ်ဦးက RFA ကို ပြောပါတယ်။
“မထင်ထားတဲ့အချိန် ဒီအတိုင်းပဲရောက်လာပြီးတော့ တောက်လျှောက်ကြဲချ၊ တောက်လျှောက်ပစ်ခတ်ပြီးတော့ တောက်လျှောက်ပဲ ပြန်ပြီးခေါက်သွားတာ။ ဘာမှကို ကြိုတင်ပြီးတော့ မသိလိုက်ရဘူး။ ချက်ချင်းကြီးကို ကောက်ဖြစ်သွားတာ။ ပေါင် ၅၀၀ ဗုံး လေးလုံးကြဲချပြီးတော့ ရွာထဲကလူတွေ ထွက်ပြေးကြတော့ လေယာဉ်နဲ့ကို လိုက်ပစ်သေးတာဗျ"
လက်ရှိအချိန်အထိ မတည်ငြိမ်သေးတာကြောင့် သေဆုံးခဲ့သူတွေကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ဒဏ်ရာရသူတွေထဲမှာ အသက်ရှစ်နှစ်အရွယ် ကလေးနဲ့ အမျိုးသမီးအချို့ပါဝင်ပြီး ဘေးလွတ်ရာရွာတွေက ဆေးခန်းတွေမှာ ဆေးကုသပေးနေရတယ်လို့ ဆိုပါတယ်။
ဗုံးကြဲခံရတဲ့ စာသင်ကျောင်းနားမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွင့်လှစ်ထားတဲ့ ဆေးပေးခန်းတွေရှိနေပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ထွက်သွားလာနေတာကို သတင်းအတိကျရပြီး လာရောက်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
သတင်းပေး (ဒလန်) တွေရဲ့ မဟုတ်မမှန်သတင်းပေးမှုကြောင့် အခုလို တိုက်ခိုက်ခံခဲ့ရတာလို့ People's Defense Comrade အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က RFA ကို ပြောပါတယ်။
“အတွင်းဒလန် သတင်းပေးတာကြောင့် ဘယ်လိုပြောရမလဲ အကြမ်းဖက်စစ်ကောင်စီရဲ့ ချန်နယ်တွေမှာလည်း တော်တော်များများ တွေ့ရတယ်။ သင်တန်းပေးနေတယ်။ အစည်းအဝေး လုပ်နေတယ်ဆိုပြီး။ အခုနောက်ပိုင်း ရွာတွေမှာဆို သာရေးနာရေးအတွက် အစည်းအဝေးလုပ်တာလေးကအစ လော်ဘီတွေ၊ အတွင်းဒလန်တွေက ချဲ့ကားပြီး သတင်းပေးတာတွေရှိလို့ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ အမြဲတမ်း ပြုလုပ်လာတယ်ဗျာ"
နေအိမ်လေးဆယ်ခန့်သာရှိတဲ့ မကြီးအုပ်ရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့တာမရှိသလို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာလည်း မရှိဘူးလို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကြီးဖြိုး ပြည်သူတွေအနေနဲ့ လေကြောင်းရန်ကို သတိထားဖို့ လိုအပ်တယ်လို့ RFA ကို ပြောပါတယ်။
"တော်လှန်ရေးအင်အားစုတွေ ရှိနေပါတယ်၊ စာသင်ကျောင်းထဲမှာ၊ ဘုန်းကြီးကျောင်းထဲမှာ ဒီလိုဆင်ခြင်သုံးသပ်မှု မရှိဘဲနဲ့ တိုက်ခိုက်တာမျိုးတွေက မြန်မာနိုင်ငံအနှံ့အပြားမှာ တော်တော်များများ ဖြစ်လာတယ်။ ပြည်သူတွေအနေနဲ့ ဒီဝေဟင်သတင်းတွေ နားစွင့်ဖို့၊ သတိဝိရိယနဲ့နေဖို့ လိုမယ်ဗျ"
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင် ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။
မေလ ၁၁ ရက်နေ့မှာပဲ မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန် ဘုန်းကြီးကျောင်းထဲဝင်ပုန်းနေတဲ့ ဒေသခံ သုံးဆယ်ကျော်ကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။