တပ်ထောက်ခံသူတွေ စစ်ခေါင်းဆောင်အပေါ် ယုံကြည်မှုကျဆင်းနေပြီလို့ လေ့လာသူတွေပြော

RFA Burmese
2024.01.31
တပ်ထောက်ခံသူတွေ စစ်ခေါင်းဆောင်အပေါ် ယုံကြည်မှုကျဆင်းနေပြီလို့ လေ့လာသူတွေပြော ပြင်ဦးလွင်မြို့တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီထောက်ခံပွဲအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့က တွေ့ရစဉ်။
Myanmar Military

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရာထူးကနေ နုတ်ထွက်ဖို့ စစ်တပ်ဘက်က ရပ်တည်နေတဲ့ ပေါက်ကိုယ်တော် (ဦးအရိယာဝံသ) က ပြင်ဦးလွင်မြို့မှာ ဇန်နဝါရီ ၁၆ ရက်နေ့က ပြုလုပ်တဲ့တပ်ထောက်ခံပွဲမှာ ပြောဆိုလိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ဝန်ကြီးချုပ်ရာထူးဖြစ်တဲ့ အရပ်ဘက်ကိုပြောင်းပြီး၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို တပ်ချုပ်ရာထူးပေးဖို့ ပြောဆိုလိုက်တာပါ။

ဒီတောင်းဆိုမှုဟာ အာဏာသိမ်းထားတဲ့ သုံးနှစ်အတွင်းမှာ စစ်ကောင်စီရဲ့ ကျောထောက်နောက်ခံအဖြစ် လူသိများတဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေက စစ်ခေါင်းဆောင်နေရာမှာ လူစားလဲဖို့ ပထမဆုံးအကြိမ် ပြောလိုက်တာလည်း ဖြစ်ပါတယ်။

“လူသိများတဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေက စစ်ခေါင်းဆောင်နေရာမှာ လူစားလဲဖို့ ပထမဆုံးအကြိမ် ပြောလိုက်တာလည်းဖြစ်ပါတယ်”

ဘာကြောင့် ဒီလိုပြောဆိုလိုက်တာလဲ ဆိုတာသိရဖို့ ပေါက်ကိုယ်တော် ဦးအရိယာဝံသကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံမဖြေဆိုပါဘူး။

တပ်ချုပ်ရဲ့ စစ်ရေးအရ လုပ်ပုံကိုင်ပုံတွေကို အားမရတာကြောင့် အခုလို လူသိရှင်ကြား ထုတ်ဖော်တောင်းဆိုလာတာ ဖြစ်နိုင်တယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ယောက်က RFA ကိုပြောပါတယ်။

“ကိုယ့်အတွင်းထဲ ရောက်နေတဲ့ဌာနချုပ်ကိုတောင် ဗုံးမကြဲဘဲနဲ့ သူက NCA ဆိုတဲ့မျှော်လင့်ချက်ကြီးနဲ့ လုပ်နေတာတွေ၊ သဘောကတော့ လုပ်သင့်လုပ်ထိုက်တာတွေကို မလုပ်တာ။ နောက်တစ်ခုက ကိုယ့်ရဲ့ အမျိုးသားရေး အင်အားစုတွေကို လက်နက်တပ်ဆင်သင့်တာကို မတပ်ဆင်ဘဲနဲ့ အသေခံခိုင်းနေတာတွေ ဒါတွေကို အားမရတာဖြစ်မှာပေါ့။ ကိုင်တွယ်တာ ပျော့ညံ့တယ်လို့ ယူဆနေကြတာပေါ့။ ဒါကြောင့်မို့လို့ လုပ်သင့်လုပ်ထိုက်တာတွေကိုမလုပ်ဘဲ ညှာနေတာကိုပြောကြတယ်။ သူ့ကို လုံးလုံးကြီးဖယ်ပေးဖို့ကို ပြောတာမဟုတ်ဘူး။ နှစ်ခုအစား တစ်ခုကိုင်တွယ်လို့ ပြောတာပေါ့”

ပေါက်ကိုယ်တော်က အခုလိုပြောလိုက်ပြီးတဲ့နောက်မှာ စကားကို ထိန်းထိန်းသိမ်းသိမ်းပြောဆိုဖို့ သူ့ကို စစ်ကောင်စီဘက်က ခေါ်ယူသတိပေးတယ်လို့ သူက ဖြည့်စွက်ပြောဆိုပါတယ်။ သတိပေးခံရတယ် ဆိုတာကိုတော့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာပါဝင်နေတဲ့ CDM ဗိုလ်ကြီးညီသုတကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ် စစ်တပ်ထောက်ခံသူတွေ ယုံကြည်မှုကျဆင်းနေပြီလို့ သုံးသပ်ပါတယ်။

“အဓိကကတော့ မင်းအောင်လှိုင်အပေါ်မှာ ယုံကြည်မှု အားနည်းလာတယ်။ နောက်ဆုံး မရှိတော့တဲ့အထိ ဖြစ်နေပါတယ်။ ဒါပေမဲ့ သူတို့ပြောနေတဲ့အထဲမှာ မင်းအောင်လှိုင်ကို တပ်ချုပ်ရာထူးကနေ ဖယ်ပြီးမှ တခြားဝန်ကြီးလိုဟာမျိုး လုပ်ပါဆိုတဲ့အထိတော့ ပါနေသေးတယ်ပေါ့။ ဒါက အကန့်အသတ်နဲ့ ပြောတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သေချာတာတစ်ခုကတော့ မင်းအောင်လှိုင်ရဲ့ စစ်ရေးဦးဆောင်မှုကို လုံးဝ ယုံကြည်မှု မရှိတော့ဘူး ဆိုတာကတော့ တပ်တွင်းမှာရော၊ အပြင်မှာရော၊ နောက်တစ်ခါ သတိထားမယ်ဆိုရင် စစ်တပ်အရာရှိဟောင်းတွေရဲ့ မှတ်ချက်တွေမှာလည်း သိနိုင်ပါတယ်”

အမျိုးသား ညီညွတ်ရေး အစိုးရ NUG သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကတော့ စစ်တပ်အနေနဲ့ ဘေးကျပ်နံကျပ်ဖြစ်နေပြီလို့ သုံးသပ်ပါတယ်။

“စစ်ကောင်စီက ဘေးကျပ်နံကျပ် ရောက်နေပြီ။ စစ်ကောင်စီက ပြိုကွဲနေပြီ။ သူတို့ရဲ့ လက်အောက်ခံ ပြည်သူ့စစ်ဆိုတဲ့ဟာတွေလည်း သူတို့နဲ့ မပူးပေါင်းတော့ဘူး ဆိုတဲ့ဟာတွေလည်း ထွက်လာပြီ။ စစ်တပ်တွင်း ပြိုကွဲနေတယ်။ သူတို့ရဲ့ လက်ကိုင်တုတ်တွေကလည်း လမ်းခွဲလာကြပြီ။ သူတို့မှာ ကျရှုံးနေတယ်။ ဘေးကျပ်နံကျပ် ဖြစ်နေတယ်ဆိုတဲ့ဟာကို အာရုံလွှဲဖို့အတွက် လုပ်နေတယ်ဆိုတဲ့ဟာ ပြတာပါပဲ”

မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ စလိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ကျန်တဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးချုပ်တွေ အပါအဝင် အခြားအဆင့်တွေ လက်နက်ချတာ၊ အဖမ်းခံရတာ၊ ထွက်ပြေးတာ၊ တိုက်လေယာဥ်တွေ ပစ်ချခံရတာ၊ မြို့သုံးဆယ်ကျော် ဆုံးရှုံးတာ၊ စစ်စခန်းရာနဲ့ချီ လက်လွှတ်ဆုံးရှုံးတာတွေ ဖြစ်နေပါတယ်။

ပျူစောထီးခေါင်းဆောင် မဘသ ဆရာတော် ဦးဝါသဝနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ (Photo:  Citizen Journalist)
ပျူစောထီးခေါင်းဆောင် မဘသ ဆရာတော် ဦးဝါသဝနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ (Photo: Citizen Journalist)

ဒါကြောင့် အခုလိုဖြစ်စဉ်တွေအပေါ် စစ်တပ်ကျောထောက်နောက်ခံတွေဖြစ်တဲ့ အမျိုးသားရေး လှုပ်ရှားသူတွေက မခံမရပ်နိုင်ဖြစ်ပြီး အတိုက်အခံတွေအပေါ် ပြတ်ပြတ်သားသားကိုင်တွယ်ဖို့ ပိုဆိုးတဲ့အခြေအနေတစ်ရပ်ကို တွန်းပို့နေတာလို့ နိုင်ငံရေး အကဲခတ်တွေကလည်း သုံးသပ်နေကြပါတယ်။

စစ်တပ်မှာ ခေါင်းဆောင်မှု ပြဿနာဖြစ်လာတယ်လို့ ဆွီဒင်နိုင်ငံအခြေစိုက် ဥပဒေပညာရှင် ဦးအောင်ထူးက ထောက်ပြပါတယ်။

“မြန်မာနိုင်ငံမှာပေါ်ခဲ့တဲ့ စစ်အာဏာရှင် အဆက်ဆက်ထဲမှာဆိုရင် အမိုက်မဲဆုံးပုဂ္ဂိုလ်လို့ ပြောလို့ရတယ်။ စစ်ခေါင်းဆောင်အနေနဲ့ သူ့ကိုနေရာလဲဖို့ ကြိုးစားတဲ့နောက်မှာ ဗိုလ်ချုပ်ကြီးဟောင်း သန်းရွှေပါ ရှိနေရင်တောင် သူ့ကိုပါ အပြတ်ရှင်းလိမ့်မယ်လို့ ယူဆရတယ်။ အဲဒီတော့ ခြုံပြောရရင် တပ်ထဲမှာ ခေါင်းဆောင်မှုပြဿနာ ဖြစ်လာတယ်။ တပ်မတော်အတွင်းမှာ အုပ်စုဖွဲ့မှုတွေ ဖြစ်လာနေတာ တွေ့ရတယ်။ နေရာလုမှုတွေ ပေါ်လာနိုင်တယ်”

ပေါက်ကိုယ်တော်ရဲ့ တောင်းဆိုမှုဟာ စစ်ရေးအရ ပိုရက်စက်ကြမ်းကြုတ်ဖို့ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“စစ်တပ်က ကျဆုံးတာတွေ၊ လက်နက်ချတာတွေ၊ သမိုင်းမှာမကြုံဘူးလောက်အောင် များပြားလာတယ်။ အဲဒီလိုဖြစ်လာတဲ့အခါမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ အသိအမှတ်ပြု ထောက်ခံလာတဲ့လူတွေကိုယ်တိုင် လက်ထောက်စိုးဝင်းနဲ့ အစားထိုးပြီးတော့ ပိုမိုကြမ်းကြုတ်တဲ့စစ်ပွဲတစ်ရပ်ကို ဆင်နွှဲစေချင်တယ်ဆိုတဲ့ မဘသတွေရဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့အမြင်ကိုလည်း ကျွန်တော်တို့က လက်မခံနိုင်ပါဘူး”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်ပြီး အာဏာသိမ်းထားတဲ့ သုံးနှစ်နီးပါးကာလမှာ အိမ်တွေမီးရှို့ခံရတာ ရှစ်သောင်းနီးပါးရှိပြီလို့ Data for Myanmar အဖွဲ့က ဒီဇင်ဘာလကုန်မှာ ထုတ်ပြန်ထားပါတယ်။ အဖမ်းခံရတဲ့လူပေါင်း နှစ်သောင်းခွဲကျော်ရှိပြီး၊ လူလေးထောင်ကျော် သေဆုံးရတယ်လို့လည်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့သူပေါင်းကတော့ နှစ်သန်းခြောက်သိန်းကျော်ပြီလို့ ကုလသမဂ္ဂ UNOCHA က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။