မတရားမှုတွေကို လက်မခံပေမယ့် စစ်ကောင်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ SSPP ပြော

2022.08.03
မတရားမှုတွေကို လက်မခံပေမယ့် စစ်ကောင်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ SSPP ပြော ၂၀၂၂ ခုနှစ် သြဂုတ်လ ၃ ရက်နေ့မှာ နေပြည်တော်ကို ရောက်ရှိလာသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကိုယ်စားလှယ်အဖွဲ့ကို တွေ့ရစဥ်
Photo: Citizen Journalist

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်း ရေးနှစ်အဖြစ် သတ်မှတ်ထားပြီး လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေကို ထပ်မံတွေ့ဆုံ ဆွေးနွေးသွားမယ့်အကြောင်း ကာလုံအစည်းအဝေးအပြီး ဩဂုတ်လ ၁ ရက် မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

လောလောဆယ်မှာ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့နဲ့ အပစ်ခတ် ရပ်စဲရေး လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ သုံးဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့က စစ်ကောင်စီဥက္ကဋ္ဌရဲ့ ကမ်းလှမ်းချက်ကို လက်ခံထားပါတယ်။

အဲဒီထဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့သာ လက်တွေ့ဆွေးနွေးဖို့ ကျန်နေသေးပြီး ကျန် ကိုးဖွဲ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တစ်ကြိမ်စီ တွေ့ဆုံပြီးပါပြီ။

SSPP ပြောခွင့်ရ ဗိုလ်မှူး စိုင်းဘုန်းဟန် က မနက်ဖြန် ဩဂုတ်လ ၄ ရက်ကစလို့ နှစ်ရက်ကြာ နေပြည်တော်ကိုသွားရောက်ပြီး စစ်ကောင်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံမယ်၊ ဒါဟာ မတရားမှုတွေကို လက်ခံလို့မဟုတ်ဘဲ ပစ်ခတ်တိုက်ခိုက်မှုထက် တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကို ဦးစားပေးတာလို့ RFA ကို ပြောပါတယ်။

“တွေ့ဆုံဆွေးနွေးမှုကို လမ်းပိတ်လို့ပဲ ကျနော်တို့ SSA ကို တည်ထောင်ရခြင်း ဖြစ်တယ်။ ပစ်ခတ်တိုက်ခိုက်မှုထက် ကျနော်တို့က တွေ့ဆုံဆွေးနွေးမှုကို ဦးစားပေးတဲ့ အဖွဲ့ အစည်း ဖြစ်တာပေါ့။ မတရား ညှဉ်းပန်းနှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေရှိတာက ကျနော်တို့ရဲ့လုပ်ရပ် မဟုတ်ဘူးလေ။ ဒါက ကျနော်တို့လည်း လက်မခံပါဘူးဗျ။ လက်မခံတဲ့အပြင် ကျနော်တို့ ဆန့်ကျင်တာပေါ့။ ဒါက လူသားမဆန်မှုပဲ။ ဒါပေမဲ့ တွေ့ဆုံဆွေးနွေးမှုက တစ်ပိုင်းဗျ။ ဒီလုပ်ရပ်တွေဟာ ကျနော်တို့ လုံးဝဆန့်ကျင်တယ် ဆိုတဲ့အကြောင်း ကျနော်တို့ ပြောမှာပဲဗျာ။ ကျနော်ပြောတာကတော့ သလဲသီးလိုပဲ အကန့်လိုက် အကန့်လိုက်ပဲ”

စစ်ကောင်စီတပ်နဲ့ SSPP တပ်ဖွဲ့အကြား မိုင်းရှူးမြို့နယ်အတွင်းက တပ်စခန်းတွေ ဆုတ်ခွာ ရေးညှိနှိုင်းမှု အဆင်မပြေတာကြောင့် တခြားအဖွဲ့တွေ တွေ့ဆုံချိန်မှာ မတွေ့နိုင်ဘဲ ကြန့် ကြာနေခဲ့တာဖြစ်ပါတယ်။

မနက်ဖြန်တွေ့ဆုံမှုမှာတော့ မပြေလည်သေးတဲ့ မိုင်းရှူးမြို့နယ်အတွင်းက SSPP တပ်စခန်းသုံးခု ဆုတ်ခွာရေးကိစ္စ အပြင် လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးဖို့ရှိနေပြီး အသေးစိတ်ကိုတော့ တွေ့ဆုံမှုပြီးမှသာ ထုတ်ပြန်မယ်လို့ ဗိုလ်မှူး စိုင်းဘုန်းဟန် က ပြောပါတယ်။

စစ်ခေါင်းဆောင်ဘက်ကတော့ အာဏာသိမ်း ၁၈ လအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံမှု ကိုးကြိမ်၊ ညှိနှိုင်းရေးကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အပါအဝင် နိုင်ငံရေးပါတီတွေ ငြိမ်ချမ်းရေးကို လိုလားတဲ့အဖွဲ့တွေနဲ့ တွေ့ဆုံမှု ၇၅ ကြိမ် အထိရှိခဲ့တယ်လို့ သူ့ရဲ့ ဩဂုတ် ၁ ရက် မိန့်ခွန်းမှာ ပြောသွားပါတယ်။

ပထမတစ်ကြိမ် တွေ့ဆုံပြီးသားအဖွဲ့တွေကိုလည်း ဒုတိယအကြိမ် ထပ်မံတွေ့ဆုံနိုင်ဖို့ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ပထမအကြိမ်တွေ့ဆုံမှုမှာ ပါဝင်ခဲ့တဲ့ PPST အဖွဲ့ဝင် အပစ်ရပ် ခုနစ်ဖွဲ့ ကတော့ စစ်ခေါင်းဆောင်နဲ့ ထပ်မံ တွေ့ဆုံဖို့ဆိုတာ အဖွဲ့အတွင်းမှာ မဆွေးနွေးနိုင်သေးလို့ အခုချိန်မှာ ပြောဖို့ခက်တယ်လို့ PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့် က ပြောပါတယ်။

“ဒီသတင်းထွက်လာပြီးနောက် ကျနော်တို့လည်း PPST အနေနဲ့ တိုင်ပင်ဆွေးနွေးမှုက မလုပ်နိုင်သေးဘူးပေါ့လေ။ ဒီအပေါ်မှာတော့ PPST ရဲ့ သဘောထားဆို ကျနော်လည်း ပြောရခက်တယ်။ တစ်ဖွဲ့ချင်းစီ ဖိတ်တယ်၊ တစ်ဖွဲ့ ချင်းစီ သွားတယ်ဆိုပေမယ့်လည်း လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းအရ PPST အစည်းအဝေးမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေ ပြန်လည်တိုင်ပင် ဆွေးနွေးပြီးမှ ဆက်လက်ဆောင်ရွက်မယ်လို့ ကျနော် နားလည်ထားပါတယ်”

ပထမအကြိမ်တွေ့ဆုံမှုမှာ တစ်ဖွဲ့ချင်းစီ ဆွေးနွေးခဲ့ကြတာဖြစ်လို့ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ လွှမ်းခြုံတဲ့ ဆွေးနွေးမှုမျိုး မရှိခဲ့ဘူးလို့ စစ်ခေါင်းဆောင်နဲ့ ပထမအကြိမ်တွေ့ဆုံ ထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO) ရဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

"ပစ်ခတ်တိုက်ခိုက်မှုထက် ကျနော်တို့က တွေ့ဆုံဆွေးနွေးမှုကို ဦးစားပေးတဲ့ အဖွဲ့ အစည်းဖြစ်တာပေါ့"

လက်ရှိ တွေ့ဆုံနေတဲ့အဖွဲ့တွေရဲ့ ယခင်တောင်းဆိုချက်တွေနဲ့ လက်ရှိ နိုင်ငံရေး အခင်းအကျင်းတွေအပေါ်မှာ စစ်ခေါင်းဆောင်ဘက်က လိုက်လျောတာတွေ မရှိရင်တော့ ထပ်မံတွေ့ဆုံလည်း ဘာမှ ထူးလာမှာ မဟုတ်ဘူးလို့လည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဆိုပါတယ်။

“ဖြေလျှော့နိုင်သမျှ ဖြေလျှော့ဖို့ပေါ့ဗျာ။ နောက်ပြီးတော့ ပြည်သူလူထုတွေအတွက် စီးပွားရေးဘက်ကကော၊ နိုင်ငံရေးဘက်ကကော အားလုံးတင်းကျပ်မှုတွေကို ဖြေလျှော့ နိုင်ရင်တော့ ဆွေးနွေးရတာလည်း ဆွေးနွေးပွဲမှာ မျှော်လင့်ချက်တွေ၊ ဘာတွေရှိလာနိုင် တာပေါ့။ အဲလိုအခြေအနေမဟုတ်ဘဲ ဆွေးနွေပွဲရိုးရိုးဆိုရင်တော့ အခြေအနေကလည်း မပြောင်း၊ တစ်ခါဆွေးနွေး၊ နှစ်ခါဆွေးနွေးဆိုရင်တော့ ကျနော်တို့ အချည်းအနှီးဖြစ် တတ်တာပေါ့ဗျာ။ အဲ့ဒါကြောင့် ကျနော်တို့ကလည်း ဆွေးနွေးပွဲနဲ့ သင့်တော်တဲ့ နိုင်ငံရေးဝန်းကျင်ကို ဖန်တီးပေးဖို့ပေါ့၊ ပြောရရင်တော့ အဓိပ္ပာယ်က အများကြီးရှိတာ ပေါ့ဗျာ”

စစ်ခေါင်းဆောင်အနေနဲ့ ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက တားမြစ် နေတဲ့ကြားက ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် လေးဦးကို ကြိုပေးစီရင်ခဲ့ပြီးတဲ့နောက်ပိုင်း စစ်ခေါင်းဆောင် ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေပေါ်မှာ အာဆီယံနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ က ယုံကြည်မှု လျော့နည်းသွားတာ တွေ့ရတယ်လို့လည်း လုံခြုံရေးဆိုင်ရာ ဘာသာရပ် လေ့လာသူ ကိုကျော်စောဟန် က သုံးသပ်ပါတယ်။

စစ်ခေါင်းဆောင်အနေနဲ့ ၂၀၂၂ ကို ငြိမ်းချမ်းရေးနှစ်အဖြစ် ကြွေးကြော်နေပေမယ့် လက်ရှိ တွေ့ဆုံနေတဲ့ အဖွဲ့ တွေဟာ စစ်တပ်နဲ့ အမှန်တကယ်တိုက်ပွဲဖြစ်နေတာ မရှိသလို၊ တိုက်ပွဲ ဖြစ်နေတဲ့အဖွဲ့တွေ ပါဝင်လာအောင် မစည်းရုံးနိုင်တဲ့အတွက် စစ်ခေါင်းဆောင်မျှော်မှန်းတဲ့ ငြိမ်းချမ်းရေးဟာ လက်တွေ့ဖြစ်လာဖို့ ခက်ခဲလိမ့်မယ်လို့ ကိုကျော်စောဟန် က မှတ်ချက် ပေးပါတယ်။

“ကိုဇေယျာသော်တို့၊ ကိုဂျင်မီတို့ကို ကြိုးပေးကွပ်မျက်တဲ့ကိစ္စက အာဆီယံတို့၊ UN တို့နဲ့ အနီးစပ်ဆုံးစကားပြောနေတဲ့ ပြည်တွင်းမှာရှိတဲ့ အပစ်ခတ်ရပ်စဲရေးလုပ်ထားတဲ့ PPST လို အဖွဲ့ကအစ လှုပ်ရှားဆောင်ရွက်ရတာ တော်တော် အကျပ်အတည်းဖြစ်စေတာပေါ့ နော်။ နောက်ပြီး တွေ့နေတဲ့အဖွဲ့ကလည်း တိုက်နေတဲ့အဖွဲ့တွေ မဟုတ်ဘူးပေါ့နော်။ PDF တွေနဲ့ လက်တွဲပြီးလုပ်နေတဲ့အဖွဲ့က ခြောက်ဖွဲ့လောက်ပဲ ရှိတာပေါ့နော်။ အထူးသဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပဋိပက္ခဖြစ်စဉ်တွေမှာ အဓိကပါနေတဲ့ အဖွဲ့တွေက ဒီအဖွဲ့တွေပေါ့။ ဒီအဖွဲ့တွေမပါတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ အတော်ကို အခက် အခဲဖြစ်လိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျ”

ရှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်မှာ စစ်ကောင်စီငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် SSPP တပ်ဖွဲ့တာဝန်ရှိသူတွေ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့မှာ တွေ့ဆုံဆွေး‌နွေးစဥ် (Photo: SSPP Info)
ရှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်မှာ စစ်ကောင်စီငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် SSPP တပ်ဖွဲ့တာဝန်ရှိသူတွေ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့မှာ တွေ့ဆုံဆွေး‌နွေးစဥ် (Photo: SSPP Info)

စစ်ခေါင်းဆောင်အနေနဲ့ ပြည်တွင်းမှာ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေကြောင်း သက်သေပြဖို့ အတွက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံ ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီး ပရက်ဆော့ခွန်းရဲ့ ခရီးစဉ်မှာ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံနိုင်ဖို့ ဆောင်ရွက်ပေးခဲ့ပါတယ်။

နိုင်ငံရေး၊ စစ်ရေးနဲ့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကတော့ စက်တင်ဘာလလယ်ပိုင်းမှာ တတိယအကြိမ်လာရောက်မယ့် အာဆီယံအထူးသံရဲ့ ခရီးစဉ် မှာလည်း စစ်ခေါင်းဆောင်အနေနဲ့ ပြည်တွင်းမှာ ငြိမ်းချမ်းရေးဆောင်ရွက်နေကြောင်း ကမ္ဘာ ကိုပြနိုင်ဖို့ သူ့ကမ်းလှမ်းချက်ကို လက်ခံထားတဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ထပ်မံခေါ်တွေ့ပြီး အသုံးချလိမ့်မယ်လို့ RFA ကို ပြောပါတယ်။

ဒါ့ကြောင့် အပစ်ရပ်တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့ တွေအနေနဲ့ ၁၈ လတာ ကာလ အတွင်း စစ်ခေါင်းဆောင်ရဲ့ မအောင်မြင်တဲ့ အယောင်ပြ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်တွေကို ပြန်သုံးသပ်ဖို့ လိုအပ်တယ်လို့လည်း ဦးသန်းစိုးနိုင် က တိုက်တွန်းသွားပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်ကို NCA ထိုးထားတဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နဲ့ စုစည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ထဲက ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားအစည်းအရုံး ကရင်အမျိုးသားတပ်မတော် (KNU/KNLA PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိူးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) စတဲ့ ခုနစ်ဖွဲ့က လက်ခံထားပြီး တစ်ကြိမ်စီ တွေ့ဆုံပြီးပါပြီ။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA မထိုးရသေးတဲ့အထဲကတော့ UWSA “ဝ” တပ်ဖွဲ့၊ NDAA မိုင်းလားတပ်ဖွဲ့တို့က စစ်ခေါင်းဆောင်ရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံပြီး တစ်ကြိမ်စီ တွေ့ဆုံထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။