နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းမှုကြောင့် ကုန်သည်တွေ အခက်ကြုံနေ
2024.04.29
မြန်မာနဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် အစရှိတဲ့ အိမ်နီးချင်း နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ရပ်ဆိုင်းနေတာကြောင့် အခက်ကြုံနေရတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ နယ်စပ်ကုန်သွယ်ရေး စခန်း ၁၇ ခုရှိတာပါ။ အဲဒီအထဲက ခြောက်ခုကို တိုင်းရင်းသားလက်နက်ကိုင် (EAOs) တွေနဲ့ တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်ထားသလို စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ကျန်စခန်း ၁၁ ခု ထဲက သုံးခုကလည်း တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေး ရပ်ဆိုင်းနေတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ ဧပြီလ ၁၃ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ မြဝတီမြို့မှာလည်း ကုန်သွယ်မှု ရပ်ဆိုင်းနေဆဲဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထိုင်းနယ်စပ်ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။
“ကုန်သွယ်ရေး အခြေအနေက အခုလက်ရှိမြန်မာဘက်ခြမ်းကပဲ ပိတ်ထားတာ။ ထိုင်းဘက်ကတော့ ဘာမှမဖြစ်ဘူးပေါ့။ မြန်မာဘက်က ပိတ်ထားတော့ ဘာမှလုပ်လို့မရဘူး။ နောက်ပြီးတော့ ဒီအကောက်အခွန်ပိုင်းနဲ့ စီးပွားကူးသန်းနဲ့ နောက် မြန်မာ့စီးပွားရေးဘဏ်နဲ့ အဲဒီသုံးခုကလည်း အလုပ်လုပ်လို့ မရသေးဘူး။ တစ်ဌာနကို တစ်ဌာန ဘောလီဘော ပုတ်နေတုန်းပဲ အဲဒီလို ဖြစ်နေတယ်”
ISP-Myanmar ရဲ့ ဧပြီလ ၁၃ ရက်နေ့ ဖော်ပြချက်အရ မြဝတီစခန်းဟာ နေ့စဥ် ကုန်သွယ်မှု ပျှမ်းမျှတန်ဖိုး ဒေါ်လာ ငါးသန်းခွဲ ရှိပါတယ်။
“နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ရပ်ဆိုင်းနေတာကြောင့် ကုန်သည်တွေ ထိခိုက်မှုရှိနေပါတယ်”
ထိုင်း-မြန်မာနယ်စပ် မြဝတီ၊ ကော့သောင်း၊ တာချီလိတ်၊ မြိတ်၊ ထီးခီး၊ မောတောင်နဲ့ မယ်စဲ့ စတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း ခုနစ်ခုရှိတဲ့အထဲက တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ မြဝတီနဲ့ မယ်စဲ့မှာ ကုန်သွယ်ရေး ရပ်ဆိုင်းနေပြီး ကျန်တဲ့နယ်စပ်ဂိတ်တွေကိုတော့ စစ်ကောင်စီက ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် မြဝတီ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းခဲ့ရပြီးနောက် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး နည်းလမ်းသစ်တစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံ ရနောင်းမြိုနဲ့ ရန်ကုန်ကို ကွန်တိန်နာစနစ်နဲ့ ကုန်သွယ်ခွင့်ပြုမယ်လို့ စစ်ကောင်စီရဲ့ စီးပွားကူးသန်း ဝန်ကြီးဌာနကတော့ ဧပြီလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်း ငါးခုထဲက အဓိကစခန်းတွေဖြစ်တဲ့ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်ကိုတော့ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့က ၂၀၂၃ ခုနှစ် နှစ်ကုန်းပိုင်းက စတင်သိမ်းယူခဲ့ပြီး ကုန်သွယ်မှု ရပ်ဆိုင်းခဲ့ပါတယ်။
လက်ရှိအချိန်ထိ တရုတ်-မြန်မာ အဓိက နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ရပ်ဆိုင်းနေတာကြောင့် ကုန်သည်တွေ ထိခိုက်မှုရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရုတ်နယ်စပ် သစ်သီးဝလံ ကုန်သည်တစ်ဦးက ပြောပါတယ်။
“တော်တော်များများတော့ ထိခိုက်တယ်ဗျ။ ကုန်သည်အားလုံးပေါ့နော်။ သွင်းကုန်ရော၊ ပို့ကုန်ရောပေါ့နော်။ ကျွန်တော်တို့ သစ်သီးဝလံကဏ္ဍကို ပြောမယ်ဆိုရင် သစ်သီးဝလံကဏ္ဍက တရုတ်ပြည်ကို ကိုးဆယ်ရာခိုင်နှုန်းခန့်ရောင်းရတာကို။ ကျွန်တော်တို့ တင်ပို့တဲ့ သစ်သီးဝလံအကုန်လုံးက အဲဒီအပေါက် (မူဆယ်ဂိတ်) က အများဆုံးသွားတာ။ အဲဒီလိုမျိုးဆိုတော့ ကျွန်တော်တို့ သစ်သီးဝလံကဏ္ဍကတော့ ထိခိုက်တယ်။ ပြီးရင်တော့ ရေထွက်ကုန်သမားတွေ။ ရေထွက်ကုန်လည်း အဲဒီကနေ သွားတာ။ ဂဏန်းပျော့တို့ ဘာတို့ အဲဒါတွေလည်း သွားကြတာကို”
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်း သုံးခုရဲ့ နေ့စဥ် ကုန်သွယ်မှု ပျှမ်းမျှတန်ဖိုးဟာ ချင်းရွှေဟော်စခန်းမှာ ဒေါ်လာ တစ်သန်းကျော်၊ မူဆယ်မှာ ဒေါ်လာ ခြောက်သန်းခွဲနဲ့ လွယ်ဂျယ်မှာ ဒေါ်လာ သုံးသိန်းခွဲရှိကြောင်း ISP- Myanmar ရဲ့ ဧပြီလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တရုတ်နယ်စပ်ဂိတ်စခန်း ငါးခုထဲက ကျန်ရှိတဲ့ ကန်ပိုက်တီစခန်းနဲ့ ကျိုင်းတုံစခန်းတို့ရဲ့ နေ့စဥ် ကုန်သွယ်မှု ပျမ်းမျှတန်ဖိုးတွေကတော့ ဒေါ်လာ လေးသိန်းခွဲနဲ့ ဒေါ်လာ တစ်သိန်းခန့် အသီးသီးရှိကြပြီး အဲဒီစခန်းနှစ်ခုကိုတော့ စစ်ကောင်စီက ထိန်းချုပ်ထားဆဲလို့ ဆိုပါတယ်။
တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ကို KIA က ထိန်းချုပ်ပြီးနောက် နယ်စပ်ကုန်သွယ်ရေးတွေ ပြတ်တောက်နေတာကြောင့် တာချီလိတ်၊ ကျိုင်းလပ်-ဝမ်ပုံ၊ ရနောင်း-ကော့သောင်း-ရန်ကုန်၊ မြိတ် စတဲ့ ကုန်သွယ်ရေးစခန်းတွေကနေ ပြောင်းလဲကုန်သွယ်ခွင့်ပြုတဲ့အကြောင်း စစ်ကောင်စီရဲ့ စီးပွားကူးသန်းဝန်ကြီးဌာနက ဧပြီလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အလားတူ ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ် တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် စစ်တွေနဲ့မောင်တော ကုန်သွယ်ရေးစခန်းတွေမှာလည်း ကုန်သွယ်မှု ရပ်ဆိုင်းနေတာကြောင့် ကုန်စျေးနှုန်းတက်မှုနဲ့ ကုန်ပစ္စည်းရှားပါးမှုဒဏ်ကို ပြည်သူတွေ ခံစားနေရတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။
“ရခိုင်နဲ့နယ်စပ်ကုန်သွယ်ရေးကတော့လေ အားလုံးက ရပ်နေတယ်။ အနေအထားမျိုးမှာပဲ ရှိတယ်ပေါ့နော်။ အားလုံးရပ်နေတယ်။ အလုပ်လုပ်လို့မရတဲ့ အခြေအနေတွေပေါ့လေ။ အဓိက ဒီအခြေခံက ဘာလဲဆိုရင် နယ်စပ်ကုန်သွယ်ရေးရဲ့ အခြေခံဂိတ်ပေါက်တွေဖြစ်တဲ့ စစ်တွေတို့၊ မောင်တောတို့ဆိုတာက အားလုံး လတ်တလောမှာ လုံခြုံရေးအရ ပိတ်ဆို့ခံထားရတဲ့ အခြေအနေရှိတယ်ဆိုတော့ အထွက်လည်းမရှိဘူး အဝင်လည်း မရှိဘူး။ ဒီအနေအထားတစ်ရပ် ရောက်နေတာပေါ့နော်။ အဲဒီတော့ တစ်ဖက်မှာလည်း ကုန်စျေးနှုန်း စျေးတက်မှုနဲ့ ကုန်ပစ္စည်း ရှားပါးမှုဒဏ်ကို ပြည်သူလူထုက တော်တော်လေး ခံနေရတယ်လို့ ပြောလို့ရတာပေါ့”
နေ့စဥ် ကုန်သွယ်မှု ပျမ်းမျှတန်ဖိုး ဒေါ်လာ သုံးသိန်းခွဲရှိတဲ့ စစ်တွေစခန်းနဲ့ ဒေါ်လာ လေးသောင်းနီးပါးရှိတဲ့ မောင်တောစခန်းတွေကို စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်ပေမယ့် တိုက်ပွဲတွေကြောင့် မတ်လဆန်းကစလို့ ကုန်သွယ်မှု ရပ်ဆိုင်းနေတာဖြစ်ပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်မှာတော့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့က ချင်းအမျိုးသား တပ်မတော် (CNA) က ထိန်းချုပ်လိုက်တဲ့ ရိဒ်ကုန်သွယ်ရေးစခန်းဟာ နေ့စဥ် ပျှမ်းမျှကုန်သွယ်မှုတန်ဖိုး ဒေါ်လာ နှစ်သိန်းရှိပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလထဲက ကုန်သွယ်မှု ရပ်ဆိုင်းနေခဲ့တာပါ။
နေ့စဥ် ပျှမ်းမျှကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သုံးသောင်းနီးပါးရှိတဲ့ နောက်ထပ် အိန္ဒိယ-မြန်မာနယ်စပ် တမူးစခန်းကိုတော့ စစ်ကောင်စီက ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။
အိန္ဒိယ နယ်စပ်ကုန်သည် တစ်ဦးကတော့ တမူးစခန်းမှာလည်း ကုန်စည်စီးဆင်းမှု သိပ်မရှိတော့ဘူးလို့ RFA ကို ပြောပါတယ်။
“အခက်အခဲကတော့ အများကြီးပါပဲ။ အိန္ဒိယကနေ ကုန်စည်စီးဆင်းမှုကလည်း သိပ်မရှိဘူးပေါ့နော်။ အိန္ဒိယ ပစ္စည်းတွေလည်း တမူးဘက်ကိုရောက်တာ နည်းတယ်။ တမူးဘက်ကနေ သွားတာလည်း အဓိကကတော့ ကွမ်းသီးခြောက်တွေတော့ အဓိကသွားတာ တွေ့ရတယ်။ တခြားကုန်စည်တွေကတော့ အရင်ကလို တင်သွင်းမှုကတော့ အားနည်းနေသေးတယ်”
အိန္ဒိယ-မြန်မာနယ်စပ် အမှတ် (၂) ကုန်သွယ်ရေး လမ်းကြောင်းပေါ်က ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ရိဒ်-ဇိုခေါ်ထာရ် ဂိတ်တံတား ဖြတ်သန်းသွားလာခွင့်ကိုလည်း မေလ ၁ ရက်နေ့ကစပြီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်တော့မယ်လို့ အိန္ဒိယအာဏာပိုင်တွေကလည်း အသိပေးထားပါတယ်။
လက်ရှိအချိန်မှာ နယ်စပ်ကုန်သွယ်ရေး အခက်တွေ့နေတာကြောင့် လုပ်ငန်းငယ်တွေ ထိခိုက်မှုများတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) အဖွဲ့ဝင်လည်းဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။
“လက်ရှိအခြေအနေကတော့ ကုန်သွယ်မှုကတော့လေ မရှိရှိတဲ့လမ်းကြောင်းကိုရှာပြီးတော့ သွားမှာပဲပေါ့နော်။ လုပ်ငန်းအငယ်တွေ အသေးစားတွေအပေါ်မှာတော့ ထိခိုက်မှု များတာပေါ့နော်။ နယ်စပ်ကုန်သွယ်မှုက အခက်အခဲဖြစ်နေတဲ့ အနေအထားဖြစ်တာပေါ့နော်။ ဒီအပေါ်မှာလည်း သက်ဆိုင်သူအားလုံးက နားလည်မှုရှိရှိနဲ့ ပူးပေါင်းညှိနှိုင်းပြီးတော့ ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ ပြန်ပြီးဆောင်ရွက်လို့ရမယ့် အနေအထားဖြစ်တာပေါ့”
နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်နေတာကြောင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးကို အဓိက လုပ်ကိုင်နေရတယ်လို့လည်း သူကဆိုပါတယ်။
နယ်စပ်ကုန်သည်အများစုကတော့ နယ်စပ်ဂိတ်တွေအစား ရေကြောင်းနဲ့ လေကြောင်းကတစ်ဆင့် ကုန်သွယ်မှုမှာ ကုန်ပစ္စည်း အမျိုးအစား၊ အချိန်ကာလနဲ့ ကုန်ကျစရိတ်အပေါ် မူတည်ပြီး စိန်ခေါ်မှု အခက်အခဲတွေ ရှိနေတယ်လို့ ပြောဆိုနေကြပါတယ်။
ISP-Myanmar ရဲ့ ဧပြီလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုတန်ဖိုးဟာ ၉၄ ဘီလီယံကျော်ရှိပြီး အဲဒီအထဲက ၇၃ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ ၆၉ ဘီလီယံခန့်ကို ပင်လယ်ရေကြောင်းက ကုန်သွယ်နေတာ ဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်လိုက်တဲ့ ကုန်သွယ်ရေးစခန်း ခြောက်ခုရဲ့ ကုန်သွယ်မှုတန်ဖိုးဟာ ဒေါ်လာ ၁၄ ဒသမ ၈ ဘီလီယံနဲ့ ပြည်ပပို့ကုန်မှုရဲ့ ၁၆ ရာခိုင်နှုန်းနီးပါး ရှိနေပါတယ်။